မြစ်ကြီးနား မီးရထားစီဒီအမ်တွေ စားဝတ်နေရေး ခက်ခဲနေဆဲ

ရေးသားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားက မီးရထား ဝန်ထမ်း CDM တွေက အခုထိ စားဝတ်နေရေး ခက်ခဲနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ လောက်ကနေစပြီး တချို့ မီးရထား CDM ဝန်ထမ်းတွေက လိုင်းခန်းကနေ ပြောင်းရွှေ့ပြီး အိမ်ငှားနေတာ၊ နေ့စားအလုပ် ပြီး နေထိုင်တာတွေ ရှိနေပေမဲ့ အခက်အခဲကတော့ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ထမ်းတွေအတွက် ငွေကြေးလှူဒါန်းမှုတွေအနေနဲ့ အစကနဦးမှာတော့ လှူဒါန်းတာတွေများပေမဲ့ အခုနောက်ပိုင်း အကြောက်တရားကြောင့် လှူဒါန်းသူတွေလည်း မရှိသလောက်ဖြစ်နေတယ်လို့ ပြောပါတယ်။

အဲဒီလို စားဝတ်နေရရေး အခက်အခဲတွေကြောင့် Non-CDM လုပ်သွားသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

တချို့ဝန်ထမ်းတွေကတော့ ဝန်ထမ်းတစ်ယောက်ရဲ့လစာကို မိသားစုတွေ မှီခိုနေရတာကြောင့် အခု CDM တစ်ယောက်ရဲ့ နေ့စားဝင်ငွေနဲ့ အစစအရာရာဖြေရှင်းနေရတဲ့ခါမှာ အခက်အခဲ တွေ ဖြစ်နေကြတာဖြစ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်ကျော် လပေါင်း ၁၃၊၁၄ လ အထိရှိလာချိန်မှာ ဝန်ထမ်းတွေ အနေနဲ့ လိုင်းခန်းကလည်း ဖယ်ရှားခံရ၊ အိမ်ငှားရာမှာလည်း အဆင်မပြေ၊ ငွေကြေးလည်း အဆင်မပြေသူတွေက Non-CDM ပြန်ဖြစ်သွားတယ်လို့ မီးရထား ဝန်ထမ်း တစ်ယောက်က CDM သမားတွေရဲ့အခက်အခဲတွေကို ပြောပါတယ်။

" ကျွန်တော်တို့တောင် မနည်းတောင့်ခံနေရတာ။ စားဖို့သောက်ဖို့ ဝင်ငွေမရှိတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေကတော့ မလုပ်ကြဘူးပေါ့ဗျာ။ ဖိအားတွေလည်း ရှိတယ် နောက်ကျောမလုံတော့ လုပ်ဖြစ်သွားတယ်" လို့ သူက ပြောပါတယ်။

"ဘယ်လောက်ထိ ခက်ခဲလည်းဆိုဗျာ၊ ရိုးရိုးလေးတွေးကြည့်ပါ ကျွန်တော်တို့အပြင်မှာ အောက်ခြေလူတန်းစား တစ်ယောက်က ရှာစားရတဲ့အလုပ် မိသားစုရှိတဲ့လူဆိုရင် ဝန်ထမ်းတော်တော်များများက မိသားစုရှိတဲ့လူတွေပါပဲ။ ပြီးရင် မိသားစုအတွက် ဒီ CDM ဝန်ထမ်းတစ်ယောက်က ရှာရတယ် ။ အဲဒီမှာနေ့စားခ လေးငါးခြောက်ထောင်/တစ်သောင်းကို အိမ်ငှားခ ၊ မီတာခ တွေပေးရတယ်။ CDM ကြောင့် မို့ ခက်ခဲတာမဟုတ်ပါဘူး တခြားလူတွေလည်း ခက်ခဲတာပေါ့ ဒါပေမဲ့ ကျွန်တော်တို့က CDM သမားတွေဆိုတော့ ခက်ခဲတဲ့နေရာရောက်တော့ ပိုခက်ခဲသွားကြတာပါပဲ။"

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ မီးရထားဝန်ထမ်း CDM လုပ်သူ ၁၀၀ ကျော်လောက်ရှိပြီး အခု နောက်ပိုင်း ခန့်မှန်း စာရင်းအရ ၆၀ကျော်လောက်ပဲ ရှိတော့တယ်လို့ CDM ဝန်ထမ်းတွေဆီက သိရပါတယ်။