ရန်ကုန်မှာ ထမင်းဟင်းချက်ဖို့ ဂတ်စ်ဝယ်မရဖြစ်

ရေးသားခဲ့သည်။

ရန်ကုန်မြို့က မြို့နယ်အချို့မှာ ထမင်းဟင်းချက်ရာမှာ သုံးတဲ့ အိမ်သုံး ဂက်စ်တွေ ဝယ်မရဘဲ ပစ္စည်းတွေပြတ်နေတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်က တင်သွင်းနေတဲ့ အိမ်သုံးဂက်စ်တွေဟာ မနေ့ကစပြီးတော့ ဝယ်မရဖြစ်နေပြီးတော့ ဒီကနေ့အထိရန်ကုန်က ဂက်စ်ဆိုင် အတော်များများမှာ ပစ္စည်းတွေပြတ်ကာ ဝယ်မရဖြစ်နေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်၊

ဘီဘီစီက မေးကြည့်ရသလောက် လက်ရှိဂက်စ်တွေ ဝယ်မရဖြစ်နေတဲ့ မြို့နယ်တွေကတော့ မြောက်ဒဂုံ၊ သာကေတ၊ လှိုင်သာယာ၊ ပုဇွန်တောင် အပါအဝင် မြို့နယ်အတော်များများ ပါဝင်ပြီးတော့ ဆိုင်တွေမှာ ရောင်းစရာမရှိ။ ပစ္စည်းပြတ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန် ပုဇွန်တောင်မြို့နယ်က ဂက်စ် တင်သွင်းရောင်းချတဲ့ဆိုင်တစ်ဆိုင်ကတော့ ဂက်စ်တင်သွင်းတဲ့ကုမ္ပဏီက နေဝယ်ယူရတာလို့ပြောပြီး သူတို့ကုမ္ပဏီအနေအနဲ့ ရုံးပိုင်းဆိုင်ရာ အခက်အခဲကြောင့် ဆိပ်ကမ်းကထုတ်မရဘဲ ဂက်စ်တွေ ပစ္စည်းပြတ်နေတာလို့ သိရကြောင်းနဲ့ အဲ့ဒီဂက်စ်တွေဟာ ထိုင်းနိုင်ငံကတင်သွင်းတဲ့ ဂက်စ်တွေဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ထမင်းဟင်းချက်ရာမှာ သုံးတဲ့ ဂက်စ် ဘူးတစ်ဘူးကို ဆိုင်မှာ ၈၀၀ကျပ်နဲ့ ဝယ်ရပြီး ဂက်စ် အိုး ၃ပိသာ အိုးတစ်အိုးကို ကျပ်တစ်သောင်းခန့် စျေးပေါက်တယ်လို့ မြောက်ဒဂုံဒေသခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က လူအတော်များများဟာ ထမင်းဟင်းချက်ရာမှာ လွယ်ကူပြီး ကုန်ကျစရိတ်နည်းတဲ့အတွက် ဂက်စ်မီးဖိုတွေ အသုံးများသလို ၊ စားသောက်ဆိုင်လုပ်ငန်းတွေမှာလည်း အသုံးများကြပါတယ်။

ထိုင်းနိုင်ငံဘက် တင်သွင်းတဲ့ဂက်စ်တွေ ဘာကြောင့်စျေးကွက်မှာ ပြတ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် စစ်ကောင်စီဗဟိုဘဏ်က ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ နောက်ဆက်တွဲ ဆက်စပ်နေတယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်း ထိုင်းဘက်က တင်သွင်းနေတဲ့ ဂက်စ်တွေကို Elite ကုမ္ပဏီက အဓိကတင်သွင်းနေတာ ဖြစ်တယ်လို့လည်း ရန်ကုန်မြို့က ဂက်စ်အရောင်းဆိုင်ပိုရှင်တစ်ဦးကပြောပါတယ်။

ရန်ကုန် ပုဇွန်တောင်မြို့နယ်က ဂက်စ်တင်သွင်းရောင်းချတဲ့ဆိုင်တစ်ဆိုင်ကတော့ ဂတ်စ်တင်သွင်းတဲ့ အဓိက ကုမ္ပဏီကြီးက သူတို့ကုမ္ပဏီအနေအနဲ့ ရုံးပိုင်းဆိုင်ရာ အခက်အခဲကြောင့် ဆိပ်ကမ်းကထုတ်မရဘဲ ဂက်စ်တွေ ပစ္စည်းပြတ်နေတာလို့ သိရကြောင်းနဲ့ အဲ့ဒီဂက်စ်တွေဟာ ထိုင်းနိုင်ငံကတင်သွင်းတဲ့ ဂက်စ်တွေဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုရက်ပိုင်းမှာ ပြည်တွင်းပြည်ပ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အခက်အခဲရှိနေသလို အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းတွေဟာလည်း ဆက်တိုက်မြင့်တက်နေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ထုတ်ပြန်ချက်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်လာအပြီးမှာပဲ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းတွေ စျေးတက်လာနေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာနဲ့ မြန်မာကျပ်ငွေစျေးကို ၁၈၅၀ ကျပ်သတ်မှတ်ထားပေမယ့် အပြင်မှောင်ခိုစျေးကွက်မှာ ၂၂၂၅ ကျပ်ခန့်အထိကို ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ စျေးပေါက်နေတယ်လို့ ရန်ကုန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က အမေရိကန်တစ်ဒေါ်လာကို ၂၁၈၀ ကျပ်ရှိခဲ့ရာကနေ ရက်ပိုင်းအတွင်း ဆက်တိုက် စျေးတက်လာနေတာဖြစ်ပြီးတော့ ဒီရက်ပိုင်း ဆက်တိုက်တက်လာဖို့ရှိတယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းနေကြပါတယ်။

ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ နိုင်ငံခြားကြွေးမြီယူထားတာရှိရင် အဲဒီချေးငွေတွေကို အတိုးဖြစ်စေ၊ အရင်းဖြစ်စေ လတ်တလော ပြန်မဆပ်သေးဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က စာထုတ်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ပါရှိတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ပေးထားတာကိုလည်း ဗဟိုဘဏ်က ဇူလိုင်လ ၁၃ ရက်နေ့က ပြန်ပယ်ဖျက်ခဲ့ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ပြည်တွင်းမှာ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါ၀င်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေစာရင်းက နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့လဲလှယ်ဖို့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။

ပို့ကုန်သွင်းကုန် လုပ်ငန်းတွေအနေနဲ့ ဗဟိုဘဏ် ရည်ညွှန်းစျေး တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ ဘဏ်တွေကို ပြန်ရောင်းနေရပေမဲ့ ငွေလွှဲဖို့ လိုအပ်တဲ့အခါ ဗဟိုဘဏ်ဘက်ကနေ ဒေါ်လာအလုံအလောက် ပြန်ဝယ်မရလို့ တစ်ဒေါ်လာကို နှစ်ထောင်ကျပ်ကျော်နဲ့ ပြင်ပကနေ ဝယ်ယူနေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ပို့ကုန်၊ သွင်းကုန်ကွာဟမှုရှိနေတဲ့ ပြည်တွင်းမှာ ဒီကန့်သတ်ချက်တွေဟာ နောက်ဆုံးမှာ အခြေခံလူထုဆီကိုပဲ သက်ရောက်မှု ရှိလာနိုင်တယ်လို့ မြန်မာ့ဘဏ်လုပ်ငန်းနယ်ပယ်မှာ အကြံပေး လုပ်ကိုင်နေသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းဟာ အာဏာသိမ်းပြီးတဲ့နောက် ၁၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာတယ်လို့ စစ်ကောင်စီလက်အောက် ဗဟိုစာရင်းအင်းဌာနက မကြာသေးခင်တုန်းကဘဲ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က ဒီလိုငွေကြေးဆိုင်ရာ ကန့်သတ်ချက်တွေ လုပ်နေချိန်မှာပဲ ကမ္ဘာ့ဘဏ်ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ဖွဲ့ဖြိုးလာတဲ့ မြန်မာ့ မြန်မာ့ငွေကြေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍဟာ ကိုဗစ် ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် ၂၀၁၀ အရှေ့ပိုင်းကာလတွေဆီ နောက်ကြောင်းပြန်လှည့်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သုံးသပ်ပြောဆိုထားပါတယ်။

မြန်မာပြည်တွင်းမှာတော့ ဒီအကျိုးဆက်တွေကြောင့် ကုန်စျေးနှုန်းတွေ တက်နေသလို နိုင်ငံခြားကတင်သွင်းရတဲ့ ဆေးဝါးအချို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။