လူရာချီအဖမ်းခံထားရတဲ့ မန္တလေးကျောက်ဝိုင်းအမှု ၅ လ အကြာ

ရေးသားခဲ့သည်။

မန္တလေးမြို့မှာ အွန်လိုင်းကတဆင့် Wechat ကျောက်အရောင်းအဝယ်လုပ်သူတွေကို လိုင်စင်မဲ့ ရောင်းဝယ်မှုနဲ့ အဖမ်းခံထားရတာ ဒီလ ၂၀ရက်ဆို ငါးလရှိခဲ့ပြီဖြစ်ပြီး အမှုအခြေအနေကတော့ တရားခွင်အမှုများလို့ တရားလိုပြသက်သေ စစ်ဆေးဆဲအဆင့်ပဲ ဖြစ်တယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

"မြို့နယ်တစ်ခုတည်းကို အရင်က တရားခွင်နှစ်ခုပဲ။ ပြီးခဲ့တဲ့အပတ်ကစပြီး သုံးခု ပြောင်းထိုင်တယ်။ လိုပြ သစ်သေစစ်တဲ့ အဆင့်ပဲ ရောက်သေးတာ။ အာမခံကိစ္စနဲ့ ပက်သက်ပြီး ခရိုင်ရုံးတက်နေတော့ အမှုတွဲတွေက မရှိလို့ စစ်မရဘူးဖြစ်နေတာ"လို့ ကျောက်မျက်အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၀ရက်က ၄၃နဲ့ ၄၄လမ်းကြားနဲ့ ၈၄လမ်းနဲ့ ၈၆x၈၇လမ်းကြား ၁၅x၁၆လမ်းကြားက ကျောက်လုပ်ငန်း ကုမ္ပဏီတွေမှာ အွန်လိုင်းကတဆင့် WeChat နဲ့ ကျောက်အရောင်းအဝယ်လုပ်တဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်အပါဝင် အယောက် လေးရာကျော် ဖမ်းဆီးခံခဲ့ရတာပါ။

ဒီနှစ် ဇန်နဝါရီ ၃၁ရက်နေ့မှာ ကျောက်လက်ဝယ်မရှိသူ တရုတ်နိုင်ငံသား ၁၈ဦးအပါဝင် ၁၉၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ကျန်ခဲ့တဲ့ အယောက်နှစ်ရာကျော်ကို ကျောက်လက်ဝယ်တွေ့ရှိမှုအဖြစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေထဲက ကျောက်မျက်ရတနာ အရိုင်း/ အချောထည်/ လက်ဝတ်ရတနာ ရောင်းဝယ်လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ လုပ်ကိုင်လို့ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာ ဒီနှစ် မေ ၂၀ ဆို ငါးလပြည့်ပြီဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်လူမျိုးတွေပါ ပါဝင်လို့ လ၀က ဥပဒေနဲ့ပါ ထပ်တိုးစွဲဆိုမယ်လို့ သိရကြောင်း အမှု့လိုက် ရှေ့နေအသိုငိးအဝိုင်းက ပြောပါတယ်။

တရားစွဲခံရသူအားလုံးဟာ အထူးတရားရုံးဖြစ်လို့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရှိသလို ကိုဗစ်စည်းကမ်း ကန့်သတ်ချက်ကြောင့် ထောင်ဝင်စာတွေ့ဖို့ အခက်ခဲလည်း ရှိနိုင်တယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

"မိသားစုဝင်တွေက အထူးတရားရုံးဖြစ်လို့ တွေ့ခွင့်ရမှာမဟုတ်ပါဘူး။ တရားခံစစ်ပြီး ခံပြသက်သေအဖြစ် ထည့်ရင် တွေ့လို့ရမှာပါ။ ပုဒ်မ ၅၀၅ ၊ အကြမ်းဖက်စွဲဆိုခံရသူတွေလည်း သူတို့ထက် အရင်ပဲ။ ဘယ်သူမှ တွေ့ခွင့် မရသေးပါဘူး"လို့ လက်ရှိအမှုတွေ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

ဒီလို လချီကြာအောင် ဖမ်းဆီးခံရတဲ့ ကျောက်လုပ်ငန်းလုပ်သူတွေကို ထောင်ဝင်စာရော အမှု့ရုံးချိန်းတွေမှာပါ တွေ့ခွင့်မရကြလို့ အမှု့ရုံးချိန်း အမိန့်ချဖို့ မျှော်လင့်ကြောင်း ဖမ်းဆီးခံရသူ မိသားစုဝင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မီးဖွားခဲ့တဲ့ အမျိုးသမီးတဦးက သူ့ခင်ပွန်းဟာ ကျောက်လုပ်ငန်းလုပ်ကိုင်ချိန် ဖမ်းဆီးခံရသူတွေထဲ ပါသွားလို့ လက်ရှိအချိန်ထိ အဆက်သွယ်မရတာကြောင့် ကျောက်မျက်အမှုအတွက် ဒဏ်ကြေးဆောင်ပြီး ပြန်လွှတ်ပေးဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အွန်လိုင်းကတဆင့် WE chat နဲ့ ကျောက်အရောင်းအဝယ်လုပ်သူ ၄၀၀ ကျော်ဟာ စည်ပင်က ဖွင့်လှစ်ထားတဲ့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ အရောင်းအဝယ်မလုပ်လို့ အဖမ်းခံရတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းဟာ နေ့စဉ် လူပေါင်း သိန်းချီအရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဒါကြောင့် ကိုဗစ်စဖြစ်ကတည်းက ပိတ်ထားခဲ့တာပါ။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း စစ်ကောင်စီက အခွန်ရရှိဖို့ မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် စခန်းအတွင်း အရောင်းအဝယ်ပြုလုပ်သူ မရှိသလောက် ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီအတွက် စခန်းဝင်ကြေး အခွန်မရရှိအောင်၊ မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းမှာ ကျောက်အရောင်းအဝယ်ပြုလုပ်ရင် အသက်အန္တရာယ်အတွက် တာဝန်မယူဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလပိုင်းမှာ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်းအတွင်း We chat နဲ့ ကျောက်အရောင်းအဝယ် ဆိုင်တချို့ ပြန်လည် ဖွင့်လှစ်တာတွေ ရှိလာပါတယ်။

ဒီနောက်ပိုင်း မကြာခဏဆိုသလို ကျောက်မျက်ရောင်းဝယ်ရေးစခန်း အတွင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။ ကျောက်လုပ်ငန်းလုပ်ကိုင်သူအများစုက ကျောက်မျက်ရောင်းဝယ်ရေးစခန်း အပြင်ဘက် ပျံကျဝိုင်းတွေနဲ့ ကျောက်ကုန်သည်တွေ အရောင်းအဝယ်ပြုလုပ်မယ့် နေရာတွေမှာသာ ကျောက်အရောင်းအဝယ် လုပ်ကိုင်နေတာ အခုချိန်ထိ ဖြစ်ပါတယ်။

ဒီလို သီးသန့်နေရာဖြစ်နေတဲ့ ကျောက်လုပ်ငန်း ကုမ္ပဏီတချို့မှာ ဖမ်းဆီးခံရသူအားလုံးဟာ အခုအခါ အောင်မြေသာစံနဲ့ မဟာအောင်မြေမြို့နယ် အိုးဘိုအထူးတရားရုံးမှာ တရားရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ကျောက်မျက်ရုံးချိန်းတွေကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့တိုင်း စစ်ဆေးပြီး လာမယ့် ကျောက်မျက်ရုံးချိန်းက မေ ၂၄၊ ၂၆ ရက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ဒီလို ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေကို ရာကျော်ဖမ်းဆီးတာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ အဲ့ဒီဖမ်းဆီးမှုကြောင့် မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းမှာလည်း အရောင်းအဝယ်တွေ ရပ်တန့်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

မန္တလေးမြို့ မြို့နယ်နှစ်ခုက ကျောက်မျက်အရောင်းအဝယ် လုပ်သူတွေ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ပါရှိတဲ့ ကျောက်တန်ဖိုးနဲ့ ငွေကြေးတွေဟာ ကျပ်သိန်းပေါင်း သောင်းချီရှိတယ်လို့ ဒေသခံကျောက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အဲ့ဒါကြောင့် ဖမ်းဆီးခံရစဉ်က ကျောက်စိမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖုန်း၊ မော်တော်ယာဉ်နဲ့ ငွေကြေးတွေကို ပြန်လည်ထုတ်ယူနိုင်ဖို့ အဖမ်းခံရသူအတွက် အာမခံရရှိဖို့ မိသားစုဝင်တွေက တောင်းဆိုကြတယ်လို့ အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေတွေက ပြောပါတယ်။

အဖမ်းခံရစဉ် လက်ဝယ်တွေ့ရှိတဲ့ ကျောက်စိမ်းမှအပ အဖမ်းခံရသူတွေရဲ့ ယာဉ်တွေနဲ့ဖုန်းတွေကို ဧပြီ ၅ ရက်နေ့မှာ ထုတ်ပေးဖို့ရှိတယ်လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ လျှောက်လွှာရောင်းချတဲ့အဆင့်မှာပဲ ရှိလို့ လက်မှတ်ထိုးပြီး စောင့်ဆိုင်းနေရတယ်လို့ အမှုလိုက်ပါဆောင်ရွက် ပေးနေသူ ရှေ့နေတွေက တွေ့ကြုံနေရတဲ့ အခြေအနေကို ပြောပါတယ်။