မြန်မာစစ်တပ်ကို အပြစ်ပေး အရေးယူနိုင်ရေး အထိ လုပ်ဆောင်မယ်လို့ ကုလ စုံစမ်းရေး ယန္တရား ကတိပြု

ရေးသားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာအရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား အဖွဲ့ IIMM က ထုတ်ပြန်တဲ့ နှစ်လည် အစီရင်ခံစာထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ ကျား-မ အခြေပြု ရာဇဝတ်မှုတွေ ဖြစ်တဲ့ မုဒိမ်းပြုကျင့်မှု ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ ရာဇဝတ်မှုတွေ အပါအဝင်၊ အမျိုးသမီးနဲ့ ကလေးသူငယ်တို့ ကျူးလွန် တိုက်ခိုက်ခံရပုံတွေနဲ့ ပတ်သက်ပြီး IIMM အဖွဲ့က စုဆောင်းရရှိထားတဲ့ သက်သေ အထောက်အထားတွေကို ဖော်ပြထားပါတယ်။

"အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပေါ် ကျူးလွန်တာတွေဟာ အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှု မြောက်ပေမယ့်လည်း အဲဒီလို အကြောင်းချင်းရာတွေကို ဖော်ထုတ်တာမျိုး စုံစမ်းစစ်ဆေးတာ မျိုးတွေ ဘယ်တော့မှ လုံလောက်အောင် ရှိမနေခဲ့ဘူး" လို့ IIMM ကို ဦးဆောင်သူ နီကိုးလပ်စ် ကွမ်ဂျီအန်က ဆိုပါတယ်။

IIMM ဖွဲ့စည်းထားရှိလာတဲ့ ၃ နှစ်တာ ကာလ အတွင်းမှာ သတင်းရင်းမြစ်ပေါင်း ၂၀၀ နီးပါးဆီကနေ အချက်အလက်ပေါင်း ၃ သန်းကျော် စုစောင်း ရရှိထားပြီး ဖြစ်တယ်လို့ အစီရင်ခံစာထဲ ရေးထားပါတယ်။

အဲဒီ အချက်အလက်၊ သက်သေ အထောက်အထား ဆိုတာတွေထဲမှာ တွေ့ဆုံမေးမြန်းမှုတွေကနေ ရရှိတဲ့ ထွက်ဆိုချက်တွေ၊ စာရွက်စာတမ်း သက်သေတွေ၊ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ၊ ပထဝီဒေသ အခြေအနေတွေကို ရိုက်ကူးထားတဲ့ ပုံရိပ်တွေနဲ့ လူမှုကွန်ရက်တွေကနေ ရရှိတဲ့ အထောက်အထား အချက်အလက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တွေ ပစ်မှတ်ထား ခံရပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်ထိလက်ရောက် ညှဥ်းပန်းနှိပ်စက် ခံရတာမျိုးတွေ။ လက်နက်ကိုင် တပ်သားသစ် အဖြစ် စေခိုင်းခံရတာတွေ၊ မိဘကို မမိလို့ သားသမီးကို ဓားစာခံသဖွယ် ဖမ်းဆီးခံရတာမျိုးလို ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်း ခံရတာမျိုးတွေ ရှိတယ်လို့ IIMM ရဲ့ အစီရင်ခံစာက ထုတ်ဖော်ထားပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်း အရပ်သားတွေ အပေါ် ပစ်မှတ်ထား ကျူးလွန် တိုက်ခိုက်မှုတွေဟာ အတိုင်းအတာ ပမာဏ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ပိုရှိလာခဲ့သလို၊ ရည်ရွယ်ချက်ရှိရှိ စနစ်တကျကို တိုက်ခိုက်ကျူးလွန်တာ ဖြစ်တယ်လို့လည်း IIMM အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

"IIMM အဖွဲ့အနေတဲ့ ပေါ်ပေါက်နေတဲ့ ရာဇဝတ်တွေကို ပိုမို ဖော်ထုတ်စုံစမ်းနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး၊ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး အဆင့်ထိ လုပ်ဆောင်သွားမှာ ဖြစ်တယ်" လို့ မစ္စတာ ကွမ်ဂျီအန်က ကတိပြု ပြောဆိုပါတယ်။

ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ရေး အထိ လုပ်မယ်လို့ ဆိုရာမှာ အခု အစီရင်ခံစာကို ပြုစုပြီး နောက်မှာ ပေါ်ပေါက်လာခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ လူ ၄ ဦး အပေါ် စစ်တပ်က သေဒဏ် စီရင်ခဲ့မှုလည်း ပါဝင်တယ်လို့ IIMM အဖွဲ့က ဆိုပါတယ်။

"ကျူးလွန်သူတွေ သိထားရမှာက သူတို့ အနေနဲ့ နောင်မှာ အပြစ်ပေး အရေးယူ ခံရခြင်းကနေ လွတ်ကင်းနေမှာ မဟုတ်ဘူးဆိုတာပဲ" လို့ IIMM ကို ဦးဆောင်သူ မစ္စတာ ကွမ်ဂျီအန်က ပြောပါတယ်။

IIMM ရဲ့ အစီရင်ခံစာဟာ နယ်မြေရှင်းလင်းရေး ခေါင်းစဥ်အောက် ရိုဟင်ဂျာ တစ်သန်းနီးပါး နေရပ်ရင်း စွန့်ခွာ ထွက်ပြေးရတဲ့ အထိ ကျူးလွန် တိုက်ခိုက် ခံခဲ့ရတာ ၅ နှစ် မြောက် ရှိလာတဲ့ အခါသမယမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

"ရိုဟင်ဂျာတွေ အနေနဲ့ မြန်မာနိုင်ငံကို ဘေးကင်းလုံးခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လိုကြတဲ့ စိတ်ဆန္ဒတွေကို တစိုက်မတ်မတ် ပြောဆိုနေပါတယ်။ သူတို့ အပေါ် တိုက်ခိုက်ကျူးလွန်သူတွေ၊ တာဝန် အရှိဆုံးသူတွေ အပေါ် အပြစ်ပေး အရေးယူ နိုင်တာမျိုး မရှိဘဲနဲ့တော့ အဲဒီလို နေရပ်ရင်း ပြန်ဖို့ဆိုတာ အင်မတန် ခက်ခဲပါလိမ့်မယ်"လို့ မစ္စတာ ကွမ်ဂျီအန်က ဆိုပါတယ်။

မြန်မာအရေး နိုင်ငံတကာ ဥပဒေကြောင်းတွေ အရ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့ သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ နဲ့ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC တို့ထံကို IIMM ဟာ သူတို့ရရှိထားတဲ့ အချက်အလက် သက်သေအထောက်အထားတွေကို သတင်းရင်းမြစ်တွေရဲ့ သဘောတူညီမှုနဲ့ မျှဝေထားပါတယ်။