ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပလက်ဝမှာ ကျောင်းကြိုပို့ စက်လှေ အပစ်ခံရပြီး ငါးတန်းကျောင်းသားနှစ်ဦး သေဆုံး
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီး ဒီကနေ့မှာလည်း သုံးရက်မြောက်နေ့အဖြစ် ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ဩဂုတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့ကြတဲ့ ပလက်ဝမြို့အောက်ဘက် ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း နှမဒါချောင်းအတွင်းက သကာချောင်းကျေး (ရွာပျက်) အနီးမှာ ဖြစ်ပွားခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ နှမဒါချောင်းအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေကြတာ သုံးရက်ဆက်တိုက် ရှိလာနေပြီဖြစ်သလို ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာတော့ မနက်ပိုင်း ၇ နာရီ ကျော်လောက်ကနေ စတင်ဖြစ်ပွားခဲ့ကြကာ ၉ နာရီခွဲလောက်မှာ တိုက်ပွဲရပ်သွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံတွေကတော့ နေ့လယ်ပိုင်းအထိ ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
မနေ့က သြဂုတ်လ ၂ ရက်နေ့က နေလယ် ၂ နာရီလောက်မှာတော့ တုံးမဝ ကျေးရွာကျောင်းကနေ ရေးမဝကျေးရွာကို ကျောင်းသားတွေတင်ပြီး ပြန်လာတဲ့ စက်လှေတစ်စီးကို နှမဒါချောင်းဝမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ ကျောင်းသားနှစ်ဦးသေဆုံးပြီး နောက်ထပ်ကျောင်းသားနှစ်ဦးနဲ့ ကျောင်းလုပ်သားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပစ်ခတ်ခံရတဲ့ စက်လှေပေါ်က ငါးတန်းကျောင်းသားနှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
"အဲ့ဒီနှမဒါချောင်းထဲမှာ ဒေသအခေါ် သကာချောင်ရွာရှိတယ်။ အဲ့ဒီနားက တောင်ကြောမှာဖြစ်တယ်လို့ သိရတယ်။ မနေ့က ဖြစ်ခဲ့တဲ့နေရာကို တပ်မဘက်ကနေ စစ်ကူလာတဲ့စစ်ကြောင်းနဲ့ ဖြစ်တာလို့တော့ကြားတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာအနီးဝန်းကျင်မှာ ကျေးရွာတွေမရှိတော့ဘဲ လွန်ခဲ့တဲ့နှစ်တွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကျေးရွာသားတွေ ထွက်ပြေးသွားခဲ့ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အခုလို တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားလာနေတာနဲ့ ပတ်သက်လို့ နှစ်ဖက်တပ်တွေရဲ့ တာဝန်ရှိသူတွေဆီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန် ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။
ရက္ခိုင့်တပ်တော် အေအေဘက်ကတော့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဒီကနေ့မှာ သြဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က သြဂုတ်လ ၂ ရက်နေ့ ကျောင်းကနေ ပြန်လာတဲ့ ကျောင်းသားကြိုပို့ စက်လှေကို ပစ်ခတ်တာဟာ နှမဒါချောင်းဝအထက် ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စက်လတ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အေအေဘက်က ထုတ်ပြန်ချက်အရ အဲ့ဒီနေရာမှာ မနေ့က မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့တာမရှိဘဲ ကျောင်းသားစက်လှေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပြီး ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
"အဲ့ဒီကျောင်းသားလေးတွေက မနေ့က စာမေးပွဲစစ်လို့ သွားကြတာ၊ စာမေးပွဲစစ်ပြီးပြန်လာတဲ့အချိန် ပစ်ခတ်ခံရတာလို့ သိရပါတယ်။ သူတို့ မိဘတွေပြောပြတာက အခုလို ကျောင်းသားတွေသွားဖို့ရှိတယ်ဆိုတာ စစ်တပ်ကို အသိပေးအကြောင်းကြားထားပြီးသားလို့ ပြောပါတယ်။"လို့ ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့တဲ့ ပလက်ဝမြို့ခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသားနှစ်ဦးမှာ မောင်နေမင်းထွန်း အသက် ၁၂ နှစ်၊ မောင်သန်းမြင့် အသက် ၁၂ နှစ်တို့ဖြစ်ပြီး ဦးဗဒူးအောင်း ၅၆ နှစ် အထွေထွေလုပ်သားမှာ ညာဘက်လက်ကောက်ဝတ်မှာ ကျည်ထိမှန်ခဲ့သလို ဘယ်ဘက်နားရွက်ပြတ်ထွက်သွားပြီး မခင်သီတာ အသက် ၁၂ နှစ်မှာ ညာဘက်ပေါင်နဲ ဘယ်ခြေထောက်တို့မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့သလို မောင်အောင်လင်းဝင်း အသက် ၁၂ နှစ်မှာတော့ ကျောကုန်းကျည်ချော်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေကို ပလက်မြို့ဆေးရုံကို ပို့ဆောင်ပေးဖို့အတွက် အချိန်မီပြင်ဆင်ခဲ့ကြပေမယ့် စစ်တပ်က ပစ်ခတ်မှုတွေ ဆက်ရှိနေတဲ့အတွက် ချက်ချင်းထွက်လာလို့မရတာကြောင့် မနေ့က ည၇ နာရီခွဲမှ ပလက်ဝမြို့ကို ရောက်ရှိလာခဲ့ကြတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
အခုလို တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားလာနေတာကြောင့် ကုလားတန်မြစ်အတွင်း စက်လှေ အသွားအလာတွေလည်း ရပ်နားထားပြီး တစ်ပတ်တစ်ကြိမ် ပုံမှန်ပြေးဆွဲနေတဲ့ စစ်ကောင်စီရဲ့ သင်္ဘော ပြေးဆွဲမှုတွကိုလည်း အခုအခါကစလို့ ရပ်နားထားတယ်လို့ သိရပါတယ်။