ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာမ လိမ်လည်မှု ဆိုတာဘာလဲ။ ရည်းစားထားရတာ အန္တရာယ်ရှိနေသလား။
လိမ်လည်ပြီး ကာမရယူမှုနဲ့ တရားစွဲတာတွေ ခပ်စိပ်စိပ်ကြားလာနေရတယ်။ အဲသလိုကြားလာရတာနဲ့အမျှ ဂိုဏ်းနှစ်ဂိုဏ်းသိသိသာသာ ကွဲလာတယ်။ ဒီပုဒ်မနဲ့တရားစွဲတာကိုထောက်ခံသူဂိုဏ်းနဲ့ ကန့်ကွက်သူဂိုဏ်း။
"မိန်းကလေးတယောက်ကို ယူပါမယ်ပြောပြီးအတူအိပ်၊ ပြီးတော့ မယူဘဲထားခဲ့တာ တရားသလား။"
"ဖိုနဲ့မ သဘောတူအိပ်တုန်းကအိပ်ပြီး နောင်မှ တရားစွဲတာ ဖြစ်သင့်သလား။"
"မိန်းကလေးတွေကို ယောက်ျားလေးတွေက ကျောရရုံအပျော်ကြံတာ မိန်းကလေးတွေဘက်က မနစ်နာဘူးလား။"
"နစ်နာတယ်ထင်ရင် အစကတည်းက အတူမအိပ်နဲ့ပေါ့။"
"ယူမယ်ထင်လို့ အတူအိပ်တာပေါ့။ မယူမှန်းသိရင် ဘယ်သူကအိပ်မှာလဲ။"
"မိန်းကလေးတွေကို အခွင့်အရေးယူပြီး တာဝန်မယူချင်တဲ့လူတွေကို ခွင့်ပြုရမှာလား။"
"ကိုယ့်ရည်းစားနဲ့ကိုယ် နှစ်ယောက်သဘောတူ အတူအိပ်မိတာနဲ့ ထောင်ကျရတော့မှာလား။"
ဒီလိုအငြင်းပွားမှုတွေက တဖြည်းဖြည်းကျယ်သထက်ကျယ်လာတယ်။ ဘာ့ကြောင့် ဒီလောက်အငြင်းပွားစရာဖြစ်နေရတာလဲ။
လိမ်လည်ပြီးကာမရယူမှုဆိုတာဘာလဲ။
"မြန်မာနိုင်ငံမှာ ကာမလိမ်လည်မှုနဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိပါဘူး။ ဒါပေမယ့်အမျိုးသမီးတယောက်ကို ယုံကြည်အောင်ပြောဆိုပြီးတော့ သူနဲ့အတူကာမဆက်ဆံပြီးမှ မယူတော့ဘူးဆိုလို့ရှိရင် ရာဇသတ်ကြီးက ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၁၇ နဲ့စွဲတာတွေ ကျွန်မတို့တွေ့ရပါတယ်။"
ဥပဒေဆိုင်ရာ ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီပါ။ သူပြောတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၁၇ ကလိမ်လည်မှုဖြစ်ပါတယ်။
ပုဒ်မ ၄၁၇ မှာဒီလိုဆိုထားပါတယ်။
"မည်သူမဆိုလိမ်လည်မှုကျူးလွန်လျှင်၊ ထိုသူကို တနှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်။"
နောက်ပိုင်းမှာ ဥပဒေပြင်ဆင်ချက်အရ ထောင်ဒဏ်ကိုတိုးမြှင့်ထားပါတယ်။ ၃ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ပါတယ်။
"အဲဒီပုဒ်မရဲ့ အဓိကအချက်ကတော့ ကာမ မယူခင် လက်ထပ်မယ်ဆိုရင်လည်း လက်ထပ်မယ်ဆိုတာကို ယုံကြည်အောင်ပြောဆိုထားရတဲ့ဟာတွေရှိရမယ်။ ဥပမာ ကောင်မလေး တယောက်နဲ့ အခုတွေ့တယ်၊ အခုသွားအိပ်လိုက်ကြတယ်။ အဲဒီကြားထဲမှာ ယုံကြည်အောင် နင့်ကိုငါယူပါမယ်ဆိုတဲ့ ပြောဆိုထားတာတွေ လက်ထပ်မယ်လို့ ပြောဆိုထားတာတွေ မရှိဘူးဆိုရင် လိမ်လည်ပြီး ကာမရယူမှုနဲ့ တရားစွဲဖို့ခက်ပါတယ်။"
လို့ ဒေါ်လှလှရီကဆိုပါတယ်။
ဒီတော့ ဒီပုဒ်မနဲ့အပြစ်ဒဏ်ချမှတ်ဖို့ရာ အဓိကအချက်ကြီး ၂ ချက်လိုအပ်ပါတယ်။ လိမ်လည်ခြင်းနဲ့ ကာမရယူခြင်းဖြစ်ပါတယ်။
ကာမ ရယူပေမယ့် မလိမ်လည်ခဲ့ရင် ဒီပုဒ်မနဲ့ အကျုံးမဝင်ပါဘူး။
လိမ်လည်ပေမယ့် ကာမ မရယူခဲ့ရင်လည်း လိမ်လည်၍ကာမရယူခြင်းမခေါ်နိုင်ပါဘူး။ တခြားလိမ်လည်မှုနဲ့သာ တရားစွဲဆိုလို့ရပါလိမ့်မယ်။
ပုဒ်မ ၄၁၇ ရဲ့ပြဋ္ဌာန်းချက်မှာ တကယ်တော့ ကာမဆိုတဲ့စကားလုံးတလုံးမှ မပါပါဘူး။ ဒါဆိုရင်လိမ်လည်၍ ကာမ ရယူခြင်းဆိုတဲ့ ဥပဒေဝေါဟာရက ဘယ်လိုပေါ်ပေါက်လာတာပါလဲ။
အငြင်းပွားခဲ့ရတဲ့ ပုဒ်မ ၄၁၇
ပုဒ်မ ၄၁၇ ဟာ ရာဇသတ်ကြီးဥပဒေရဲ့ အခန်း ၁၇ ၊ ပစ္စည်းကိုထိခိုက်သည့် ပြစ်မှုများအခန်းထဲမှာပါဝင်တာပါ။ ပစ္စည်းကိုထိခိုက်မှ ဒီပုဒ်မ ၄၁၇ နဲ့ငြိစွန်းမယ်လို့ အတိအလင်းဆိုထားပါလျက်နဲ့ ဘာ့ကြောင့် လိမ်လည်ပြီး ကာမရယူမှုကို ဒီပုဒ်မနဲ့ စွဲနေရသလဲ။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က အခုလိုဆိုပါတယ်။
"အရင်ကတော့ သာမန်အားဖြင့် ပစ္စည်းကိုလိမ်တာ၊ ငွေကိုလိမ်တာ အဲဒါမျိုးကို ဒီပုဒ်မနဲ့စွဲတယ်။ ပစ္စည်းကိုထိခိုက်စေတဲ့ပြစ်မှုများလို့ ဆိုထားတာကိုး။ နောက်ပိုင်းကျတော့ အမျိုးသမီးတွေက သူတို့ကိုလိမ်လည်ပြီးတော့ ကာမရယူလို့ အရှက်တကွဲအကျိုးနည်းဖြစ်တယ်၊ ကိုယ်ဝန်တွေဘာတွေရှိတယ်ဆိုရင် အဲဒီယောက်ျားကို တရားစွဲဖို့ ပုဒ်မ ၄၁၇ ကိုသုံးလာကြတယ်။ အစောပိုင်းတုန်းက မရဘူးဗျ။ တရားရုံးတွေက လက်မခံဘူး။ ဒါပေမယ့် ၁၉၆၄ ခုနှစ်လောက်မှာ စီရင်ထုံးအထိဖြစ်သွားတဲ့ အမှုတခုရှိသွားတယ်။ အမျိုးသမီးတွေဆီက ကာမလိမ်လည်ပြီး ရယူတာဟာ သူ့မှာဂုဏ်သိက္ခာထိခိုက်သွားတယ်။ အဲဒီတော့ ဂုဏ်သိက္ခာဆိုတာဟာ ဒါ အဖိုးတန်တဲ့ပစ္စည်းတခုဖြစ်တယ်။ ဒါ့ကြောင့် ဂုဏ်သိက္ခာကို ထိခိုက်စေတာကို ပစ္စည်းကို ထိခိုက်တဲ့ပြစ်မှုနဲ့ တရားစွဲခွင့်ပြုလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ဒီလိုအမှုမျိုးကို ၄၁၇ နဲ့စွဲလာကြတာပါပဲ။ နောက်ပိုင်းမှာ လိမ်လည်မှုကို ပိုပြီးတိကျအောင်ဆိုပြီး ကာမလိမ်လည်မှုလို့ ရှေ့ကတပ်လိုက်တာပဲ။ ရာဇသတ်ကြီးမှာ သူ့အတိအကျကတော့ လိမ်လည်မှုပါပဲ။"
ယုံကြည်လောက်အောင် ပြောဆိုလိမ်လည်မှု
လိမ်လည်၍ ကာမရယူခြင်းကို ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုဖို့ဆိုရင် လက်ထပ်ပါမယ်လို့ လိမ်လည်ပြောဆိုခဲ့မှ အပြစ်ဒဏ်မြောက်ပါတယ်။ လိမ်လည်ပြောဆိုမှုဟာ ယုံကြည်လောက်တဲ့ အနေအထားရှိမှလည်း လိမ်လည်မှုမြောက်ပါတယ်။ အစကတည်းက ယုံကြည်လောက်စရာမရှိတဲ့ ပြောဆိုချက်ကို အမျိုးသမီးက ယုံကြည်ပြီး ကာမပေးအပ်ခဲ့ရင် ပြစ်မှုမမြောက်ဘူးဆိုတဲ့ စီရင်ချက်တခုရှိခဲ့တဲ့ အကြောင်း ဦးခင်မောင်ဇော်က အခုလိုရှင်းပြပါတယ်။
"စီရင်ထုံးတခုရှိတယ်ဗျ။ ဘုန်းကြီးက မာတုဂါမနဲ့ လွန်လွန်ကျွံကျွံဖြစ်ပြီး မယူဘူးပေါ့ဗျာ။ လူထွက်ပြီးယူပါမယ်လို့လိမ်လည်ပြီး ကာမရယူပါတယ်ဆိုပြီး မာတုဂါမက စွဲတယ်ဗျ။ အဲဒီတော့ တရားရုံးက ဘယ်လိုဆုံးဖြတ်သလဲဆိုတော့ ဒီအမျိုးသမီးဟာ ဘုန်းကြီးက မိန်းမမယူရဘူးဆိုတာသိပြီးဖြစ်ရမယ်။ ဘုန်းကြီးက မိန်းမယူမယ်ဆိုတာဟာ မယုံသင့်တာကိုယုံကြည်ပြီး ကာမပေးအပ်ခဲ့တာဖြစ်တဲ့ အတွက် ဒါဟာ ယုံလို့အလိမ်ခံရတာ မဟုတ်ဘူး။ နှစ်ဦးသဘောတူဖောက်ပြန်ခဲ့ကြတာ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။"
မယားကြီးရှိသူ ယောက်ျားတယောက်က ငွေကြေးနဲ့ ပစ္စည်းပေးဖျားယောင်းသိမ်းသွင်းတာမျိုး၊ တိုက်ခန်းငှားပေးတာမျိုးလုပ်ပြီး ဆင်းရဲတဲ့ အမျိုးသမီးကို အငယ်အနှောင်းပြုတဲ့ ဖြစ်စဉ်မျိုးမှာလည်း လက်ထပ်ပါမယ်လို့ ကတိခံဝန်ချက်ပေးထားတာမျိုးမရှိရင် ရာဇဝတ်မှုမမြောက်ပါဘူး။ အငယ်အနှောင်းအဖြစ်ထားပြီး ကိုယ်ဝန်ရှိလာတော့မှ စွန့်ပစ်သွားတာမျိုးကို တရားမမှုအရ နစ်နာမှုကိုသာ လျှောက်ထားတောင်းခံနိုင်ခွင့်ရှိပါတယ်။
ဒါပေမယ့် ဒီလို ဘုန်းကြီးက လိင်အမြတ်ထုတ်တဲ့ဥပမာမျိုး၊ မယားကြီးရှိသူက ငွေကြေးပစ္စည်း ရယူပြီး နစ်နာအောင်ပြုတဲ့အပြုမူမျိုးကတော့ အမျိုးသမီးဘက်က သိသိသာသာ နစ်နာစေတဲ့အတွက် ရာဇဝတ်မှုကြောင်း အရပါ အရေးယူလို့ရအောင် ဥပဒေကို ပြန်လည်သုံးသပ်တာမျိုးတွေ လုပ်ဖို့ လိုအပ်နေပြီလို့ ယူဆကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။