ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီဖမ်းသွားတဲ့ ဘီးလင်းအမတ် ဦးကျော်မျိုးမင်း အလောင်းပြန်တွေ့
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တဲ့ ဘီးလင်းမြို့နယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ဘီးလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးကျော်မျိုးမင်း ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဦးကျော်မျိုးမင်းဟာ ပြီးခဲ့တဲ့ဇွန်လ ၂၂ ရက်နေ့က ဘီးလင်းမြို့နယ်ထဲမှာ အခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် နှစ်ဦးဖြစ်တဲ့ ဦးပန်းမြင့် ဦးကိုကိုမောင်တို့နဲ့ အတူ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
သူနဲ့ အတူဖမ်းဆီးခံရသူတွေရဲ့ ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့ရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီရဲ့ အဖမ်းခံရပြီး ၈ ရက်အကြာ ဇူလိုင် ၂ ရက်နေ့မှာ မြေမြုပ်ထားတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဦးကျော်မျိုးမင်း ရုပ်အလောင်းကိုတော့ ဘီးလင်းမြို့နယ်ထဲမှာ ဒီကနေ့ ဇူလိုင်လ ၆ရက်နေ့မှာ တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ဦးကျော်မျိုးမင်းဟာ အခုနောက်ဆုံး သတ်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်လည်း ဖြစ်ပါတယ်။
အသက် ၅၀ ဝန်းကျင်အရွယ်ရှိဦးကျော်မျိုးမင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မြေကနေ အနိုင်ရထားတဲ့ ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပါဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အသတ်ခံရတာ ၄၆ ဦးထိ ရှိနေပြီး ရုံးခန်းတွေ ဖျက်ဆီးခံရတဲ့အကြိမ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့ NLD က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
"ဦးကျော်မျိုးမင်းကို ခြုံထဲမှာ လက်ထိပ်ခတ်လျက်နဲ့တွေ့တယ်လို့ ပြောတယ်၊ သေနတ်နဲ့ ပစ်သတ်ထားတယ်လို့ ပြောပါတယ်၊ အလောင်းက အခြေအနေ အတော်ဆိုးနေပြီ၊စစ်တပ်က အဲဒီနေရာမှာ အထိုင်ချထားလို့ သွားမကြည့်ရဲတာ၊ အခုမှ စစ်ကြောင်းတွေ ထွက်သွားလို့ ရွာသားတွေသွားကြည့်မှတွေ့တာ"လို့ ဦးကျော်မျိုးမင်း အလောင်းတွေ့ရှိခဲ့တာနဲ့ ပတ်သတ်ပြီး ပါတီဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဦးကျော်မျိုးမင်း အပါအဝင် ဇွန်လ ၂၂ ရက်နေ့က အဖမ်းခံခဲ့ရပြီး အသတ်ခံခဲ့ရသူ သုံးယောက်လုံးရဲ့ ပြန်တွေ့ခဲ့တဲ့ အလောင်းအနေအထားတွေအရ အသတ်ခံထားရတာ ဇွန် ၃၀ ရက်လောက်က ဖြစ်နိုင်တယ်လို့ ရှာတွေ့ခဲ့တဲ့ NLD ပါတီဝင်တစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီအဖမ်းခံလိုက်ရတဲ့ ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့ရဲ့ အလောင်းတွေမှာ သွားတွေတစ်ချောင်းမှမရှိတော့တာ ၊ လက်တွေ၊ ခြေထောက်တွေကို ခုတ်ထားတာတွေ တွေ့ရတယ်လို့ ပြောပါတယ်။
သူတို့ သတ်ခံရထားတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
စစ်အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံး ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လ ၁၀ ရက်နေ့အထိ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူ အရေအတွက် ၂၆၃၆ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ စုဆောင်းထားတဲ့ အချက်အလက်အတွေရ သိရပါတယ်။
ပါတီက စုဆောင်းပြီးထုတ်ပြန်တဲ့ ဒီအချက်အလက်တွေဟာ တိုင်းနဲ့ ပြည်နည်အလိုက် လက်လှမ်းမီသလောက် ထုတ်ပြန်ထားတာဖြစ်ပြီးတော့ အဲဒီထဲမှာ စစ်ကိုင်းတိုင်း က သတ်ဖြတ်ခံရသူ အရေအတွက် ၁၀၀၀ နဲ့ အများဆုံးဖြစ်ပါတယ်။
ဒုတိယ အများဆုံးက မန္တလေးတိုင်းဖြစ်ပြီးတော့ ၃၃၆ ဦး သတ်ဖြတ်ခံထားရပါတယ်။ရန်ကုန်တိုင်းကတော့ သတ်ဖြတ်ခံရသူ ၂၉၈ ဦးနဲ့ တတိယ အများဆုံးဖြစ်ပါတယ်။
မွန်ပြည်နည်ထဲမှာတော့ ပါတီဝင်တွေ အသတ်ခံရတာ ဦးကျော်မျိုးမင်း အပါအဝင် ၃ ဦး အထိရှိလာပြီဖြစ်ပါတယ်။
တစ်နိုင်ငံလုံးက သေဆုံးသူ စုစုပေါင်း ၂၆၃၆ ဦး အနက် အမျိုးသား ၂၃၉၆ ဦး ဖြစ်ပြီး အမျိုးသမီး ၂၁၁ ဦးနက် ကျားမအတည်မပြုနိုင်သူ ၂၉ ဦး ပါဝင်တယ်လို့ NLD က ထုတ်ပြန်ချက်တွေက ဆိုပါတယ်။
နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ရဲ့ ဇူလိုင်လ ၄ ရက်နေ့ အထိထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်ပြီးသေဆုံးခဲ့ရသူ ၂၀၅၇ ဦး ရှိတယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပါဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အသတ်ခံရသူတွေထဲမှာ စစ်ကေင်စီက ဖမ်းဆီးသတ်ဖြတ်ခံရသူတွေပါသလို သွေးသောက်ဆိုတဲ့ အဖွဲ့ရဲ့ သတ်ဖြတ်ခံရတာလည်းပါဝင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးခန်းတွေဖျက်ဆီးခံရတဲ့အကြိမ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့ NLD က ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ထောက်ခံတဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၁၇၀၀ ဝန်းကျင်ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံနဲ့တွေ့ဆုံစဥ် ပါတီဥက္ကဋ္ဌက စာရင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို NLD ပါတီဝင်တွေ အသတ်ခံရတာအပြင် ရန်ကုန်မြို့က ပါတီရုံးချုပ်အပါအဝင် ပါတီရုံးတွေ ဖျက်ဆီးခံရတာလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ကနီမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကတော့ NLD ပါတီရဲ့ ရုံးတွေဟာ ပြည်သူတွေ လှူဒါန်းတွေငွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေဖြစ်တယ်လို့ ပြောပါတယ်။
NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ယောက် အပါဝင် ပါတီဝင် ၂၂၄ ယောက်ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကလည်း ချိတ်ပိတ်ခံထားရတယ်လို့ NLD က ထုတ်ပြန်ထားပါတယ်။