"နောက်ထပ် အာဇာနည်နေ့တော့ ထပ်မပေါ်စေချင်တော့ဘူး။ ဒီလောက်နဲ့ပဲ မြန်မာပြည်တော်သင့်ပါပြီ"

ရေးသားခဲ့သည်။

လုပ်ကြံသတ်ဖြတ်ခံရလို့ ကျဆုံးခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးထဲမှာ သခင်မြလည်း အပါအ၀င်ပါ။ သခင်မြဟာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့အစိုးရအဖွဲ့ထဲမှာ ပြည်ထဲရေး၀န်ကြီး နောင် ဘဏ္ဍာရေး၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့စဥ် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်မှာ ဂဠုန်ဦးစောနဲ့အပေါင်းအပါတို့ရဲ့ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်တို့နဲ့အတူ ကျဆုံးခဲ့ရပါတယ်။ ကျဆုံးခဲ့တာ နှစ် ၇၀ ကျော်ခဲ့ပေမဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေမြင်ချင်တဲ့ တိုင်းပြည်မျိုး မြန်မာနိုင်ငံ ဖြစ်ဖို့ မျှော်လင့်ချက်ရှိနိုင်ပါဦးမလား၊ လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် သဘောထားအမြင်၊ တကျော့ပြန်အာဏာသိမ်းမှုအောက် ကြုံရတဲ့အာဇာနည်နေ့အခမ်းအနားတွေအကြောင်း စတာတွေကို သခင်မြရဲ့သားဖြစ်သူ ဦးရဲမြင့်အောင်ကို ဘီဘီစီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး- တကျော့ပြန်အာဏာသိမ်းမှုအောက် အာဇာနည်နေ့တွေကို တက်ရောက် ဂါရ၀ပြုဖို့ အစီအစဥ်ရှိပါသလား။

ဖြေ - အာဇာနည်နေ့ဆိုတာက ဘယ်သူအုပ်ချုပ်အုပ်ချုပ်၊ မြန်မာပြည်ကြီးရှိနေသရွေ့ အာဇာနည်နေ့ဆိုတာရှိနေမှာဖြစ်တယ်။ အာဇာနည်နေ့ကိုမတက်ဘူးဆိုတာမရှိပါဘူး။ ပုဂ္ဂိုလ်ရေးနဲ့နိုင်ငံရေး ရောလို့မရဘူးဆိုတဲ့ သဘောပြောတာပါ။ မြန်မာပြည်ကြီး ကိုလွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ကျဆုံးတဲ့အာဇာနည်နေ့ကို ကျွန်တော်တို့ မိသားစု၀င်တွေလည်း မေ့လို့မရသလို ပြည်သူလူထုကြီးကလည်း မေ့လို့ရမှာမဟုတ်ဘူး။ မေ့ပျောက်ခံချင်တဲ့ လူတွေတော့ ရှိချင်ရှိမှာပေ့ါ။ ဒါပေမဲ့ လူထုကတော့ ဘယ်တော့မှမေ့ပျောက်မှာမဟုတ်ဘူး။ နောင်လာနောက်သားတွေကိုလည်း တစ်နှစ်လုံးမှာ သတိမရချင်နေကြပေါ့။ အာဇာနည်နေ့ရောက်တိုင်း အာဇာနည်ခေါင်းဆောင်ကြီးတွေ တိုင်းပြည်အတွက် ဘယ်လိုစွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံလုပ်ခဲ့တာ ပြန်ပြောင်းသိဖို့အတွက် အာဇာနည်နေ့ဆိုတာ ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ နောက်ထပ် အာဇာနည်နေ့တော့ ထပ်မပေါ်စေချင်တော့ဘူး။ ထပ်မဖြစ်ချင်တော့ဘူး။ ဒီလောက်နဲ့ပဲ မြန်မာပြည်တော်သင့်ပါပြီ။ ဒီတစ်ခုနဲ့တင် ကျွန်တော်တို့ နာနာကျည်းကျည်းနဲ့ နောင်တကြီးစွာရခဲ့ရပြီးပါပြီ။ အာဇာနည်ခေါင်းဆောင်တွေ တိုင်းပြည်ခေါင်းဆောင်တွေ ဘယ်သူမှလည်း မကျဆုံးစေချင်တော့ဘူး။ ဒီလိုအဖြစ်ဆိုးမျိုးမကြုံစေချင်တော့တဲ့သဘောပါ။

မေး- အာဇာနည်မိသားစု၀င်တွေအချင်းချင်းရော ကူးလူးဆက်ဆံမှုရှိကြလား။

ဖြေ- ကိုဗစ်မတိုင်ခင်ကတော့ ရှိခဲ့ပါတယ်။ ကိုဗစ်ကာလမှာတော့ မတွေ့ဖြစ်ကြဘူးပေ့ါ။ ဒါပေမဲ့ ဖုန်းနဲ့တော့ အဆက်သွယ်ရှိပါတယ်။ ၀န်ကြီးဦးရာဇတ် သားနဲ့ အဆက်အသွယ်ရှိတယ်။ အိုင်စီအက်စ် ဦးအုန်းမောင်သား ဒေါက်တာမင်းမြင့်နဲ့ကလည်း တစ်ခြံကျော်မှာနေတော့ အဆက်အသွယ်ရှိကြပါတယ်။ သာရေးနာရေးလည်း သွားဖြစ်ကြပါတယ်။

မေး- ဖခင်ဖြစ်သူ ကျဆုံးတဲ့နေ့က သိမီလိုက်ရတဲ့အမှတ်တရအဖြစ်အပျက်တချို့ကို ပြန်လည်မျှ၀ေပေးပါဦး။

ဖြေ - အကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင် သုံးနှစ်သမီးပဲရှိဦးမယ်။ အာဇာနည်ဦးရာဇတ်ရဲ့သားအကြီးဦးတင်မြင့်ဆိုလည်း အဲဒီလောက်ပဲရှိဦးမယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဖေကျဆုံးပြီးတစ်ပတ်နေမှ မွေးတာ။ အမေပြန်ပြောပြတာ သိရသလောက် အမေကတော့ သူ့ယောက်ျားတစ်ယောက်လုံး ကျဆုံးသွားတယ်ဆိုတော့ ကျဆုံးသွားတဲ့နေ့က ဒီလိုနေ့တွေလိုပေ့ါ။ ရာသီဥတုကလည်း မိုးတွေအုံ့ပြီးမှုန်မှိုင်းနေတာ။ အမေက စိတ်လေးနေတယ်။ မသွားစေချင်ဘူး သူ့ယောကျ်ားကိုလည်းပြောတယ်။ ဒီနေ့စိတ်လေးတယ်။ မသွားပါနဲ့ပေ့ါဆိုတော့ အဖေက မဖြစ်ဘူး၊ ဗိုလ်ချုပ်နဲ့ချိန်းထားတာရှိတယ်။ သူ အစည်းအ၀ေးသွားကိုသွားမှဖြစ်မယ်ဆိုပြီး အဲဒီလိုပြောပြီးတော့ သွားဖို့အလုပ် ကားထဲအ၀င်မှာ ဒီခေါင်းပေါင်းနဲ့ ကားဘောင်နဲ့ တိုက်မိပြီး ခေါင်းပေါင်းက အောက်ပြုတ်ကျသွားတော့ အမေက ပိုပြီး စိတ်ထဲတစ်မျိုး ဖြစ်သွားရော။ ပိုပြီး မသွားစေချင်လို့ မသွားနဲ့ထပ်ပြောတော့လည်းမရဘူး၊ အရေးကြီးတဲ့အစည်းအဝေးဆိုပြီးထွက်သွားရော။ အဲဒါ အမေ့အတွက်သူ့ယောက်ျားကိုနောက်ဆုံးတွေ့လိုက်ရတာပဲ။ နောက်ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး။ ကျဆုံးပြီးတဲ့အချိန် ညနေလောက်ကျမှ ဒီသတင်းကြားရတာ မယုံနိုင်ဘူး။ ပိုခံစားရတာ အမေ့ရဲ့အဖေ ကျွန်တော့်အဘိုးက သတင်းကြားပြီး တစ်ခါတည်းရှော့ဖြစ်ပြီး သတိမလည်တော့ဘူး။ ဆုံးသွားတယ်။ အမေ့မှာ ယောကျ်ားလည်းဆုံး၊ အဖေလည်းဆုံးနဲ့ တစ်ပြိုင်တည်းရင်ဆိုင်ခဲ့ရတယ်။ အမေက ချုံးပွဲချငိုတာတော့မရှိပေမဲ့ ရင်ထဲမှာ ကြိမ်မီးအုံးလိုပဲ တမြေ့မြေ့ ခံစားခဲ့ရတာ ကျွန်တော်တို့ သိခဲ့ရတယ်။

မေး- အာဇာနည်မိသားစု၀င်တစ်ဦးဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုချိန်မှာ အကျဥ်းချခံထားရတဲ့အပေါ်မှာရော ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။ သူ့ရဲ့အသက်အရွယ်နဲ့တစ်ခါ သူ့အနာဂတ်နိုင်ငံရေးခရီးလမ်းကိုလည်း သုံးသပ်တာတွေရှိလာတော့ ဒီအပေါ်မှာရော ဘယ်လို ထင်မြင်မိပါသလဲ။

ဖြေ - ဗုဒ္ဓဘာသာ၀င်တစ်ယောက်အနေနဲ့ သူ၀ဋ်ကြွေးရှိလို့ဆိုပြီး ဖြေသိမ့်ရ တာပေ့ါ။ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဂုဏ်ယူမိတာတော့အမှန်ပဲ။ အာဇာနည် မိသားစု၀င် တွေထဲမှာ သူတစ်ယောက်ပဲ ထူးထူးချွန်ချွန် တိုင်းပြည်အတွက် လုပ်တာရှိတာကိုး။ အမြဲတမ်းလည်း ဂုဏ်ယူပါတယ်။ သူတစ်ယောက်ရှိတာ ကျွန်တော်တို့အတွက် တစ်အားပါပဲ။ တစ်အား ဆိုတာ အများထင်သလို အခုခေတ်ထင်သလို မိသားစုထဲ တစ်ယောက်ရှိရင် ငါတို့လုပ်ချင်တာ လုပ်လို့ရမယ်ဆိုတဲ့ အာဏာအလွဲသုံးစားလုပ်တဲ့စိတ်ဓာတ်မျိုးနဲ့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ သူ့ရဲ့နိုင်ငံရေးခရီးလမ်းကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူကလည်း ဒီနေ့အထိ ၇၈ နှစ်သာဆိုတယ် ကျွန်တော်တို့ထက်အများကြီး သာတယ်။ နေပုံထိုင်ပုံကအစ။ စိတ်ဓာတ်ကလည်းတက်ကြွတယ်။ တော်ရုံလူသာဆို ဒီလောက်ကြီးဆိုရင် စိတ်ဓာတ်ကျပြီး လူရောစိတ်ရော ဒုံးဒုံးကျသွားမှာ။ ကျသွားနိုင်တဲ့ အရွယ်လည်းရောက်နေပြီ။ ဒါပေမဲ့ သူ့စိတ်ဓာတ်ကအရမ်းမာတယ်။ သူများတွေပြော သလိုပေ့ါ။ အိုင်ယွန်းလေဒီပေ့ါ။ သံမဏိလေဒီပေါ့။ စိတ်ဓာတ်ကတော့တကယ့်ကိုမာတယ်။ ဂုဏ်ယူတယ်။ ချီးကျူးတယ်သူ့ကို။ အဲဒီသဘောပါပဲ။

မေး- အာဇာနည်ခေါင်းဆောင်ကြီးတွေ ထားရှိခဲ့တဲ့မျှော်လင့်ချက်စိတ်ဆန္ဒတွေ ပြည့်၀ဖို့ အခြေအနေဟာ အခုတကျော့ပြန်အာဏာသိမ်းမှုအောက်မှာ ခက်ခဲတဲ့အခြေအနေပါ။ လက်ရှိလည်းတိုင်းပြည်က ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေနဲ့အကွဲကွဲအပြားပြားတွေဖြစ်နေပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေမြင်ချင်ခဲ့တဲ့ တိုင်းပြည်ဖြစ်ဖို့မိသားစု၀င်တစ်ဦးအနေနဲ့ လက်ရှိပါ၀င်ပတ်သက်သူအားလုံးကို ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ - ဒါကလည်း မြန်မာပြည်ကြီးရဲ့ ကံကြမ္မာလို့ပဲပြောပါတော့။ တိုင်းပြည်က တိုးတက်မယ်ကြံရုံရှိသေး။ ဒီလိုပေ့ါ။ ဟိုးနောက်ဆုံးထိ ပြန်ရောက်သွားတယ်ဆိုတာလည်း ဖြစ်ချိန်တန်လို့ ဖြစ်လာခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ တိုင်းပြည်ကောင်းစားဖို့တော့ လုပ်စေချင်ကြ တာပေ့ါ။ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီးတော့ လုပ်တဲ့သူရှိသလို လူအမျိုးမျိုး စိတ်အထွေထွေပေ့ါ။ တိုင်းပြည်ကောင်းစားဖို့ ကြည့်စေချင်တာပါပဲ။

မေး- ဖခင်ဖြစ်သူ သခင်မြ ရဲ့ နိုင်ငံရေးစိတ်ဆန္ဒတွေနဲ့ပတ်သက်လို့ မိသားစု၀င်တစ်ဦးအနေနဲ့ ဖြစ်မြောက်ပြည့်၀စေချင်တာရှိရင်ပြောပါဦး။

ဖြေ - ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်အဖေ သခင်မြနဲ့တော်တော်ကြီး ရင်းရင်းနှီးနှီးနေခဲ့တယ်။ သခင်မြကြီးကို သူက အစ်ကိုလိုတစ်မျိုး ဆရာလိုတစ်မျိုး အသက်အရွယ်အားဖြင့်လည်းကြီးတယ်လေ ဒီအစိုးရအဖွဲ့ထဲမှာ။ ကြီးတော့ သူ့ကိုလေးစားတယ်။ ဗိုလ်ချုပ်အောင်ဆန်းအစိုးရဖွဲ့မယ်ဆိုတော့ အလုပ်သမားကိစ္စဆိုလည်း ဟာ သခင်မြ သိလောက်မှာမဟုတ်ပါဘူး။ သခင်မြက တခြားဟာပဲသိမှာပါဆို မထင်ဘူး သခင်မြက အကုန်သိပြန်တယ်။ တောင်သူလယ်သမားအရေးကျတော့လည်း သိပြန်ရော။ နိုင်ငံရေးသမားစစ်စစ်ကနေ နိုင်ငံရေး ကနေ တက်လာတာကိုး။ နိုင်ငံရေးလောကထဲမရောက်ခင် ရှေ့နေလုပ်ခဲ့တုန်းကလည်း ဆရာစံတို့တောင်သူလယ်သမားအမှုတွေလည်း ပိုက်ဆံမယူဘဲလိုက်ခဲ့တာ။ သူနဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဘာသွားတူလဲဆိုတော့ သူတို့စိတ်ထဲမှာ လွတ်လပ်ရေးရဖို့ပဲရှိတယ်။ တကယ် သားမေ့မယားမေ့။ အမေဆို အမြဲပြောတယ်။ သူများတွေနိုင်ငံရေးလုပ်တာက အိမ်အတွက်ကျန်တယ်။ ဒီမှာက အိမ်မှာရှိသမျှ လက်၀တ်လက်စားကအစ အကုန်ရောင်းပြီး လုပ်တာ။ အဲဒီတော့ ခုနက ပြောသလိုပဲတိုင်းပြည်အခုလို အကွဲကွဲအပြားပြား ဖြစ်နေတာ သူတို့လည်း ကြိုက်မှာမဟုတ်ဘူး။ အားလုံးစည်းစည်းလုံးလုံးဖြစ်စေချင်တယ်။ တစ်ယောက်ကောင်းလုပ်လို့မရဘူး။ ဗမာပြည်လွတ်လပ်ရေးကို ဗမာမှ ငါဗမာပဲ။ ဗမာပဲဆွေးနွေးရမယ်ဆိုတာ မရှိဘူး။ မွတ်ဆလင် ပါတယ်။ ခရစ်ယာန်တွေ ပါတယ်။ ဗမာပြည်မှာမွေးပြီးတော့ သူ့ဘာသာသူ မွတ်ဆလင်ဖြစ်တာပဲ။ ဗမာပြည်မှာမွေးတာ မြန်မာပြည်သားပဲလေ။ ဗမာစိတ်ဓာတ်အပြည့်ရှိတယ်။ ဒီလို လူမျိုးကိုလက်တွဲခေါ်နိုင်ရမယ်လေ။ ကရင်မို့လို မပါရဘူး။ ရခိုင်မို့လို့၊ ရှမ်းမို့လို့ မပါရဘူးဆိုတာ မဖြစ်စေချင်ဘူး။ ဗမာပဲလုပ်မယ် ဗမာပဲအုပ်ချုပ်မယ်လို့လုပ်လို့မရပါဘူး။ စည်းလုံးရင်တော့ မြန်မာပြည်ကြီးအေးချမ်းမှာပေ့ါ။ အခုလို သူတလူငါတမင်းပဲပြောပါတော့။ တစ်ယောက်တစ်ပေါက် တွေလုပ်နေလို့ကတော့ တိုင်းပြည်က ဒီလိုပဲဖြစ်နေဦးမှာပဲ။