တရုတ်ကနေ ရွှေ့ပြောင်း ဝင်လာတဲ့ မြေရှားတူးမှုရဲ့ နောက်ဆက်တွဲ ပြဿနာများ

ရေးသားခဲ့သည်။

မြေရှားသတ္တုအမျိုးစား ဒြပ်စင်တွေ မြန်မာနိုင်ငံထဲ တရားမဝင် တူးဖော်နေတဲ့ လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ကို ကြီးထွားလာနေတယ် ဆိုပြီး နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က သတိပေး ပြောဆိုပါတယ်။

"မြန်မာနိုင်ငံရဲ့ အဆိပ်သင့်တောင်များ" ဆိုတဲ့ အစီရင်ခံစာကို ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က ထုတ်ပြန်လိုက်တာ ဖြစ်ပြီး၊ ကချင်ပြည်နယ်လို မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသထဲ အခု နောက်ပိုင်း ၅ နှစ်အတွင်း မြေရှားသတ္တု တူးဖော်မှုတွေဟာ ဘယ်လောက်တောင် ကြီးမား ကျယ်ပြန့် လာသလဲ ဆိုတာကို အသေးစိတ် စုံစမ်း ထုတ်ဖော်ထားတာ ဖြစ်ပါတယ်။

ဂြိုဟ်တုကနေတဆင့် စိစစ်လေ့လာချက်တစ်ခုအရဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ စင်္ကာပူနိုင်ငံ အရွယ်အစား ဝန်းကျင်ထိ ရှိတဲ့ နယ်မြေတစ်ခုထဲ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်တို့ကို ၂၀၂၂ ခုနှစ် မတ်လထဲမှာ တွေ့မြင်ခဲ့ရတယ်လို့ ဂလိုဘယ် ဝစ်တနက်စ်ရဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

မြန်မာပြည်မြောက်ပိုင်း၊ ကချင် နယ်မြေတွေထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကျော် အရင် ၂၀၁၆ တုန်းက မြေရှားသတ္တု လုပ်ကွက် အနည်းငယ်ပဲ ရှိခဲ့ရာကနေ အခုလောက် ပမာဏ အထိ တိုးတက် များပြားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သက်ရောက်စေတဲ့ ဆိုးကျိုးများ

မြန်မာနိုင်ငံဟာ မြေရှားသတ္တု တူးယူမှု ကမ္ဘာပေါ်မှာ အများဆုံး နေရာ ဖြစ်လာပြီး၊ အဲဒီ လုပ်ရပ်တွေကြောင့် ပတ်ဝန်းကျင် မြေထုနဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေလို ရေအရင်းမြစ်တွေ အဆိပ်သင့်နေရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့်လည်း သဘာဝ သယံဇာတနဲ့ တောတောင် ပတ်ဝန်းကျင်တွေ ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ဖြစ်တဲ့ ဂလိုဘယ်ဝစ်တနက်စ်က သူတို့ရဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံရဲ့ အဆိပ်သင့်တောင်များ ဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်။

သူတို့ အဓိက ထောက်ပြ နေတဲ့ အချက်တွေကတော့ အခုလို မြေရှား သတ္တု အကြီးကျယ် တူးယူနေတာဟာ ရေမြေတောတောင်ကို အဆိပ်သင့် ပျက်စီး နေစေတဲ့ အပြင်၊ ဒေသခံ ပြည်သူတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ကြမ်းကြုတ်ရက်စက်တဲ့ အာဏာသိမ်း စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ဒေသခံ ပြည်သူ့စစ် အဖွဲ့တွေထံ ငွေကြေးအထောက်ပံ့ ဖြစ်စေတာတွေလို ပြဿနာတွေပါ တပါတည်း ပေါ်ပေါက်လာစေတယ်လို့ ဆိုပါတယ်။

" တူးဖော်ရေး လုပ်ကွက်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အာဏာသုံး ဖိနှိပ် ထိန်းချုပ် ထားထာ ဖြစ်ပြီး လုပ်ကွက်သစ်တွေ အတွက် မြေယာတွေ ပေးအပ်ဖို့ ဒေသခံ ပြည်သူတွေက ငြင်းဆိုမယ် ဆိုရင် ပစ်သတ်မယ်ဆိုတဲ့ အထိ ခြိမ်းခြောက်ခံရတဲ့အပြင် အဲဒီ လုပ်ငန်းကွက်တွေဟာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ပြည်သူ့စစ်တွေကို ငွေကြေး ပံ့ပိုးနေတာ ဖြစ်တယ်" ဆိုပြီး ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က မီးမောင်းထိုး ဖော်ပြထားပါတယ်။

စိမ်းလန်းရေးနည်းပညာဟာ ကချင်မြေ အဆိပ်သင့်မှုအပေါ် အခြေခံမှာလား

မြေရှားသတ္တု ဒြပ်စင်တွေဟာ စမတ်ဖုန်းတွေ၊ အိမ်သုံးပစ္စည်း အမျိုးမျိုး အပြင် လျှပ်စစ် မော်တော်ယာဥ်တွေ၊ လေအားလျှပ်စစ် ထုတ်တဲ့ လေရဟတ်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် မပျက်ဖို့၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲတဲ့ ပြဿနာကို ထိန်းချုပ် ကိုင်တွယ်ဖို့ ဆိုတဲ့ နိုင်ငံတကာ ရည်မှန်းချက်တွေ ချ မှတ်ပြီး "စိမ်းလန်းတဲ့ နည်းပညာ" ဆိုတဲ့ ခေါင်းစဥ်အောက်မှာ လျှပ်စစ်ကားတွေ ပိုပြီး သုံးစွဲဖို့၊ လေအားလျှပ်စစ် အပေါ် မှီခိုကြဖို့ ဆော်ဩနေကြချိန် ဖြစ်ပါတယ်။

အဲဒီ စိမ်းလန်းတဲ့ နည်းပညာမှာ သုံးစွဲတဲ့ မြေရှားသတ္တုတွေ ထုတ်ယူရာမှာတော့ ဒေသခံတွေ အပေါ် လူ့အခွင့်အရေး အရရော၊ ကျင့်ဝတ် အရရော၊ ရေမြေတောတောင်ကို အပျက်စီး ခံပြီးမှရော ထုတ်ယူနေကြတဲ့ ဖြစ်ရပ်တွေ အပေါ် ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က ထောက်ပြ နေတာ ဖြစ်ပါတယ်။

စိမ်းလန်းတဲ့ နည်းပညာ အသုံးပြုရေး ဘက်ကို ဦးတည်လေလေ မြေရှားတွေ ပိုမို တူးယူဖို့ တွန်းအားပိုမို ပေါ်ပေါက်လာလေလေ ဖြစ်လာရပြီး၊ ဒါဟာ မြန်မာပြည်ထဲ မြေရှား တူးမှု ကြီးမား ကျယ်ပြန့်လာရတဲ့ အခြေခံ အကြောင်း တစ်ခုပဲလို့ ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က ကောက်ချက်ချပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် နယ်မြေတွေထဲမှာ ကျင့်ဝတ်နဲ့ မညီစွာ ထုတ်ယူနေတဲ့ မြေရှားသတ္တုတွေဟာ အဆင့်မြင့် နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ တက်စလာ၊ ဗောက်စ်ဝက်ဂွန်၊ ဂျင်နရယ်မော်တာ၊ ဆီမင်နဲ့ မစ်ဆူဘီရှီ တို့လို့ ကမ္ဘာ့ ဦးဆောင် ကုမ္ပဏီကြီးတွေလက်ထဲ ရောက်သွားနိုင်တဲ့ အလားအလာ အများကြီး ရှိနေတယ်လို့လည်း ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က သတိပေးပါတယ်။

မြေရှားတူးမှု ဘယ်က ရောက်လာလဲ

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေမှာ မြေရှားတူးမှုတွေဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ တရုတ်နိုင်ငံထဲက လုပ်ငန်းရှင်တွေက တရုတ်ဘက်ကနေ မြန်မာပြည်ဘက် ရွှေ့ပြောင်း လုပ်ကိုင်လာကြတာ ဖြစ်တယ်လို့ ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် မိုက်ခ်ဒေးဗစ်က ဆိုပါတယ်။

မြေရှားတူးမှုကနေ ငွေကြေးပမာဏ အများအပြား ရနေတဲ့ ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင် အဖြစ် ဇခုန့်တိန့်ယိန်းကို ဂလိုဘယ်ဝစ်တနက်စ် အဖွဲ့က နာမည်တပ် ဖော်ပြထားပါတယ်။

ဇခုန့်တိန့်ယိန်းနဲ့ သူ့ရဲ့ မိသားစုဝင်တွေ အပါအဝင်၊ ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံထဲက မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေရဲ့ အဓိက ပွဲစားတွေ ဖြစ်လာကြပြီး၊ မြန်မာနိုင်ရဲ့ ဥပဒေ အရ တရားဝင်မှု မရှိတဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေနဲ့ကြား အဲဒီ ပြည်သူ့စစ် ခေါင်းဆောင်တွေဟာ လျှို့ဝှက် အပေးအယူတွေ လုပ်ဆောင် နေကြတယ်လို့ ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က ဆိုပါတယ်။

အဲဒီပြည်သူ့စစ် အဖွဲ့ဆိုတာတွေဟာ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတဲ့ မြန်မာ အာဏာသိမ်း စစ်တပ်ရဲ့ သစ္စာခံတွေ၊ နီးစပ်ပတ်သက်သူတွေ ဖြစ်ကြတယ်လိုလည်း ဆိုပါတယ်။ ဒါကြောင့် မြေရှားတူးယူတဲ့ လုပ်ငန်းကနေ အဲဒီ ပြည်သူ့စစ် အဖွဲ့တွေ ရတဲ့ ငွေကြေးတွေဟာ မြန်မာပြည်သူတွေ အပေါ် စစ်တပ်က ဖိနှိပ်နေတဲ့ လုပ်ငန်းတွေမှာ အထောက်အပံ့ ဖြစ်စေနိုင်တဲ့ အန္တရာယ်လည်း အတော်လေး ကြီးကြီးမားမား ရှိနေတယ်လို့ ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က ထောက်ပြ ထားပါတယ်။

မြေရှားတူးတာဟာ ကျောက်စိမ်းလို၊ သစ်လို ဒေါ်လာဘီလီယံပေါင်းများစွာ တန်တဲ့ စီးပွားရေး ဖြစ်ပြီး၊ မြန်မာပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတွေကို လက်ဝါးကြီးအုပ် လုယူပြီး ဆယ်စုနှစ် အဆက်ဆက် ရပ်တည်ခဲ့တဲ့ မြန်မာ စစ်တပ်ရဲ့ နောက်ဆုံးပေါ် သယံဇာတ ဓားပြတိုက်မှု ဖြစ်တယ်လို့ ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် မိုက်ခ်ဒေးဗစ်က ဝေဖန်ပါတယ်။

မြေရှားသတ္တု ဒြပ်စင်တွေ ထုတ်ယူတာဟာ သဘာဝ တောတောင်တွေ ပျက်စီးရ၊ ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်ရ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရ ဆိုတဲ့ ပြဿနာတွေ တပါတည်း ရှိနေတဲ့ အတွက် နိုင်ငံတကာ အစိုးရတွေ ၊ ကုမ္ပဏီတွေ အနေနဲ့ မြေရှား သတ္တု ရရှိရေး အပေါ် ရင်းနှီးမြှုပ်နှံတာတွေ လုပ်ဆောင်တဲ့ အခါ ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို အကာအကွယ် ပေးဖို့ကိုလည်း အဆောတလျင် လုပ်ဆောင်ပေးဖို့ ဂလိုဘယ် ဝစ်တနက်စ် အဖွဲ့က တောင်းဆိုပါတယ်။