ကျောင်းထွက်လက်မှတ်မရှိလို့ ရခိုင်စစ်ရှောင်စခန်းက ကလေးတချို့ ကျောင်းတက်ခွင့်မရ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်ကြီးမြို့က စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကျေင်းသားတချို့တို့ဟာ ကျောင်းထွက်လက်မှတ်မရှိတာကြောင့် ကျောင်းတက်ခွင့်မရဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

အဲ့ဒီကျောင်းသားတွေထဲမှာ မူလတန်းအဆင့် ကလေးငယ်တွေအများအပြားပါဝင်နေပြီး ကျေးရွာစာသင်ကျောင်းတွေကို သွားရောက်ပြီးတော့ ကျောင်းထွက်လက်မှတ်ထုတ်ယူဖို့အတွက် အခက်အခဲရှိနေတာကြောင့် အခုလို ကျောင်းမတက်ဘဲ နေကြရတာဖြစ်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

ကမ်းထာင်းကြီးစခန်းက ဒုက္ခသည်တွေဟာ မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အတွင်းက ကျေးရွာသားတွေဖြစ်ကြပြီး လတ်တလောမှာ စစ်ရေးတင်းမာမှုတွေရှိနေသလို အစစ်အဆေးတွေများပြားနေတဲ့အတွက် သူတို့ရဲ့နေရပ်ကျေးရွာတွေကို သွားရောက်ဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ကျောင်းထွက်လက်မှတ်မရှိတဲ့အတွက် ကျောင်းတက်ခွင့်မရဘဲဖြစ်နေကြတဲ့ ကျောင်းသူကျောင်းသားတွေကတော့ အမ်းမြို့နယ် ဒါးလက်ချောင်းအတွင်းမှာရှိတဲ့ ကျေးရွာတွေနဲ့ မြေပုံမြို့နယ် စညှင်း၊ လေသွန်၊ ဟင်းခရော်စတဲ့ကျေးရွာတွေက ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ကမ်းထောင်းကြီးစခန်းမှာ စစ်ဘေးရှောင်ကျောင်းသား ၇၀ ကျော်ခန့်ရှိပြီး အဲ့ဒီထဲက နှစ်ဆယ်လောက်ဟာ ကျောင်းထွက် လက်မှတ်မရှိတဲ့အတွက် ကျောင်းတက်ခွင့်မရဘဲ ဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက စစ်ဘေးရှောင်ကျောင်းသူကျောင်းသားအားလုံးကို သူတို့ရောက်ရှိနေတဲ့နေရာတွေက အစိုးရကျောင်းတွေ မှာ တက်ရောက်သင်ကြားခွင့်ပေးထားခဲ့ပေမဲ့ အခုနှစ်မှာတော့ ကမ်းထောင်းကြီးမြို့က ကျောင်းတွေမှာ ကျောင်းထွက် လက်မှတ်ပါမှ ကျောင်းတက်ခွင့်ပြုတာဖြစ်လို့ အခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။

"ဒီနှစ်မှာတော့ ကျောင်းတွေက ကျောင်းထွက်လက်မှတ်ပါမှ လက်ခံမယ်လို့ ပြောတယ်လို့သိရပါတယ်။ ဆိုတော့ သူတို့မှာလည်း ရွာကိုသွားဖို့ ကျောင်းထွက်လက်မှတ်တောင်းဖို့က အခက်အခဲတွေရှိကြတယ်။ တချို့ရွာတွေမှာသွားလို့မရတာ၊ အစစ်အဆေးတွေများတာ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ကျောင်းသားအားလုံး ၇၀ လောက်ရှိတဲ့အထဲမှာ ၂၀ လောက်က ကျောင်းမနေနိုင်ကြဘူး။"လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လူကြီးခရီးစဉ်နဲ့လိုက်နေရတာကြောင့် အင်တာဗျူးဖြေဖို့ မအားလပ်တဲ့အတွက် မေးမြန်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ကျန်တဲ့ကျောင်းသူကျောင်းသားတွေကတော့ ကမ်းထောင်းကြီးမြို့ အထကနဲ့ ရွာသစ်ကျောင်းတို့မှာ တက်ရောက်ပညာ သင်ကြားနေကြတာဖြစ်ပါတယ်။

အဲ့ဒီစခန်းမှာတော့ တခြားစခန်းတွေမှာလို စခန်းအတွင်း ကျောင်းသားတွေကိုပညာသင်ကြားပေမယ့် စာသင်ကျောင်းလည်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ အဲ့ဒီစခန်းကိုလည်း ယခင်ကတည်ရှိခဲ့တဲ့နေရာကနေ တစ်မိုင်နီးပါးဝေးတဲ့ နောက်နေရာတစ်ခုကို ပြောင်းရွှေ့ လိုက်ရတဲ့အတွက် ကျောင်းနဲ့ အနည်းငယ် အလှမ်းဝေးသွားခဲ့တာကြောင့် ကလေးတွေ ကျောင်းသွားရတာလည်း အခက်အခဲတချို့ဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။

စစ်ပွဲတွေဖြစ်ပွားနေခဲ့တဲ့အချိန်တွေမှာ ထွက်ပြေးလာခဲ့ကြရသူတွေဖြစ်လို့ ကမ်းထောင်းကြီးမြို့ ဘောလုံးကွင်းထဲမှာ ယာယီစခန်းအဖြစ် တည်ဆောက်ပြီးနေရာချထားပေးခဲ့တာဖြစ်ပြီး အခုအခါမှာ အဲ့ဒီဘောလုံးကွင်းကို အသုံးပြုဖို့လိုအပ်လာပြီဖြစ်တဲ့တဲ့အတွက် ကမ်းထောင်းကြီးဒေသခံတွေက ပြန်လည်တောင်းဆိုတဲ့အတွက် နေရာဖယ်ပေးလိုက်ရတယ်လို့ စခန်းကော်မတီတွေက ပြောဆိုထားပါတယ်။