ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး အချက် ၅ ချက်
အားလုံးနဲ့ဆိုင်တဲ့ လူ့အခွင့်အရေးကြေညာချက် Universal Declaration of Human Rights ဟာ ဒီဇင်ဘာလ ၁၀ ရက်၊ တနင်္လာနေ့မှာ နှစ် ၇၀ ပြည့်ပါပြီ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ် ဆိုပြီး မကြာခဏအဝေဖန်ခံရပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု အခံရဆုံးအချက်တွေက ဘယ်အချက်တွေပါလဲ။
၁။ အသက်ရှင်ပိုင်ခွင့်
လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၃ က ဒီလိုဖော်ပြထားတယ်။
"လူတိုင်းအသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံမှုရပိုင်ခွင့်ရှိသည်။"
ဒီအချက်ဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံး၊ အဆိုးဆုံးအချက်လို့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ထောက်ပြပါတယ်။
"အသက်ရှင်သန်ပိုင်ခွင့်ဟာ ဘယ်လောက်ထိအောင် ချိုးဖောက်ခံနေရသလဲဆိုတော့ မြန်မာနိုင်ငံထဲမှာ စစ်ရာဇဝတ်မှု၊ လူသားဆန့်ကျင်ပြစ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်ဆိုပြီးတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးမှာ တရားစွဲတင်သင့်တယ်ဆိုပြီး ထောက်ခံတင်ပြတဲ့ အဆင့်ထိတောင်ရောက်နေပါပြီ"
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ မြန်မာ့တပ်မတော်က ကြီးမားဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က စွပ်စွဲထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂ဝ၁၇ ခု သြဂုတ်လနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးမှာ ရိုဟင်ဂျာတွေကို အစိုးရစစ်တပ်က သတ်ဖြတ်၊ မီးရှို့မုဒိမ်းကျင့်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတော့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်တို့ရဲ့ တိုက်ပွဲတွေအတွင်းမှာ အစိုးရစစ်တပ်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
၂။ အခြေခံလွတ်လပ်ခွင့်များအချိုးဖောက်ခံရခြင်း
လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၃ မှာ လွတ်လပ်ခွင့်ကိုလည်း ထည့်သွင်းထားတာကို စောစောကသတိပြုမိမှာပါ။
"လူတိုင်းအသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လုံခြုံမှုရပိုင်ခွင့်ရှိသည်။"
အပိုဒ် ၈ မှာတော့
"အခြေခံဥပဒေက ခွင့်ပြုအပ်နှင်းထားသော အခြေခံအခွင့်အရေးများကို ဖောက်ဖျက်သွေဖည်သောလုပ်ရပ်များအတွက် သက်ဆိုင်ရာနိုင်ငံတရားရုံးများတွင် ပြင်ဆင်ကုစားခွင့် လျှောက်ထားရယူနိုင်သော အခွင့်အရေး လူတိုင်းတွင်ရှိရမည်။"
လို့ဆိုထားပါတယ်။
အပိုဒ် ၁၉ မှာတော့
"လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ခွင့်၊ မိမိအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိရမည်။"
လို့ဆိုထားပါတယ်။
အပိုဒ် ၂ဝ မှာတော့
"ငြိမ်းချမ်းစွာစုဝေးမှုကို လွတ်လပ်စွာပြုလုပ်ခွင့်ရှိရမည်။ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ရှိရမည်။ မည်သူ့ကိုမျှ အသင်းအဖွဲ့များတွင် မပါဝင်အောင် တားဆီးခြင်းမပြုရ။"
လို့ဆိုထားပါတယ်။
အဲဒီလူ့အခွင့်အရေးကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေဟာ ဆုံးရှုံးနေတယ်လို့ ဦးအောင်ထူးက ဆိုပါတယ်။
"ဒုတိယအချက်ကတော့ Right to Liberty လို့ခေါ်တဲ့ အခြေခံလွတ်လပ်ခွင့်တွေ ဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးခွင့်စုဝေးခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ စီတန်းလှည့်လည်ခွင့်တွေဟာလည်းပဲ ထိပ်ဆုံးကနေ လွတ်လပ်စွာပြောဆိုခွင့်ကစပြီး အကြီးအကျယ်ဆုံးရှုံးနေပါတယ်"
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်နေတယ်လို့ နာမည်ကြီးနေတဲ့ ဆက်သွယ်ရေးပုဒ်မဟာ ဆက်လက်ရှိနေဆဲ၊ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။
သတင်းထောက်တွေကို သူတို့ရေးသားတဲ့ သတင်းတွေကို အကြောင်းပြုပြီး ဖမ်းဆီးတရားစွဲဆိုမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
တရားမဝင်အကြေညာခံထားရတဲ့ အသင်းအဖွဲ့တွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်ထားပေမယ့် ခွင့်ပြုချက်ကြိုမတင်ရင် အဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေတွေမှာ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြဖို့ ကြိုတင်အကြောင်းမကြားရင် အကြောင်းမကြားသူ ပုဂ္ဂိုလ် တဦးတယောက်ကိုသာ တရားစွဲဆိုခွင့်ရှိတာဖြစ်ပေမယ့် မြန်မာနိုင်ငံက ငြိမ်းစုစီ ဥပဒေမှာတော့ ကြိုတင်အကြောင်းမကြားရင် ခွင့်ပြုချက်မတင်ရင် စီတန်းလှည့်လည်ပွဲတခုလုံးဟာ တရားမဝင်ဖြစ်သွားတဲ့အတွက် ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ လူစုခွဲနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
၃။ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်
"တတိယတခုကတော့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ဖြစ်တယ်။ အထူးသဖြင့် မြေယာနဲ့ ပတ်သက်လို့ပါပဲ။ မြေယာနဲ့ ပတ်သက်ပြီးတော့ တဦးချင်းပိုင်ဆိုင်ခွင့်တွေလည်း ဆုံးရှုံးတယ်။ တိုင်းရင်းသားဒေသတွေမှာ မြေယာအပေါ်မှာ စုပေါင်းပိုင်ဆိုင် အသုံးချခွင့်တွေဟာလည်းပဲ ရစရာမရှိအောင် ဆုံးရှုံးနေပါတယ်" လို့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကဆိုပါတယ်။
မြေသိမ်းယာသိမ်းမှုဟာ မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ခဲ့ပြီး၊ ဖြစ်နေဆဲလည်း ဖြစ်ပါတယ်။
လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၇ မှာတော့
"လူတိုင်းတွင် တဦးချင်းအလိုက်သော်လည်းကောင်း အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိသည်။"
လို့ ဖော်ပြထားပါတယ်။
၄။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
ဦးအောင်ထူးက Right to Self-determination လို့ခေါ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဆုံးရှုံးနေတယ်လို့လည်း ဆိုပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ နယ်မြေတွေ ပြည်နယ်တွေမှာ သူတို့ကြမ္မာကိုသူတို့ ဖန်တီးခွင့်ဆုံးရှုံးနေတယ်။ သူတို့ဘဝ သူတို့စီမံခန့်ခွဲပိုင်ခွင့် ဆုံးရှုံးနေတယ်။ အထူးသဖြင့် သဘာဝသယံဇာတတွေအပေါ်မှာ စီမံခန့်ခွဲပိုင်ခွင့်ဟာ လုံးဝနီးပါး ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုတော့ ကုလသမဂ္ဂက ပြဋ္ဌာန်းတဲ့ အများပြည်သူရဲ့နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာစာချုပ် International Covenant on Civil and Political Rights နဲ့ စီးပွား၊ လူမှု၊ ယဉ်ကျေးမှု ဆိုင်ရာ နိုင်ငံတကာစာချုပ် international covenant on economic social and cultural rights တို့မှာ ဖော်ပြထားပါတယ်။
၅။ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်
လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် ၁၈ မှာ
"လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်ရှိသည်" လို့ ပြဋ္ဌာန်းထားပါတယ်။
ရှေ့နေဦးအောင်ထူးကတော့
"နောက်ဆုံးတချက်ကတော့ Freedom of Conscience and Religion ဖြစ်တယ်။ လွတ်လပ်စွာယုံကြည်မှုနဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်တွေဟာလည်း အခုနောက်ပိုင်းမှာ သိသာစွာဆုံးရှုံးနေပါတယ်"
လို့ဆိုပါတယ်။
ရိုဟင်ဂျာတွေနဲ့ မွတ်စလင်ဘာသာဝင်တွေကို အမုန်းစကားဖြန့်ချိနေတယ်လို့ ဆိုပြီး ဖေ့စ်ဘုတ်က တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကောင့်နဲ့ တပ်မတော်နဲ့ သက်ဆိုင်တဲ့ အကောင့်တချို့ကို ပိတ်ခဲ့ပါတယ်။
ချင်းပြည်နယ်ဟားခါးမြို့မှာ ခရစ်ယာန်လက်ဝါးကပ်တိုင်ကြီးကို ဦးဆောင်ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲခံရသူ သူရဦးအောင်ကိုဟာ သာသနာရေးနဲ့ ယဉ်ကျေးမှု၀န်ကြီးအဖြစ် တာဝန်ယူထားပြီး ဒီဇင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေကို သူပြောခဲ့တဲ့ စကားတချို့ကြောင့် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
အစွန်းရောက်ဘာသာကြီးတခုလို့ ဦးအောင်ကိုက ပြောခဲ့တဲ့ အပေါ် သတင်းထောက်တွေက မေးမြန်းရာမှာ အစွန်းရောက်ဘာသာကြီးဆိုတာ ဘင်္ဂါလီကို ပြောတာပါလို့ ပြန်ဖြေခဲ့ပါတယ်။
ဒီအချက်ကြီး ၅ ချက်အပြင်၊ နှိပ်စက်ညှဉ်းပန်းမှု၊ မျှတတဲ့ တရားစီရင်မှုဆိုင်ရာရပိုင်ခွင့်၊ သံသယနဲ့ ဖမ်းဆီးချုပ်နှောင်မှုကကင်းလွတ်ခွင့်၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်၊ လွတ်လပ်စွာမိသားစု ထူထောင်ခွင့်၊ လွတ်လပ်စွာ နိုင်ငံသား ဖြစ်ခွင့်တွေမှာလည်း လူ့အခွင့်အရေးအချိုးဖောက်ခံရတာတွေ ရှိပေမယ့် အဆိုးဆုံးကတော့ အခုဖော်ပြခဲ့တဲ့ အချက်ကြီး ၅ ချက်လို့လူ့အခွင့်အရေးရှေ့နေဦးအောင်ထူးက ဆိုပါတယ်။