မြန်မာ ထိုင်းနယ်စပ် အနီး ဥကရစ်ထ စခန်းမှာ တိုက်ပွဲ အပြင်းအထန်ဆက်ဖြစ်

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

မြန်မာ ထိုင်း နယ်စပ်အနီး မြဝတီမြို့နယ်အတွင်းက ဥကရစ်ထ စခန်းတိုက်ပွဲဟာ ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့မှာလည်း တစ်နေ့ကုန်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ KNLA/KNDO နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ မနက်ကတည်းက KNLA/KNDO တို့ဝိုင်းထားတဲ့ ဥကရစ်ထ စခန်းဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်ရပ်လိုက် လုပ်နေပြီး နေ့လယ်တစ်နာရီလောက်မှာ ကင်းထောက်လေယာဥ်နဲ့ သတင်းထောက်လှမ်းပြီး ဂျက်ဖိုက်တာနဲ့ ဝိုင်းထားတဲ့ ပူးပေါင်းတပ်တွေကို ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ညက စတင်ခဲ့တဲ့ ဥကရစ်ထ တိုက်ပွဲအတွင်း KNLA/KNDO နဲ့ ဒေသကာကွယ်ရေးတပ်တွေဘက်က ၃ ဦးသေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရှိခဲ့တယ်လို့လည်း KNLA/KNDO နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့ညနေပိုင်း နောက်ဆုံးထပ်မံရတဲ့ သတင်းတွေအရ ဥကရစ်ထ စခန်းကို KNLA/KNDO နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်းရေးလုပ်နေတယ်လို့ တိုက်ပွဲမှာ ဝင်တိုက်နေတဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းချန်နယ်တွေကတော့ စခန်းကို သူတိုက်ကိုယ်တိုက် တိုက်နေဆဲဖြစ်ပြီး စခန်းသိမ်းတာ မဟုတ်သေးဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း ဒီသတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးသလို ဘီဘီစီက ထပ်မံစုံစမ်းတဲ့ သတင်းရင်းမြစ်တစ်ခုကလည်း စခန်းသိမ်းပြီဆိုတဲ့ သတင်းတွေထွက်နေတာ အတည်မပြုနိုင်သေးကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ ထွက်ပြေးနေရသလို တိုက်ပွဲကြားမှာ ပိတ်မိနေသူတွေလည်း ရှိတယ်လို့သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, KIC

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက လေးကေကော်မြို့အနီးတစ်ဝိုက်ရှိ ဥကရစ်ထ စခန်းနားမှာတော့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA/KNDO၊ ဒေသကာကွယ်ရေပူးပေါင်းအဖွဲ့တွေနဲ့ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဆက်နေတာလည်း ဖြစ်ပါတယ်။

ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်ရသလို ၅၀၀ ကျော်လည်း တိုက်ပွဲအကြား ပိတ်မိနေပြီး မနေ့ကလည်း စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဥကရစ်ထစခန်းကိုရရင် မြဝတီမြို့ကိုပါ ထိမ်းချုပ်နိုင်မှာဖြစ်လို့ အပြင်းအထန်တိုက်ခိုက်နေသလို စစ်ကောင်စီဘက် ကလည်း စခန်းမကျအောင် ခုခံကာကွယ်နေရပါတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်း စစ်ကောင်စီဘက်က ဥကရစ်ထစခန်းကို ရဟတ်ယာဉ်နဲ့ စစ်ကူတွေ ရောက်လာသလို ဒဏ်ရာရသူတွေကိုလည်း ပြန်ပြီး သယ်သွားတာ တွေ့ရကြောင်းလည်း နယ်စပ်စခန်းအနီး ရှိနေသူတွေကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

DKBA ဗိုလ်စလုံးနဲ့ အခြားပီဒီအက်ဖ် ပူးပေါင်းထားတဲ့ ဆင်ဖြူစစ်ကြောင်း၊ ဗိုလ်မှုးနယ်ဒါးမြ ဦးဆောင်တဲ့ KNDO တပ်ရင်း၊ KNU လက်အောက်က တောင်ပိုင်းတိုင်း PDF စတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်ရဲ့ ဝေါလေ ဗျူဟာနဲ့ ထီသဲပလဲစခန်းက စစ်ကူစစ်ကြောင်းတွေ၊ စစ်တပ်ရဲ့ ဥကရစ်ထ စခန်းနဲ့ ဝလေစခန်းအနားမှာ ဇွန်လ ၂၆ရက်နေ့ကစလို့ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ရွှေအေးမြိုင်၊ ဥကရစ်ထ၊ ဂျပန်ကုန်း၊ တပ်ပေါင်းစုကုန်း မော်ထိုင်းကုန်း စတဲ့ရွာတွေက ဒေသခံ တစ်ထောင်ကျော်က ထွက်ပြေးတိမ်း ရှောင်နေလာကြရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေထံက သိရပါတယ်။

အဲဒါအပြင် ဂျပန်ကုန်းမှာနဲ့ တပ်ပေါင်းစုကုန်းရွာတွေမှာ ဒေသခံတွေ တိုက်ပွဲအတွင်းမှာ ပိတ်မိနေတယ်လို့ စစ်ဘေးရှောင်လာသူတွေထံက သိရပါတယ်။

စစ်ဘေးရှောင်သူ တစ်ထောင်ကျော်ကတော့ ဇွန်လ ၂၆ ရက်နေ့ ကတည်းက အသုတ်လိုက် ပစ်ခတ်မှုတွေကြားမှာပဲ ကလေးလူကြီးအစ၊ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေးအထိကို ကူးကာသွား ရောက်နေထိုင် နေကြရပါတယ်။

ဥကရစ်ထ တိုက်ပွဲ စစ်ရှောင်များ

ဓာတ်ပုံ ရင်းမြစ်, Cj

ဓာတ်ပုံ ပုံစာ, ဥကရစ်ထ တိုက်ပွဲ စစ်ရှောင်များ

လက်ရှိ တိုက်ပွဲဖြစ်နေတဲ့နေရာက ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၆ နယ်မြေအတွင်းမှာရှိတဲ့ လေးကေကော် နဲ့ အနီးဝန်းကျင်တည်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေနားမှာ ဖြစ်သလို ထိုင်းမြန်မာနယ်စပ် အနီးမှာလည်းဖြစ်ပါ တယ်။

အဲဒီတိုက်ပွဲတွေဖြစ်နေတဲ့ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့နယ်ခွဲနဲ့ ထိစပ်နေတဲ့ ထိုင်းဘက်မှာတော့ ထိုင်းနယ်ခြားစောင့်တပ် စစ်စခန်း ၃ခုက ထိုင်းနယ်စပ် ပတ်လမ်းတွေမှာ စစ်ရေးပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ အဲဒီဘက်ကို စစ်ဘေးရှောင်ပြေးသူတွေထံကသိရပါတယ်။

ဘီဘီစီက ဆက်သွယ်သိရှိရတဲ့ ဇွန်လ ၂၈ ရက်နေ့ညနေပိုင်း ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မနေ့ကတည်းကစလို ပူး‌ပေါင်းအဖွဲ့တွေရှိတယ်လို့ ယူဆတဲ့နေရာ တွေကိုဆက်တိုက်ပစ်ခတ်တာအပြင် လေယာဥ်နဲ့ ပစ်ခတ်တာတွေလည်းလုပ်တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေကပြောပါတယ်။

စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်း လက်နက်ကြီးကုန်း စနိုက်ပါကုန်းတွေ ကို ပူးပေါင်းအဖွဲတွေက ဝိုင်းထားပြီးတော့ တိုက်နေတာဖြစ်ပြီးတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။