အမ်းမှာ ရှစ်တန်းကျောင်းသားတစ်ဦး မိုင်းထိပြီးသေဆုံး

ရေးသားခဲ့သည်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်က ဒါးလက်ကျေးရွာနားမှာ မနေ့က ဇူလိုင်လ ၉ ရက် မနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၈ တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီနေရာမှာ နောက်ထပ် မိုင်းတွေရှိနေနိုင်တဲ့အတွက် စိုးရိမ်ကြောက်လန့်ပြီးတော့ မသွားရဲတာကြောင့် သေဆုံးနေတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသားရဲ့ရုပ်အလောင်းကို ဒီနေ့မနက်ပိုင်းမှ သွားယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

" မနေ့က သွားရှာကြသေးတယ် မတွေ့ခဲ့ကြလို့ ဒီကနေ့ မနက်မှာ သွားရှာခဲ့ပြီးတွေ့ခဲ့တာ"လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူ ရှစ်တန်းကျောင်းသားဟာ မောင်စည်သူကျော်လင်းဖြစ်ပြီး မုန့်ဖိုးတောင်းတာမရလို့ တောထဲမျှစ်သွားချိုးရာမှာ အခုလို မိုင်းထိသေဆုံးခဲ့တာလို့ ဒေသအခြေစိုက် သတင်းဌာနတွေက ရေးပါတယ်။

အခုလအတွင်း ရခိုင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ ငါးဦးအထိရှိနေပြီဖြစ်ကာ အဲ့ဒီထဲ ကလေးငယ်တွေနဲ့ လူငယ်ကျောင်သားလေးတွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလော ပေါက်ကွဲနေတဲ့မိုင်းတွေဟာ ဒေသခံတွေနေထိုင်တဲ့ အနီးဝန်းကျင်နေရာတွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် မလုံခြုံတဲ့အခြေအနေထိ ဖြစ်လာနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ မေလလောက်ကစလို့ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးအခြေအနေ တင်းမာမှုတွေ ရှိလာခဲ့တဲ့နောက်ပိုင်းမှာ မိုင်းပေါက်ကွဲမှုတွေက ပိုပြီး မြင့်တက်လာတယ်ဆိုတဲ့ ပြောကြားချက်တွေလည်း ရှိလာပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်တွင်းနေ့စဥ်နဲ့ အမျှဖြစ်လာနေတဲ့ မိုင်းအန္တရာယ်ဟာ အပစ်အခတ်မရပ်ခင် တိုက်ပွဲကာလက မိုင်းလက်ကျန်တွေလား ထပ်ပြီး ထောင်ထားတဲ့ မိုင်းတွေကြောင့်လားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ ဇူလိုင် ၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မွတ်ဆလင်လူငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီ မွတ်ဆလင်လူငယ်တွေဟာ ကျေးရွာအနောက်ဘက် တောင်တန်းအနီး လယ်ကွင်းပြင်မှာ နွားကျောင်းနေကြစဉ် မြေမြှုပ်မိုင်းကို နင်းမိခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြသူ လူငယ်လေးဦးတို့ဟာ ပေါင်းတုပ်ကျေးရွာကဖြစ်ပြီး မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇ နဲ့ ၃၇၈ တပ်ရင်းအနီး ထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒဏ်ရာပြင်းထန်တဲ့နှစ်ဦးအနက် မိုင်းနင်းမိတဲ့သူမှာတော့ ညာဘက်ခြေထောက်ပြတ်သွားကာ နောက်တစ်ဦးမှာလည်း တစ်ကိုယ်လုံး မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီး မြောင်းဘွေဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အဲ့ဒီတပ်ရင်းတွေဟာ ဘောင်းဒွပ်ကျေးရွာနဲ့ ပန်းပဲရပ်ကျေးရွာအနီး ဘောင်းဒွပ်တောင်တန်းရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး ပေါင်းတုပ်ကျေးရွာဟာ တောင်တန်းရဲ့ အရှေ့ဘက်ခြမ်းမှာတည်ရှိကာ အခုပေါက်ကွဲခဲ့တဲ့ မြေမြှုပ်မိုင်းက တောင်တစ်ဖက်က ကျေးရွာသားတွေ သွာလာလှုပ်ရှားနေတဲ့နေရာတွေမှာ ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်တပ်နဲ့နီးစပ်တဲ့နေရာတွေမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေ၊ နွားကျောင်းသူတွေနဲ့ ငါးရှာ၊ ဟင်းခူး၊ သစ်ခုတ်ဝါးခုတ် သွားလာနေတဲ့ ကျေးရွာသားတွေဟာ မြေမြှုပ်မိုင်းပေါက်ကွဲမှတွေနဲ့ ရင်ဆိုင်နေကြရပြီး အခုလပိုင်းအတွင်းမှာ ထိခိုက်သေဆုံးမှုပမာဏ မြင့်တက်နေတာ ဖြစ်ပါတယ်။

အခု ဇူလိုင်လအတွင်း ရခိုင်မှာ မိုင်းပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားခဲ့ကာ သေဆုံးသူနှစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ငါးဦးထိရှိနေပြီဖြစ်ကာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက် စစ်ရေးတင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက်ပိုင်းမှာ အခုလို မိုင်းပေါက်ကွဲမှုတွေက ဆက်တိုက်ဖြစ်ပွးလာနေတာ ဖြစ်ပါတယ်။

အခုရက်ပိုင်း နေ့စဉ်လိုလိုဖြစ်ပွားလေ့ရှိတဲ့ မိုင်းပေါက်ကွဲမှုတွေဟာ လူနေကျေးရွာတွေနဲ့ အနီးဝန်းကျင်နေရာတွေ၊ ဒေသခံတွေ မှီခိုနေကြတဲ့ တောတောင်တွေထိ မိုင်းဧရိယာတွေ ကျယ်ပြန့်လာနေတာကြောင့် ဖြစ်တယ်လို့ အမ်းဒေသခံတစ်ဦးက ထောက်ပြပါတယ်။

အခုလို မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားလာနေတာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ တည်ရှိတဲ့ တပ်စခန်းတွေရဲ့ အနီးဝန်းကျင်နေရာတွေမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း မိုင်းဧရိယာကျယ်ပြန့်လာတာနဲ့ မိုင်းကြောင့်ထိခိုက်မှုတွေနဲ့ ပက်သက်လို့ ပြည်နယ်အစိုးရအနေနဲ့ အသိပညာပေးတာအပြင် မိုင်းရှင်းလင်းရေးလုပ်ငန်းကို ထိထိရောက်‌ရောက်ဖြေရှင်းသင့်ပြီလို့ ရခိုင်နိုင်ငံရေးသမားတွေက‌ ထောက်ပြလာပါတယ်။

စီးပွားရေး၊ စားဝတ်နေရေး၊ အလုပ်အကိုင်ရှားပါးမှုစတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်နေကြရတဲ့ ရခိုင်ဒေသခံတွေဟာ အခုလိုမြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် အသက်အိုးအိမ်မလုံခြုံတဲ့အထိ ဖြစ်လာနေတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ မိုင်းနင်းမိလို့သေဆုံးတဲ့ အရပ်သားက အယောက် ၆၀ကျော်ရှိလာသလို ၊ ထိခိုက်ဒဏ်ရာရသူက ၇၀ကျော်ရှိလာတယ်လို့ ဒေသတွင်း သတင်းအချက်အလက် စာရင်းတွေအရ သိရပါတယ်။