ဒုက္ခသည်စခန်းမှ ဘုရင်မကြီး ဂုဏ်ပြုတပ်ဖွဲ့ဆီသို့

    • ရေးသားသူ, ရီရီအောင်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။

ထိုင်းမြန်မာ နယ်စပ် အုန်းဖြန် ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့တဲ့ ကရင်အမျိုးသမီး နော်အနီတာ အောင်ခင်ဟာ အခုတော့ ဗြိတိသျှ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေပြီး ဘုရင်မကြီးရဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါပြီ။

ဗြိတိသျှ တပ်မတော်မှာ သူ့ရဲ့အဓိကအလုပ်က Royal Logistic Corps မှာ Logistics supply specialist တာဝန်ထမ်းဆောင်ရပါတယ်။

အဲဒီ ဌာနရဲ့ ဘင်ခရာ အဖွဲ့မှာလည်း ဒရမ်တီးသမားဖြစ်တဲ့ အတွက် လန်ဒန်မြို့တော်က ဘာကင်ဟမ်နန်းတော်၊ ဝင်ဆာမြို့က ဝင်ဆာ ရဲတိုက်ကြီးတို့မှာ နေ့စဉ် ပြုလုပ်တဲ့ အစောင့်တပ်တွေ လဲလှယ်ရာမှာ ပါဝင်ချီတက်ရတဲ့ ဘင်ခရာအဖွဲ့မှာ နော်အနီတာ ပါဝင်ရပါတယ်။

တော်ဝင် မိသားစုနဲ့ ဆိုင်တဲ့ အခမ်းအနားတွေ၊ တပ်မတော် ဘွဲ့နှင်းသဘင် အခန်းအနားတွေမှာ ဖျော်ဖြေတာအပြင် ပြည်တွင်းပြည်ပမှာ လုပ်တဲ့ အခမ်းအနားတွေမှာ ဖျော်ဖြေဖို့လည်း ဂုဏ်ပြု ဘင်ခရာအဖွဲ့နဲ့ အတူ သူလိုက်ပါသွားရပါတယ်။

တော်ဝင်မိသားစုဝင်တွေထဲက ဘုရင်မကြီး၊ အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နဲ့ တော်ဝင် မင်းသမီး အန်းတို့ကို တွေ့ဖူးတယ်လို့ အနီတာက ဆိုပါတယ်။

အဲလစ်ဇဘက်ဘုရင်မကြီးကိုတော့ လန်ဒန် နားက Epsom မြို့မှာ လုပ်တဲ့ မြင်းပွဲကိုလာတုန်း တွေ့ဖူး စကားပြောဖူးတယ်လို့ နော်အနီတာက ပြောပါတယ်။

ဘုရင်မကြီးက သူတို့ တပ်ဖွဲ့တွေကို စစ်ဆေးတယ်၊ တစ်ယောက်ချင်းကို ကောင်းကောင်း မွန်မွန် လိုက်လံ စကားပြောနှုတ်ဆက်ပြီး နေ့စဉ်လုပ်ငန်းနဲ့ အလုပ်အကိုင် အကြောင်းမေးရာမှာ သူ့ကို အလုပ် အကြောင်းမေးတော့ အလုပ် လုပ်တာ ၅ နှစ် ရှိပြီ၊ အဆင်ပြေတယ်ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ အနီတာက ပြောပါတယ်။

ဘင်ခရာအဖွဲ့မှာ ပါသူတွေက အနည်းဆုံး တူရိယာ နှစ်မျိုး တီးခတ်တတ်ဖို့ လိုပြီး အနီတာကတော့ ဒရမ်နဲ့ Bugle လို့ ခေါ်တဲ့ ခရာ ကိုပါတီးမှုတ်တတ်ပါတယ်။

ဗြိတိသျှ တပ်မတော် ဝင်ဖို့ လိုအပ်ချက်များ

ဗြိတိသျှ တပ်မတော်ကို ဝင်နိုင်ဖို့ အရပ်အမောင်း သတ်မှတ်ချက်က ၅ ပေနဲ့ ၆ လက်မ ဖြစ်ပါတယ်။

အင်္ဂလိပ်စာနဲ့ သင်္ချာ မှာ ဗြိတိန်က သတ်မှတ်ထားတဲ့ GNVQ Level 2 အသက်မွေးဝမ်းကျောင်း ကောလိပ်ဝင်ခွင့် အဆင့် ၂ အောင်ဖို့လို တယ်၊ ကျန်းမာ ကြံ့ခိုင်ရေး ဆေးစစ်ချက်တွေ အောင်ဖို့ လိုတယ်လို့ အနီတာက ပြောပါတယ်။

စစ်ဆေးမှုတွေ အောင်မြင်ရင် တောထဲမှာ လေ့ကျင့်ရတဲ့ တိုက်ခိုက်ရေး သင်တန်း အပါအဝင် တခြား သင်တန်းတွေကို တစ်ဆင့်ပြီး တစ်ဆင့် တက်ရတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းမှသည် ဘုရင့်တပ်မတော် ဆီသို့

နော်အနီတာအောင်ခင်ဟာ ကရင်လူမျိုးမိဘတွေက မွေးဖွားတဲ့ တိုင်းရင်းသူလေးဖြစ်ပါတယ်။

ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ မွေးတာ ဖြစ်လို့ မြန်မာနိုင်ငံသားလည်း လျှောက်ထားလို့မရ၊ ထိုင်းနိုင်ငံကလည်း အသိအမှတ်မပြုလို့ နိုင်ငံမဲ့ ဘဝနဲ့ နေခဲ့ရပါတယ်။

၂၀၀၆ ခုနှစ် ရောက်တော့ ဗြိတိသျှ အစိုးရရဲ့ ဒုက္ခသည်တွေ နေရာချထားရေး အစီအစဉ်အရ မိသားစုနဲ့ အတူ ဗြိတိန်နိုင်ငံကို ရောက်လာခဲ့ပါတယ်။

အဲဒီအချိန်က အနီတာက အသက် ၁၄ နှစ် အရွယ်ဖြစ်ပါတယ်။

သူ့ရဲ့ မိခင်ဘာသာစကားက ကရင်ဘာသာစကားဖြစ်ပြီး မြန်မာလို အနည်းအပါးသာ ပြောနိုင်ပါတယ်။

ဒုက္ခသည်စခန်းမှာ အလှူရှင်တွေရဲ့ အကူအညီတွေ ရပေမယ့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ဘဝ အာမခံချက် မရှိသလို အလုပ်အကိုင် အခွင့်အလမ်း မရှိလို့ ဘဝလုံခြုံမှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဗြိတိန်ကို ရောက်လာတော့ ဘာသာစကား အခက်အခဲ၊ နေထိုင်စားသောက်ရေး အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။

ဒါပေမဲ့ ဗြိတိန်က သူ့ကို ခိုလှုံခွင့် ပေးပြီး နိုင်ငံသား ဖြစ်ခွင့် ရတဲ့ အတွက် နိုင်ငံသား တစ်ယောက် အနေနဲ့ လူ့အခွင့်အရေး အပြည့်အဝ ခံစား ရတယ်လို့ အနီတာက ပြောပါတယ်။

နိုင်ငံမဲ့ ဘဝကနေ ဗြိတိန်နိုင်ငံသား ဖြစ်ခွင့် ရလာတဲ့အတွက် ဒီနိုင်ငံကို ကျေးဇူးဆပ်တဲ့ အနေနဲ့ရော ဝါသနာပါရာ အလုပ်ကို လုပ်ဖို့ အတွက်ပါ တပ်မတော်ထဲ ဝင်ခဲ့တာလို့ သူက ပြောပါတယ်။

အခု ဗြိတိသျှ တပ်မတော်မှာ တာ၀န် ထမ်းဆောင်ရတဲ့ အတွက် ဂုဏ်ယူမိတယ်၊ မျှော်လင့်ချက် မရှိတဲ့ ဒုက္ခသည်စခန်းကနေ အခုလို အခြေအနေအထိ ဖြစ်လာဖို့ ကြိုးစားခဲ့ရတာတွေရဲ့ အတွေ့အကြုံအရ တိုင်းရင်းသူတွေအပါအဝင် မိန်းကလေးတွေ ကို လည်း ရည်မှန်းချက်ထားတဲ့အတိုင်း ကြိုးစားလုပ်ဆောင်ရင် မဖြစ်နိုင်စရာ မရှိဘူးလို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။