ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အေအေ သဘောထားပြော
ရခိုင်ပြည်နယ်မှာ ဘာရွေးကောက်ပွဲပဲဖြစ်လာဖြစ်လာ အစိုးရတွေကပဲ အကျိုးရှိပြီး ပြည်သူအတွက်အကျိုးမရှိဘူးလို့ အေအေရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ က အေအေဦးဆောင်တဲ့ ရခိုင်ပြည်သူအစိုးရကနေ ပြုလုပ်တဲ့တတိယကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောထားပြီး ရွေးကောက်ပွဲ ကျင်းပရေး အတွက်လည်း ပြင်ဆင်မှုတွေလုပ်နေပါတယ်။
သို့သော် လက်ရှိကာလမှာတော့ ရခိုင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကို စိတ်ပါဝင်စားမှုမရှိကြတော့သလို ဗမာအစိုးရအဆက်ဆက်က ပြုလုပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းဟာ ရခိုင်ပြည်သူတွေကို အကျိုးပြုခဲ့တာမရှိဘူးလို့ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာ လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီကနေ PR အချိုးကျစနစ် ရွေးကောက်ပွဲတစ်ခုကို ကျင်းပြုလုပ်ပေးသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်အနက် ၉ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။
စစ်ကာင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ULA/AA ဦးဆောင်တဲ့ ရခိုင်ပြည်သူ့အစိုးရကနေ ဇွန်လ ၁၄ ရက်နေ့က တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို အွန်းလိုင်းကနေ တစ်ဆင့် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ရဲ့ လက်ရှိ စစ်ရေးအခြေအနေတွေ၊ တော်လှန်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးယန္တရား ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
၂ နှစ်ကျော်အကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးကစလို့ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ တိုက်ပွဲတွေကို ရပ်နားထားကြတာ ဖြစ်ပါတယ်။
စစ်ပွဲတွေရပ်နားထားတဲ့ တစ်နှစ်ကျော် ကာလအတွင်းမှာတာ့ စစ်ကောင်စီဘက်ကနေ စစ်ရေးတိုးမြှင့်ဆောင်ရွက်တာတွေ ရှိလာနေသလို အေအေရဲ့ ယန္တရားတွေကိုလည်း အနှောင့်အယှက်တွေ ပြုလုပ်လာနေတာကြောင့် နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ မြင့်မားလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကတော့ ရခိုင်ပြည်နယ်နဲ့ ကပ်လျက်တည်ရှိတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက္ခိုင်တပ်တော် အေအေ နဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ပလက်ဝ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ULA ရဲ့သဘောထား
စစ်ကောင်စီကပြုလုပ်မယ့် PR စနစ် အချိုးကျစနစ်ရွေးကောက်ပွဲကိုတော့ နိုင်ငံရေးပါတီအချို့ကတာ့ လိုလားနှစ်သက်မှုမရှိကြသလို တချို့နိုင်ငံရေးပါတီတွေဆိုရင်လည်း အဲ့ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ငြင်းဆိုထားကြပါတယ်။
လက်ရှိမှာလည်း ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြားမှာ နှစ်ဖက်သဘောထားကွဲလွဲမှုတွေ ရှိနေပြီး စစ်ရေးတင်းမာမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အေအေထိန်းချုပ်ရာ နေရာတွေမှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမပြု ဆိုတာနဲ့ပတ်သက်လို့ မှတ်ချက်ပေး ပြောကြားခဲ့တာတော့ မရှိခဲ့ပါဘူး။
"ရွေးကောက်ပွဲအဆက်ဆက်နဲ့ တက်လာတဲ့အစိုးရတွေရဲ့ လုပ်ရပ်တွေကိုပြန်ကြည့်လို့ရှိရင် ရခိုင်တွေရဲ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အဲ့ဒီအစိုးရအဖွဲ့တွေ တစ်စုံတစ်ရာ အကျိုးပြုခဲ့တာမရှိဘူး။ အကျိုးမပြုခဲ့လို့လဲ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံးအခြေအနေကို ရောက်ရှိခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဘာရွေးကောက်ပွဲပဲဖြစ်လာဖြစ်လာ အစိုးရတွေကပဲ အကျိုးရှိပြီး ပြည်သူအတွက်အကျိုးမရှိဘူးဆိုတာ ကျွန်တော်အနေနဲ့ ထောက်ပြလိုပါတယ်။"လို့ အေအေရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ အခုလို ဒုတိယအဆင်းရဲဆုံး အဆင့်ကိုရောက်ရှိခဲ့ရတာဟာလည်း ရခိုင်ပြည်သူတွေအနေနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မရှိတာ၊ ကိုယ်ပိုင်စီမံအုပ်ချုပ်ပိုင်ခွင့်မရှိတာ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရရှိဘဲ တိုင်းတပါးအစိုးရတွေကပဲ စီမံဖန်တီးခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့လည်း ထောက်ပြပြောဆိုပါတယ်။
ဒါပေမဲ့ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့နေရာ ဒေသအများအပြားမှာ ပြောင်းရွှေ့နေထိုင်နေကြတဲ့ ရခိုင်လူမျိုးတွေနဲ့ ပတ်သက်လို့တော့ သူက တစ်စုံတစ်ရာ ပြောဆိုသွားတာမျိုး မရှိပါဘူး။
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ၂ နှစ်ကျော်အကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် အေအေဟာ ဒေသတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေကို ကိုင်တွယ်လာခဲ့ပြီး တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ အခုလို ရခိုင်ပြည်သူ့အစိုးရအဖြစ် ပြောင်းလဲ ရပ်တည်လာခဲ့တာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောဆိုခဲ့ပါတယ်။
မကြာသေးခင်က စစ်ကောင်စီကို တိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ AA တို့အကြား တွေ့ဆုံမှုတွေ ရှိခဲ့ပြီးနောက်ပိုင်းမှာလည်း NUG ဘက်က ULA ကို ရခိုင်ပြည်သူ့အစိုးရလို့ သုံးနှုန်းထုတ်ပြန်ခဲ့ပါတယ်။
ULA/AA ပြည်သူ့အစိုးရအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေကစလို့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို စတင်လုပ်ဆောင်လာခဲ့ပြီး ဒီကနေ့အချိန်မှာဆိုရင်တော့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေဟာ လည်ပတ်နေပြီဖြစ်သလို လက်ရှိအခြေအနေထက် ပိုကောင်းလာအောင်လည်း ကြိုးစားနေတယ်လို့ ပြောပါတယ်။
တော်လှန်ရေးအစိုးရကနေ ပြည်သူ့လုံခြုံရေးတင်းပြည့်ကျပ်ပြည့်ရရှိလာဖို့ ပုံမှန်အချုပ်အခြာပိုင် အစိုးရတစ်ရပ်ဖြစ်လာဖို့အတွက်ကြိုးစားနေတယ်လို့ ပြောဆိုသွားပါတယ်။
ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီနဲ့ လွှတ်တော်
ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်ကြိမ်မှာ ရခိုင်ပြည်နယ်အတွင်းအများဆုံး အနိုင်ရခဲ့တဲ့ရခိုင်ပါတီက အစိုးရဖွဲ့စည်းပိုင်ခွင့်မရရှိဘဲ အင်အားကြီး ပြည်မပါတီတွေကပဲ အစိုးရအဖွဲ့တွေကို ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် လွှတ်တော်ထဲမှာလည်း ကိုယ်စားလှယ်တွေအနေနဲ့ မိမိဒေသအတွက် လိုအပ်ချက်တွေကို တင်ပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ထင်သလောက်အောင်မြင်မှုမရရှိဘဲ စီမံခန့်ခွဲပိုင်ခွင့်အာဏာကိုရရှိထားတဲ့ အစိုးရအဖွဲ့ရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ကိုယ်စားလှယ်တွေက ကျေနပ်နေခဲ့ရတယ်လို့ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
"တကယ့်တန်ဖိုးရှိတဲ့ ရလဒ်တွေမရခဲ့ဘူးဆိုတာတော့ ဟုတ်ပါတယ်။ ဒါတွေက ဖွဲ့စည်းပုံရဲ့ အတားအဆီးတွေပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့အခါမှာလည်း မရရှိခဲ့ဘူး။ ဒေသဖွံ့ဖြိုးရေးလုပ်နည်းတွေကိုပဲ အခြေခံပြီးတော့ အကျိုးရှိတယ်လို့ ပြောသွားတာဖြစ်ပါတယ်။ တကယ်တမ်း အနှစ်သာရအားဖြင့် အမျိုးသားတန်းတူရေး။ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းရေး၊ ကိုယ့်ဒေသကိုယ်အုပ်ချုပ်ရေး အဲ့ဒါတွေနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။"လို့ လွှတ်တော်သက်တမ်းနှစ်ကြိမ် ဖြတ်သန်းခဲ့တဲ့ ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
လွှတ်တော်သက်တမ်းနှစ်ခုလုံးမှာ အစိုးရဖွဲ့စည်းပိုင်ခွင့် ရရှိခဲ့တဲ့ပါတီတွေကသာ သူတို့ပါတီအကျိုးစီးပွားနဲ့ သူတို့အာဏာတည်တံ့ရေးအတွက်ကိုသာ ဦးစားပေးခဲ့ကြပြီး တိုင်းရင်းသားဒေသပါတီတွေကတော့ သူတို့ရဲ့လက်ဝေခံအဆင့်နဲ့ပဲ ဖြတ်သန်းခဲ့ကြရတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲတွေထဲမှာ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ကျင်းပမယ့် PR စနစ်ရွေးကောက်ပွဲကတော့ အဆိုးဆုံးဖြစ်လာနိုင်ပြီး စစ်အာဏာရှင်စနစ် တည်တံ့ရေးအတွက် အသုံးချမယ့်ရွေးကောက်ပွဲသာဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲကြောင့် ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ဦးဖေသန်းက သုံးသပ်ပါတယ်။
ဒေသတွင်းစစ်ရေးနဲ့ ငြိမ်းချမ်းရေး
မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲမှာ သေနတ်သံတွေ စလို့ရပ်စဲသွားတဲ့အချိန်မှာ စစ်ရေးလှုပ်ရှားမှုတွေနည်းပါးခဲ့ပြီး အခုနှစ်အတွင်းမှာတော့ ခပ်စိပ်စိပ် ပိုမိုးများပြားလာနေတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးတွေကို နေရာ၊ အရေအတွက် တိုးချပြီးတော့ ရေငုပ်သင်္ဘောအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့်နေတာတွေကိုလည်း တွေ့မြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါဟာ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းမှာ စစ်ပွဲတွေထပ်မံဖြစ်ပွားလာခဲ့လို့ရှိရင် အင်နဲ့အားနဲ့ တိုက်ခိုက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုလည်း ပျက်ပြယ်စေမယ့် အလားအလာတစ်ခုလို့ ဒေသခံတွေက သုံးသပ်ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အစိုးရနှစ်ရပ် အုပ်ချုပ်နေတဲ့ အခြေအနေလိုဖြစ်နေပြီး လတ်တလော အေအေရဲ့ ဩဇာသက်ရောက်မှု ရှိနေတဲ့ နေရာတွေမှာ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ဩဇာသက်ရောက်မှုတွေ ပြန်လည်ရရှိဖို့အတွက် လှုပ်ရှားတာတွေ၊ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ULA/NUG အစိုးရနှစ်ရပ်နဲ့ PDF
ULA/AA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီတို့ မေလ ၁၆ ရက်မှာ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာတစ်ပြည်လုံးမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ လူမှုစီးပွားရေးအခြေအနေတွေနဲ့ NUG ဘက်က လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေ၊ တခြားကိစ္စရပ်တွေကို တစ်ဖက်နဲ့တစ်ဖက် အမြင်ချင်းဖလှယ်ခဲ့ကြသလို လိုအပ်တာတွေကို ရှင်းပြခဲ့ကြတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေကို နိုင်ငံတစ်ဝန်း တော်လှန်နေတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ NUGတို့ ပြောဆိုနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး၊ ဖိနှိပ်ခံဘဝကလွတ်မြောက်ဖို့ ကြိုးစားအားထုတ်မှုတွေကို ULA/AA အနေနဲ့ အသိအမှတ်ပြု ကြောင်း ပြောဆိုပါတယ်။
NUG နဲ့ဆက်ဆံရေးအခြေအနေက ကောင်းမွန်တဲ့သဘောရှိပြီး တိုင်းပြည်တည်ဆောက်ချင်တဲ့သဘောနဲ့ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် လုပ်ငန်းစဉ်တွေအများအပြားရှိနေပြီး ဘယ်လိုအခြေအနေမှာမဆို အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ မိတ်ဆွေအဖြစ်နဲ့ ဆက်ဆံနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။
အေအေအနေနဲ့ ရက္ခိတလမ်းစဉ်ကို ချမှတ်ထားတာကြောင့် တခြားတော်လှန်ရေးအဖွဲ့အစည်းတွေ လုပ်ဆောင်နေကြတဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်လုပ်ဆောင်ခြင်းထက် မိမိတို့ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာမှာ စစ်ကောင်စီအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြရတဲ့အချိန် ရခိုင်ပြည်နယ်အတွင်းမှာလည်း အေအေဘက်ကို ဝင်ရောက်ခိုလှုံလာခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီရှိနေပြီး သူတို့ဆီကို ခိုလှုံလာတဲ့သူတွေကို ကောင်ကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။