ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပလက်ဝမှာ နောက်ထပ်မြို့ခံတစ်ဦးဖမ်းဆီးခံရ ထွက်ပြေးနေရသူတွေလည်းရှိနေ
ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ပေါ်က ဒေသခံတစ်ဦးကို ဇွန်လ ၄ ရက် မနေ့ကည ၉ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတွေက အတည်ပြု ပြောဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရသူမှာ ပလက်ဝမြို့ မြို့မရပ်ကွက် (ပလုတ်တောင်) နေ အသက် ၅၀ အရွယ် ဦးမောင်မဲကျော့ဖြစ်ပြီး မနေ့ကည အချိန် SB အထူးရဲတပ်ဖွဲ့ကတစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးလောက်က သူ့ရဲ့နေအိမ်ကိုရောက်ရှိလာခဲ့ပြီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်သလို ဘာကိစ္စနဲ့ ဖမ်းဆီးတယ်ဆိုတာ မသိရသေးပါဘူး။
ဦးမောင်မဲကျော့ဟာ ရခိုင်အမျိုးသားတစ်ဦးဖြစ်ပြီး ဈေးဆိုင်ရောင်းချတဲ့ အလုပ်နဲ့ တောင်ယာလုပ်ငန်းလုပ်ကိုင်ရင်း သက်မွေးဝမ်းကျောင်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
နေအိမ်ကိုရောက်ရှိလာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဦးမောင်မဲကျော့ကို မေးမြန်းစရာတွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်စခန်းရှိရာ မီးသတ်တောင်လို့ခေါ်တဲ့နေရာကို ခေါ်ဆောင်သွားခဲ့ကာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ခလရ ၂၈၉ တပ်ရင်းကို ထပ်မံပို့ဆောင်လိုက်တယ်လို့ သိရကြောင်း မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပလက်ဝမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း တွေ့နေရသလို အခုလို မြို့ခံတွေကို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်လာနေတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့ခံတွေကို အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်လာနေတာဟာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ အေအေနဲ့ဆက်စပ် နီးစပ်သူတွေဆိုပြီး စစ်ကောင်စီကနေ သံသယနဲ့ ဖမ်းဆီးနေတာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။
"ကျွန်တော်တို့ယူဆတာက တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ဒါဟာ သူတို့နဲ့ပတ်သက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးတာဖြစ်နိုင်တယ်။ စစ်တပ်က နောက်ထပ်ရှာဖွေနေတဲ့သူတွေလည်းရှိနိုင်သေးတယ်လို့တော့ ခန့်မှန်းပါတယ်။"လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။
ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား မေလ ၂၆ ရက်နေ့မနက်ပိုင်းက အဘောင်သားကျေးရွာအနီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ဒေသခံတွေကို စစ်ကောင်စီကနေ အခုလို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်လာနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
မေလ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီးမှာ အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးနှစ်ဦးတို့ကို မေးမြန်းစရာတွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်ရက်နေ့မှာ ဆယ်အိမ်မှူးနှစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးကိုတော့ ဒီကနေ့ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးပါဘူး။
အခုလို စစ်ကောင်စီရဲ့ လာရောက်ဖမ်းဆီးခြင်းခံရမှာကို စိုးရိမ်ပြီးတော့ မြို့ခံတချို့လည်း နေအိမ်မှာမနေရဲတော့ဘဲ တိမ်းရှောင်နေကြရတယ်လို့ ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးက ပြောပါတယ်။
မှားယွင်း ဖမ်းဆီးခံခဲ့ရလို့ရှိရင်လည်း စစ်ဆေးခံရမှာတွေ၊ ရိုက်နှက်နှိပ်စက်ခံရမှာတွေနဲ့ တရားစွဲဆိုခံကြရမှာတွေကို စိုးရိမ်ပြီးတော့ လတ်တလောမှာ ဖမ်းဆီးမခံရဖို့အတွက်ကို တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့် ဆက်သွယ်သွားလာရေးတွေကို တားမြစ်မှု၊ စစ်ဆေးမှုတွေ တင်းကျပ်ထားသလို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုလည်း ထုတ်ပြန်ထားတာကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ အခက်အခဲရှိနေတဲ့အတွက် မြို့ခံတွေရော ဒုက္ခသည်တွေအတွက်ပါ စားဝတ်နေရေး အခက်အခဲနဲ့ကြုံနေကြရတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
အစစ်အဆေးတွေ များပြားနေတဲ့အတွက် သွားရေးလာရေးကိစ္စတွေ အဆင်မပြေကြသလို တောတောင်ကို မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့သူတွေအတွက်တောင် ငါးရှာဟင်းခူးအလုပ်တွေ လုပ်ကိုင်တဲ့နေရာတွေမှာ ဖမ်းဆီးခံကြရမှာကို စိုးရိမ်နေရတယ်လို့ ပြောဆိုကြပါတယ်။
"ဒုက္ခသည်တွေရဲ့ စားရေးသောက်ရေး အခြေအနေတွေလည်း ဒီလိုပဲ။ အခုက ထွက်ခွင့်မရဘူးဆိုတော့ အလုပ်တွေလုပ်လို့မရဘူး။ ဒုက္ခသည်တွေလည်း ဒုက္ခဖြစ်နေတာပဲ။ ဆန်တစ်ခုတည်းရလို့လည်း အဆင်မပြေပါဘူး။ ဟင်းသီးဟင်းရွက်ခူးမယ်ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဘူး။ ဟိုမှာမိုင်းထောင်လိုက် ဒီမှာမိုင်းထောင်လိုက် အဲ့လိုဖြစ်နေတယ်။"လို့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
ဝင်ငွေရရှိဖို့ အလုပ်အကိုင်တွေမလုပ်ကြရတဲ့အပြင် ဟင်းခူးငါးရှာတောင် မထွက်ရဲကြတာကြောင့် လိုအပ်လို့ရှိရင်လည်း မြို့ခံတွေဆီကနေ ချေးလိုက်တောင်းလိုက်၊ ပေးကမ်းတဲ့သူတွေဆီက လက်ခံလိုက်နဲ့ ရပ်တည်နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ တဆက်တစပ်တည်းတည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်သလို စားသောက်ကုန်တွေကို ကျောက်တော်မြို့က အဓိကဝယ်ယူစားသုံးနေကြရတာဖြစ်ပြီး ကုလားတန်မြစ်ကြောင်းတစ်ခုတည်းကိုပဲ ဆက်သွယ်သွားလာမှုအတွက် အဓိကသုံးပြုနေကြရတာဖြစ်တဲ့အတွက် အသွားအလာကန့်သတ်ထားတဲ့ လက်ရှိအချိန်မှာ အခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။