ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တပ်အာဏာသိမ်းမှု သုံးကြိမ် ကြုံခဲ့သူ သက်တော်ရှည် နိုင်ငံရေးသမား ပြည်ချစ် ဦးသုဝေ
ပါလီမန်ဒီမိုကရေစီခေတ်ကနေ စစ်ကောင်စီခေတ်အထိ ကြမ်းတမ်းရှုပ်ထွေးတဲ့ မြန်မာ့နိုင်ငံရေးကို ရှည်လျားစွာဖြတ်သန်းခဲ့တဲ့ ဦးသုဝေ မေလ ၁၈ ရက် အသက် ၉၀ အရွယ်မှာ အနားရသွားခဲ့ပါပြီ။
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာသိမ်းမှုကိုမကျေနပ်လို့ ထိုင်းကိုထွက်သွားရာက ပြည်ပြေးဘဝနဲ့ ထိုင်းမှာ ၁၆ နှစ်ကြာခဲ့ကာ စစ်အစိုးရရဲ့ထောင်သွင်းအကျဉ်းချမှုကို ဆယ်နှစ် ကျခံခဲ့ရတာက သူ့ကြုံခဲ့ရတဲ့ နိုင်ငံရေးလောကဓံတွေထဲက တချို့ ဖြစ်ပါတယ်။
ဦးသုဝေဟာ ဝန်ကြီးချုပ်ဦးနုရဲ့ ပြည်ပြေးအစိုးရမှာလည်းပါခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင်တချို့၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြတို့ နဲ့ အတူ ဗိုလ်ချုပ်ကြီးနေဝင်းကိုတော်လှန်ဖို့ အားထုတ် ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ မြန်မာ့သမိုင်းထဲက လူပုဂ္ဂိုလ်တွေနဲ့ အတူ နိုင်ငံရေးလုပ်ခဲ့ရာကနေ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေတ်အထိ နိုင်ငံရေးထဲရှိခဲ့တဲ့ နိုင်ငံရေးဇာတ်ကောင်တစ်ဦး ဖြစ်ပါတယ်။
ဝန်ကြီးချုပ်မျိုးဆက်တွေရဲ့ပါတီခေါင်းဆောင်
ဦးသုဝေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာ့နိုင်ငံရေးမှာ လူကြိုက်အများဆုံး NLD ဘက်ကလည်း မဟုတ်သလို အာဏာကိုအချိန်အကြာဆုံးရယူခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံဘက်ကလည်း မဟုတ်လို့ နိုင်ငံရေးလှိုင်းတံပိုးကြားမှာ မကြာခဏနစ်မြုပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို လူကြိုက်များမှုက ဦးသုဝေဦးဆောင်လာတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနု၊ ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေတို့ရဲ့ မျိုးဆက်တွေကို ရွေးကောက်ပွဲတွေမှာ နေရာမရ ဖြစ်စေခဲ့ပါတယ်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတော့ ဦးသုဝေက ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းဦးနု ရဲ့သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ ရဲ့သမီး ဒေါ်နေရီဗဆွေ၊ ဒုဝန်ကြီးချုပ်ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ကို ဦးဆောင်လာခဲ့တာပါ။
''ဖေဖေကအမြဲပြောတယ်။ ကိုသုဝေတော့ သူနဲ့တွေ့တာ လူပေါင်းမှားတာပဲတဲ့။ ရွှေကုန်သည်သားကနေ ဆင်းရဲတဲ့နိုင်ငံရေးသမားဖြစ်လာတာလေ'' လို့ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းက ဦးသုဝေ နာရေးမှာ ငိုပြီးပြောပါတယ်။
ဦးသုဝေဟာ ဦးကျော်ငြိမ်းရဲ့ အပါးတော်မြဲ(အတွင်းရေးမှူး)ဖြစ်ပြီး ဒေါ် ချိုချိုကျော်ငြိမ်းအသက် ၇ နှစ်အရွယ်တည်းက ချီပိုးထိန်းကျောင်းခဲ့တာဖြစ်ပါတယ်။
'' ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ကိုသုဝေကို အလေးစားဆုံးပဲ'' လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ဘီဘီစီကိုပြောပါတယ်။
ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုကလည်း ဦးသုဝေကို ဥက္ကဋ္ဌ ကြီးလို့ လေးလေးစားစား ခေါ်ပါတယ်။
'' ဥက္ကဋ္ဌ ကြီးသာ ကွယ်လွန်သွားတယ်။ ဥက္ကဋ္ဌကြီးဆီက သင်ယူစရာတွေမကုန်လိုက်ဘူး''လို့ သူကပြောပါတယ်။
ဦးသုဝေလို နိုင်ငံရေးမှာ ကျောထောက်နောက်ခံအရှိန်အဝါမရှိတဲ့ အရပ်သားတစ်ယောက်က ဒီလို နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေရဲ့ မျိုးဆက်တွေရဲ့ လေးစားယုံကြည်မှုကို ရခဲ့တာက သူ့ရဲ့ အရည်အချင်းနဲ့ ရိုးဂုဏ်ကြောင့်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဦးသုဝေဟာ လက်ဝဲအယူအဆလွှမ်းတဲ့ နိုင်ငံရေးခေတ်ကနေ အာဏာရှင်ခေတ် အဆက်ဆက်ဖြတ်သန်းခဲ့ပေမဲ့ ဒီမိုကရေစီဘက်ကပဲ နေခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ပြိုင်ဘက်နေရာမှာရှိနေခဲ့လို့ ရွေးကောက်ပွဲနိုင်ငံရေးမှာတော့ အခြေအနေ မကောင်းခဲ့ပါဘူး။
အကောင်းဆုံး အရှုံးသမား
ဦးသုဝေဟာ ရှာမှရှားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ပေမယ့် ရွေးကောက်ပွဲ ၄ ကြိမ် ဝင်ပြိုင်ရာမှာ အံ့သြစရာကောင်းအောင် တစ်ကြိမ်မှ အနိုင်မရခဲ့ပါဘူး။
၁၉၉၀ ရွေးကောက်ပွဲမှာ တာမွေမဲဆန္ဒနယ်မှာ ဦးသုဝေဟာ သူ့ပြိုင်ဘက်ထက် နိုင်ငံရေးဝါ အပြတ်အသတ်သာပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် ဦးလှသိန်းကို ရှုံးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်ကဝင်ပြိုင်ပြီး ကြံ့ခိုင်ရေးပါတီက စစ်အစိုးရဝန်ကြီး ဦးအောင်ကြည်ကို ရှုံးခဲ့ပြန်ပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးအောင်ကြည် အစိုးရအဖွဲ့ဝင်ဖြစ်လို့ လစ်လပ်သွားတဲ့ မင်္ဂလာတောင်ညွန့် မှာ ဇွဲမလျှော့ဘဲ ဦးသုဝေ ထပ်ပြိုင်ပါတယ်။
ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲပြန်ဝင်လို့ လူငယ်နိုင်ငံရေးသမား ဒေါ်ဖြူဖြူသင်းကို ရှုံးခဲ့ပြန်ပါတယ်။
တစ်ခါ ဦးသုဝေရဲ့ နောက်ဆုံးယှဉ်ပြိုင်မှုလို့ဆိုရမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဦးသုဝေ စမ်းချောင်းက ပြောင်းပြိုင်ပါတယ်။
ဒီတစ်ခါလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်ပွဲခံတဲ့ရွေးကောက်ပွဲဖြစ်ပြီး ဦးသုဝေ က စမ်းချောင်းအမတ် ဦးဘိုဘိုဦးကို ရှုံးရပြန်ပါတယ်။
ဦးသုဝေ လို သက်တော်ရှည် နိုင်ငံရေးသမားကို မဲဆန္ဒရှင်တွေဘာကြောင့်မျက်စိမှောက်ရသလဲလို့ ဘီဘီစီက ဒေါ်ချိုချိုကျော်ငြိမ်းကို မေးတော့
''ကိုသုဝေလိုလူမျိုးကိုမရွေးတာက မျက်စိမှောက်တာ မဟုတ်ဘူး။ ဦးနှောက်မှောက်တာ'' လို့ ဖြေပါတယ်။
ဦးသုဝေ ရဲ့နာရေးမှာ သူအကြိမ်ကြိမ်ရှုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွမ်းသူပန်းခွေပို့ပြီး လေးစားသမှုကို ပြပါတယ်။
ဦးသုဝေရဲ့ နောက်ဆုံးခရီးကိုတော့ မေ ၂၁ ရက်က ရွှေပြည်သာက ကျူချောင် သုသာန်မှာ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေလည်း လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။
နောက်ဆုံးအချိန်အထိ ပါတီနိုင်ငံရေးတာ၀န်တွေကို ထမ်းဆောင်ခဲ့တဲ့ သူ့ကို ပါတီက ''သင်သွားလိုရာသွားနိုင်ပြီ'' လို့ အမိန့်ပြန်တမ်းဖတ်ပြီး အဝါရောင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အလံကို လွှမ်းခြုံထားတဲ့ အခေါင်းထဲ ထည့် လိုက်ပါတယ်။
ပြည်ချစ်တော်လှန်ရေးသမား ဦးသုဝေ
မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်နဲ့ နိုင်ငံရေးအခြေအနေကြောင့်သာ အမတ်မဖြစ်ခဲ့ပေမဲ့ ဦးသုဝေ ရဲ့ နိုင်ငံရေးဖြတ်သန်းမှုက ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်ဖြစ်ဖို့ လုံလောက်တယ်လို့ သူ့နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေက ယုံကြည်ကြပါတယ်။
ခေတ်၊ စနစ်တွေ အဆက်ဆက် ဖြတ်သန်းခဲ့ပေမယ့် နောက်ဆုံးအချိန်အထိ ဒီမိုကရေစီစနစ်ကိုပဲ သက်ဝင်ယုံကြည်ခဲ့တဲ့ နိုင်ငံရေးသမားအဖြစ် သူ့ကိုလူသိများပါတယ်။
သူ့ရဲ့ လူငယ်နိုင်ငံရေးသမားဘဝတုန်းကတော့ လက်ရှိ Gen Z တွေလို အာဏာရှင်စနစ်ကို တော်လှန်မှဖြစ်မယ် လို့ ယုံကြည်ခဲ့သူ တစ်ဦးဖြစ်ပြီး သူတို့တော်လှန်ရေးကို ပြည်ချစ်တော်လှန်ရေး လို့ သိကြပါတယ်။
တောင်ငူ ဇာတိဖွား၊ ရွှေကုန်သည်သား၊ ဆရာဝန်ဖြစ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ဆရာ၀န်ဘ၀ကိုမရွေးချယ်ခဲ့ပါဘူး။
အဲဒီနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားဦးသုဝေ တစ်ယောက် ဒုတိယဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းနဲ့ ဆုံပြီး နိုင်ငံရေးထဲမှာ ကြာကြာနေဖို့ ဖြစ်လာပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတော့ ဖဆပလ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး တချို့ကို အထူးအရာရှိ ရာထူးတွေပေးပါတယ်။
ဦးသုဝေက ရာထူးမယူတဲ့အထဲပါပြီး အာဏာသိမ်းအစိုးရအောက်မှာမနေချင်လို့ ၁၉၆၄ နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ရနောင်းကို စက်လှေနဲ့ကူးပါတယ်။
ထိုင်းနိုင်ငံမှာ ၃ လလောက် တိတ်တဆိတ်နေပြီး ပြန်လာဖို့ရည်ရွယ်ခဲ့ပေမယ့် သူတို့ရောက်တဲ့အကြောင်း ထိုင်းသတင်းစာတွေမှာပါသွားလို့ ပြန်လာလို့မရတော့ဘဲ ထိုင်းမှာ ၁၆ နှစ် အထိ ကြာခဲ့ပြီး ထိုင်းမှာပဲ အိမ်ထောင်ကျပါတယ်။ သား ၂ ယောက် သမီး ၁ ယောက်ထွန်းကားပါတယ်။
ဦးသုဝေ ထိုင်းကိုထွက်တာ ဦးနုထက်စောပါတယ်။ ထိုင်းမှာ ဦးနုနဲ့ ပေါင်းပြီး ပါလီမန်ဒီမိုကရေစီပါတီထောင်ရာမှာ ပါဝင်ခဲ့ပြီး အလုပ်အမှုဆောင်ဖြစ်လာပါတယ်။
ပါလီမန်ဒီမိုကရေစီပါတီရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်ပြီး ပြည်ချစ်လူငယ် အသံလွှင့် အဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
''တော်လှန်ရေးလုပ်ပါမယ်ဆိုမှ သေနတ်မကိုင်ရဘဲ အသံလွှင့်ရတယ်'' လို့ ဦးသုဝေ က ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိ ဖြစ်တဲ့ 'ပါလီမန်ဒီမိုကရေစီ နဲ့ ကျွန်တော်' စာအုပ် မှာ ထည့်ရေးပါတယ်။
စိတ်ထားနူးညံ့ပြီး အနေအေးတဲ့ ဦးသုဝေ ရဲ့ သွင်ပြင်ဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လည်း မလိုက်ဖက်ပါဘူး။
''ဒါပေမဲ့ လက်နက်ကိုင်တိုက်ရမယ့် တာဝန်ဆိုရင်တော့ ကျွန်တော်က တိုက်ပွဲတွေကြားမှာ ကိုယ်တိုင် ထိထိရောက်ရောက်ရှိနေမှာပါ'' လို့ သူက ဆိုခဲ့ပါတယ်။
အသံလွှင့်တော့ ဦးနုက ဦးဆောင်မှုပေးပြီး သမီးဖြစ်သူ ဒေါ်သန်းသန်းနုလည်း အတူပါခဲ့ကြပါတယ်။
အသံလွှင့်ခြင်းဟာ ပြည်ချစ်တော်လှန်ရေး ရဲ့ အဦးအစ လက်နက် လို့ ထိုင်းမှာ နေတုန်း သတင်းအယ်ဒီတာလည်းလုပ်ဖူးတဲ့ ဦးသုဝေ ကပြောခဲ့ပါတယ်။
ပထမဆုံး စစ်တပ်အာဏာသိမ်းမှုကို တော်လှန်တုန်းက ဦးသုဝေရဲ့ အယူအဆက
'' အောင်မြင်တဲ့တော်လှန်ရေးသာဆိုရင် အရာရာဟာ အမွှမ်းတင်သူတွေနဲ့ပြည့်လျှမ်းနေမှာပါ။ ချီးကျူးဂုဏ်ပြုမှုတွေများလွန်းလို့ အပြစ်ဆိုဖွယ်ကွက်လပ်တောင် ကျန်မှာမဟုတ်ပါဘူး။ ပြိုကျသွားတဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်ပြန်တော့ လုပ်ခဲ့သမျှ ဟာကွက် ပျော့ကွက်၊ ချွတ်ယွင်းချက်တွေ ဖြစ်သွားပြန်ရော။ ဒါပေမဲ့ ဘယ်တော်လှန်ရေးမျိုးပဲဖြစ်ဖြစ် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အကောင်းအဆိုး အကြောင်းအကျိုး ဒွန်တွဲရှိသည်ချည်းပေါ့'' လို့ ဦးသုဝေက 'ပါလီမန်ဒီမိုကရေစီ နှင့် ကျွန်တော်' စာအုပ်မှာ ထည့်ရေးပါတယ်။
ဦးသုဝေ ဟာ ၁၉၈၀ ခုနှစ်မှာ နိုင်ငံတော်ကောင်စီ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ပါလီမန်ဒီမိုကရေစီပါတီဝင်တွေနဲ့အတူ ပြည်တော်ပြန်ဝင်ပါတယ်။
သူဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ဦးနုနဲ့အတူရပ်တည်ပါတယ်။
အဲဒီနောက် ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရေစီပါတီ ထောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်တာ ရှုံးခဲ့ပါတယ်။
အဲ့ဒီနောက် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့လို့ နိုင်ငံရေးအကျဉ်းသားအဖြစ် ၁၀ နှစ်လောက် ထောင်ကျခဲ့ပါတယ်။
ပြည်သူထဲက နိုင်ငံရေးသမား
ဦးသုဝေက ပြည်တွင်းမှာ နိုင်ငံရေးထိပ်သီးတွေနဲ့ အဆက်အသွယ်ကောင်းတွေရှိသလို ပြည်ပမှာဆိုရင်လည်း ထိုင်းမှာ ၁၆ နှစ်ကြာပြီး ဥရောပနိုင်ငံအများစုအပါအဝင် နိုင်ငံ ၂၀ ဝန်းကျင်လောက် ရောက်ဖူးပါတယ်။
ဒီလိုနိုင်ငံရေးသမားတစ်ယောက်က ရန်ကုန်မြို့မှာ မြို့ပတ်ရထား နဲ့ ဘတ်(စ)ကားကိုပဲ အများဆုံးအသုံးပြုသွားလို့ သူ့ရဲ့ ရိုးဂုဏ်ကို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက မှတ်မှတ်ရရ ချီးကျူးပါတယ်။
ဦးသုဝေခေါင်းချသွားတဲ့ ရွှေပြည်သာအိမ်ကနေ ပါတီရုံးချုပ်ရှိရာ မြို့ထဲကို မြို့ပတ်ရထား နဲ့ ဘတ်စ်ကားကိုပဲ အားကိုးပြီး နှစ်ပေါင်းများစွာ သွားလာခဲ့တာဖြစ်ပါတယ်။
''နိုင်ငံရေးသမားဆိုတာ ပြည်သူနဲ့ ကင်းကွာလို့မရဘူး။ ပြည်သူကြားမှာနေရတယ်'' လို့ ဦးသုဝေက ပြောဖူးတဲ့အကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီဝင်ဟောင်း ဒေါက်တာညိုညိုသင်းကပြောပါတယ်။
လွှတ်တော်ထဲကိုမရောက်ခဲ့ပေမယ့် ဦးသုဝေရဲ့နိုင်ငံရေးဖြတ်သန်းမှုကြောင့် ၂၀၁၀ နောက်ပိုင်း အစိုးရသက်တမ်း နှစ်ဆက်လုံးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။
မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု့ (ISP-Myanmar) က ဦးအောင်သူငြိမ်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလတွေမှာ ဦးသုဝေ သဘာပတိလုပ်တာတွေ ကြုံရဖူးတာကို ပြန်ပြောပြပါတယ်။
"ဥက္ကဋ္ဌတစ်ထောင် ညှိနှိုင်းပွဲမို့ ထိန်းသိမ်းရခက်ပါတယ်။ ပြီးတော့ အဖြေကမထွက်၊ ထမင်းဆာလာ ကြလို့ နံနက်ပိုင်းနားမယ်ဆိုတော့ သူပြောတဲ့မိန့်ခွန်းထဲက ပုံပြင်လေး မှတ်မိနေပါသေးတယ်။ ငှက်တစ်ကောင်ကို လက်ထဲကိုင်ထားပြီး၊ အသေလား- အရှင်လား မေးခွန်းထုတ်တဲ့ အကျပ်အတည်း" ပါ။ အသေလို့ဖြေရင် အရှင် လွှတ်ပေးလိုက်မယ်။ အရှင်လို့ဖြေရင်လည်း ညှစ်သတ်လိုက်မယ်။ ဘယ်လိုဖြေဖြေ ဒိုင်လုပ်သူ လက်ထဲရှိနေတဲ့ အကျပ်အတည်းကို သူက ပြောပြခဲ့တာပါ။ '' လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
''အသက်အရွယ် လင့်နေပြီ ဖြစ်ပေမဲ့ အစည်းအဝေးတွေကို မမောမပန်း ရအောင်လာတယ်။ တာဝန်တစ်ခုလို လာတယ်။ Public transportation နဲ့ လာတယ်။ သူ့ဘဝဟာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး အတွက် ဖြစ်ခဲ့တယ်။ '' လို့ သူကဆက်ပြောပါတယ်။
အာဏာသိမ်းတာ သုံးခါ ကြုံရ
ဦးသုဝေက ၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာသိမ်းတာကို မကြိုက်လို့ ထိုင်းကိုထွက်ပြီး တော်လှန်ခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ သူမကြိုက်တာကို သူ့ဘဝမှာ ထပ်ကြုံရပြီး ၁၉၈၈ မှာ တစ်ခါ အာဏာသိမ်းမှုကို ကြုံရပြန်ပါတယ်။
ဒါတင်မကပါဘူး။ အသက် ၉၀ နားနီးမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ထပ်ကြုံရပြန်ပါတယ်။
သူ့ရဲ့ရှည်လျားတဲ့ နိုင်ငံရေးဖြတ်သန်းမှုအရ တပ်ကအချိန်မရွေး အာဏာသိမ်းနိုင်တယ်ဆိုတာကို လက်ခံယုံကြည်ထားသူဖြစ်ပြီး အရပ်ဘက်နိုင်ငံရေးသမားတွေကို သတိပေးလေ့ရှိပါတယ်။
NLD နဲ့ စစ်တပ် တင်းမာနေချိန်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလမ်းကြောင်းဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ခေါ်စေချင်တဲ့ဘက်ကဖြစ်ပါတယ်။
ဒါပေမဲ့ အာဏာမသိမ်းခင် ၂၀၂၀ သြဂုတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားတွေ့တဲ့ ပါတီ ၃၄ ခုထဲ ဦးသုဝေရဲ့ ပါတီလည်းပါလို့ ဝေဖန်ခံရပါတယ်။
ပါတီကသွားတွေ့ပေမယ့် ငြိမ်းချမ်းရေးကိစ္စ တာဝန်ယူထားလို့ သူကိုယ်တိုင်တော့ သွားမတွေ့ခဲ့ဘူးလို့ ဦးသုဝေက မီဒီယာတွေကိုပြောခဲ့ပါတယ်။
၁၉၆၂ နဲ့ ၁၉၈၈ ထက် ကြမ်းတမ်းဆိုးရွားတဲ့ အာဏာသိမ်းပြီးနောက်ဆက်တွဲအခြေအနေတွေကို သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ ဦးသုဝေကြုံခဲ့ရပါတယ်။
မြန်မာ့နိုင်ငံရေးကို ရှည်လျားစွာဖြတ်သန်းခဲ့ရပေမယ့် ''ဦးသုဝေတစ်ယောက် သူမြင်ချင်တဲ့နိုင်ငံကို မြင်မသွားရရှာဘူး'' လို့ သူ့မိတ်ဆွေတွေကပြောပါတယ်။