နယ်စပ်မှာ မြန်မာတစ်ဦး အသတ်ခံရပြီး အိန္ဒိယ နယ်စပ်အသွားအလာ ထပ်ပိတ်

ရေးသားခဲ့သည်။

မြန်မာ အိန္ဒိယ နယ်စပ် တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ နယ်စပ်မှာ လုံခြုံရေး တင်းကျပ်မှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ ၂ ရက်က မြန်မာစျေးသည်တွေကို အိန္ဒိယနိုင်ငံ မိုးရေးမြို့ထဲ ပြန်ဝင်ခွင့်ပေးခဲ့ပေမယ့် ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့က မြန်မာတစ်ဦးအသတ်ခံရပြီး အိန္ဒိယဘက်က နယ်စပ်အသွားအလာ ပြန်ပိတ်လိုက်တယ်လို့ မိုးရေးမြို့နေထိုင်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ တမူးမြို့ရှောင်လမ်းမှာ လည်ပင်းကို ဓားနဲ့လှီးထားတဲ့ လူတစ်ယောက် အလောင်းတစ်လောင်းတွေ့ရပြီး အဲ့ဒီရုပ်အလောင်းကို တမူးမြို့ဆေးရုံကို ပို့ထားခဲ့ပြီဖြစ်တယ်လို့ တမူးဒေသခံတစ်ဦးက‌ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က တမူးမြို့စော်ဘွားရပ်ကွက်မှာ အိန္ဒိယနိုင်ငံသား တမီလ် လူမျိုးနှစ်ဦး အသတ်ခံခဲ့ရပြီးနောက် နယ်စပ်လုံခြုံရေးတွေ တင်းကျပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တမူးမှာ အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ တမူးမြို့မှာ စျေးဝယ်လာစဥ် သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသားတွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အကြားမှာ အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။

ဇူလိုင် ၆ ရက်ကစပြီး နှစ်နိုင်ငံ နယ်စပ် အသွားအလာ ပိတ်ခဲ့သလို မိုးရေးမြို့ထဲမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာလည်း မိုးရေးမြို့ထဲမှာ သွားလာခွင့်မရဘဲ ကန့်သတ်ထားတာ ခံရတယ်လို့လည်း မိုးရေးမြို့မှာ နေထိုင်သူအချို့က ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့က နယ်စပ် တမူးမြို့ရှောင်လမ်းမှာ သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားဟာ ကိုအောင်အောင်ဆိုတာ သိရပြီး ဘာကြောင့်အသတ်ခံရတယ်ဆိုတာကို ရှင်းရှင်းလင်လင်း မသိရသေးပါဘူး။

တမူးမှာ ဇူလိုင်လ ၅ ရက်နေ့က အသတ်ခံရတဲ့ သူအိန္ဒိယနိုင်ငံသားနှစ်ဦးကတော့ မိုးရေးမြို့မှာ နေထိုင်သူနှစ်ဦးဖြစ်ပြီးတော့ ခေါင်းကို သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

မိုးရေးမှာနေတဲ့ Mohan (၂၈ နှစ်) နဲ့ M Iyarnar (၃၅ နှစ်) တို့ကို PDFတပ်ဖွဲ့တွေက စစ်တပ်က သတ်ခဲ့သယောင် လုပ်ကြံဖန်းတီးခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

အခုလို နှစ်နိုင်ငံ နယ်စပ်အသွားအလာကို ပိတ်လိုက်ပြီး တမူးမြို့ ဗိုလ်နိုင်ဝင်းလမ်းပေါ် မိုင်တိုင် ၇၇ နဲ့ ၇၈ အကြား ဘောလုံးကွင်းအပြင်ဘက်မှာပဲ မြန်မာစျေးသည်တွေ စျေးရောင်းချခွင့်ပြုမယ်လို့ အိန္ဒိယဘက်က ပြောဆိုကြောင်း သူကပြောပါတယ်။

အိန္ဒိယ မြန်မာ နယ်စပ်တွေကို ပိတ်ထားတာကြာပြီဖြစ်ပေမယ့် စျေးရောင်းသူတွေက မိုးရေးဘက်ကို သွားလာဝင်ရောက် ရောင်းဝယ်ခွင့် ပြုထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် မိုးရေးဘက်က အလောင်းပြန်ပေးမယ်လို့ထင်ပြီး စောင့်နေကြပေမယ့် အိန္ဒိယနိုင်ငံသားနှစ်ဦး အလောင်းတွေကို ဇူလိုင်လ ၆ ရက်နေ့ မနက် ၇ နာရီမှာ မြန်မာဘက်က တမူးမြို့သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း‌ဆောင်က ပြောခဲ့ပါတယ်။

"စစ်ကောင်စီက ဇူလိုင်လ ၆ ရက်နေ့ အလောင်းပြန်ပေးမယ်လို့ ပြောပြီးနောက် အလောင်းတွေမီးရှို့လိုက်လို့ မိုးရေးမှာ ဆန္ဒပြကြတာ၊ စစ်ကောင်စီက အလောင်းဖျောက်တာဟာ သူတို့ဘက်က အစစ်အဆေးမခံရဲလို့ပေါ့၊ အိန္ဒိယ ဘက်က အလောင်းတွေကို သေမှုသေခင်းစစ်မှာကို မရင်ဆိုင်ရဲ့လို့ အလောင်းပြန်မပေးတာဆိုတော့ ဘယ်သူသတ်တယ်ဆိုတာ အသိသာကြီးပါ"လို့ တမူးPDF အဖွဲ့ဝင်တစ်ဦးက‌ ပြောပါတယ်။

ဇူလိုင်လ ၆ ရက်နေ့မှာ မိုးရေးမှာ ဆန္ဒပြခဲ့ကြသလို နယ်စပ်က မြန်မာရဲကင်းကိုလည်း မီးရှို့ခဲ့တယ်လို့ မိုးရေးဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူက အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ဖြစ်စဥ်ကို ရှင်းလင်းပြောကြားခဲ့တုန်းကတော့ မြန်မာနယ်စပ်က ရဲကင်း မီးရှို့ခံခဲ့ရတယ်ဆိုတာကို ပြောသွားတာ မတွေ့ရပါဘူး။

ဇူလိုင် ၇ ရက်နေ့မှာတော့ မိုးရေးဘက်က အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေဆီကို အရိုးပြာ ပြန်ပေးခဲ့တယ်လို့ မိုးရေးမြို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အိန္ဒိယ နဲ့ မြန်မာနယ်စပ်ဒေသတွေ တမူးမြို့နဲ့ မိုးရေးမြို့တို့ကြား နှစ်နိုင်ငံ နယ်စပ်မျဥ်းကလေးသာခြားပြီး ဝင်ထွက်လို့ရတဲ့ တောလမ်းတွေရှိပေမယ့် မိုး‌ရေးမြို့ခံတွေကတော့ ဘယ်သူဘယ်က ဆိုတာခန့်မှန်းပြီးသိကြတဲ့အတွက် စျေးရောင်းဝယ်ရာမှာတော့ ခွင့်မပြုဘဲ သွားလာဖို့ အခက်အခဲရှိတယ်လို့လည်း တမူးမြို့ခံတွေက ပြောဆိုကြပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေက ပိတ်ထားပေမယ့် တရားမဝင်ခိုးလမ်းတွေကနေ ကုန်သွယ်မှုတွေက တော့ရှိနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ဖြစ်စဥ်ကို မြန်မာ နဲ့အိန္ဒိယနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်းကြား ဆက်သွယ်ဖြေရှင်းနေသလို နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်ချင်း အကြားမှာဆက်သွယ်ပြီး ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

တမူးမြို့မှာ အိန္ဒိယနိုင်ငံသား နှစ်ဦး အသတ်ခံရတဲ့ လူသတ်မှုကို တရားဝင်စုံစမ်းမှုတွေလုပ်ပြီး ဖော်ထုတ်သွားမယ်လို့ ပြောပြီး နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။