အမ်းမြို့က နေအိမ်နဲ့ ဈေးဆိုင်ခန်းပေါင်း ၂၀၀ ခန့် စစ်ကောင်စီက ဖျက်ခိုင်း

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် အမ်းမြို့ပေါ် လေယာဉ်ကွင်းရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ်ပေါင်း ၂၀၀ လောက်ကို စစ်ကောင်စီက ဖိအားပေးမှုကြောင့် ဖြိုဖျက်ပေးနေရတယ်လို့ အမ်းမြို့ခံတွေနဲ့ ကာယကံရှင်တွေက ပြောဆိုကြပါတယ်။

အဲ့ဒီနေအိမ်နဲ့ ဈေးဆိုင်ခန်းတွေဟာ ယခင်ဆေးရုံဟောင်းနေရာ၊ မြို့နယ်အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီ ရုံးဟောင်းနေရာ၊ ရဲစန်းဟောင်းနေရာနဲ့ လေယာဉ်ကွင်းဧရိယာအတွင်းမှာရှိတဲ့ အဆောက်အဦးတွေဖြစ်ကြတယ်လို့ နေအိမ်ဖြိုဖျက်ခံရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူတို့တွေဟာ အဲ့ဒီနေရာတွေမှာ နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ၂၄ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သလို အမ်းမြို့သစ်နေရာမှာ ရုံးအဆောက်အဦးတွေကို ပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်းမှာ မြို့ခံတွေက စီးပွားရေးလုပ်ကိုင်ကြသူတွေနဲ့ နေစရာနေရာမရှိကြသူတွေက အဆောက်အဦးတွေ ဆောက်လုပ်ပြီး နေထိုင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အခု စစ်ကောင်စီလက်ထက်မှာ အဲ့ဒီနေရာက နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေကို ဘာကြောင့်ဖြိုဖျက်ခိုင်းရတယ်ဆိုတာကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

အမ်းမြို့ဟောင်းပိုင်းဟာ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က လေယာဉ်ကွင်းစီမံကိန်းကြောင့် တစ်ကြိမ်ဖြိုဖျက်ခဲ့ရပြီး အဲ့ဒီနေရာတွေမှာ ကျန်ရှိနေတဲ့ နေအိမ်တွေကို ထပ်မံဖယ်ရှားဖို့ စစ်ကောင်စီက အာဏာသုံး ဖိအားပေးနေတာဖြစ်တယ်လို့ နေအိမ်ဖြိုဖျက်ခံရတဲ့ အမျိုးသမီးက ပြောပါတယ်။

"ထွေအုပ် ဧရိယာမှာ ရှိတဲ့ဈေးဆိုင်တွေ၊အိမ်တွေ၊ လေယာဉ်ကွင်းဧရိယာ ခြံစည်းရိုးအပြင်ဘက်မှာရှိတဲ့ ဈေးဆိုင်တွေ၊ နေအိမ်တွေကိုတော့ ဧပြီ ၃၀ ရက်နေ့မှာ နောက်ဆုံးထားဖျက်ပေးရမယ်လို့ ထွေအုပ်ရုံးမှာ အစည်းအဝေးခေါ်ပြီးတော့ ညွှန်ကြားတာရှိတယ်ပေါ့နော်။ မတ်လ ၂၀ ရက်နေ့က အစည်းအဝေးခေါ်ပြီး အဲ့လိုဆုံးဖြတ်လိုက်တယ်ပေါ့။ အခုတော့ ကိုယ့်အိမ်ကိုယ် ဖြိုနေကြတယ်။ မဖြိုလို့ရှိရင် အင်အားသုံးပြီး စက်ယန္တရားတွေနဲ့လာဖြိုရင် ဘာမှရမှာမဟုတ်ဘူးဆိုပြီး ဖြိုဖျက်နေကြတယ်။"လို့ အမ်းမြို့ခံ ဦးမျိုးလွင်က ပြောပါတယ်။

အမ်းမြို့ဟာ ရခိုင်ပြည်နယ်အလယ်ပိုင်းက အမ်းရိုးမပေါ်မှာ တည်ရှိတဲ့မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်းအဖွဲ့အစည်းတွေအနေနဲ့လည်း အဲ့ဒီနေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို နေရာကနေ ဘာကြောင့် ဖယ်ရှားရတယ်ဆိုတာကိုလည်း ကာယကံရှင်တွေကို အသိပေးပြောကြားတာမရှိဘဲ ရဲစခန်းဟောင်း၊ ဆေးရုံဟောင်းနဲ့ မယက ရုံးဟောင်းနေရာတွေ အဆောက်အဦးတွေကို ဧပြီ ၃၀ ရက်နေ့မှာ နောက်ဆုံးထားဖြိုဖျက်ခိုင်းပြီး လေယာဉ်ကွင်းဧရိယာ အတွင်းက အဆောက်အဦးတွေကိုတော့ မေလ ၂၁ ရက်နေ့မှာ နောက်ဆုံးထားပြီး ဖြိုဖျက်ပေးဖို့ အသိပေးကြောညာစာ လာကပ်ထားတယ်လို့ အမ်းမြို့ခံတွေက ပြောဆိုကြပါတယ်။

အဲ့ဒီနေရာတွေမှာ လမ်းနဲ့နီးကပ်ပြီး အရှေ့မျက်နှာစာက ဈေးဆိုင်နဲ့နေအိမ်တွေ ဆောက်လုပ်နေထိုင်သူတွေကို ယခင်အစိုးရလက်ထက်မှာ စည်ပင်နဲ့သက်ဆိုင်ရာဌာနတို့ကို လစဉ်ကြေးအဖြစ် ပေးဆောင်ခဲ့ကြရပြီး NLD အစိုးရလက်ထက်မှာ ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

အခု နေအိမ်တွေကို ဖြိုဖျက်တဲ့အခါမှာတော့ လစဉ်အခွန်ငွေပေးဆောင်ခဲ့ရတဲ့ စီပွားရေးလုပ်ငန်းလုပ်ကိုင်သူ ၈၀ လောက်အတွက် တခြားနေရာမှာ နေအိမ်တွေဆောက်လုပ်ပြီး နေရာ ချထားပေးဖို့ပြင်ဆင်နေပေမယ့် အတွင်းဘက်မှာ နေထိုင်ခဲ့ကြတဲ့ ဆင်းရဲသားတွေအတွက် နေရာထားပေးမှာ မဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။

"ရဲစခန်းမြေရဲ့ အရှေ့မျက်နှာစာမှာ နေတဲ့လူတွေ၊ ဆေးရုံဟောင်းရဲ့ အရှေ့မျက်နှာစာမှာ နေတဲ့လူတွေကို နေရာပေးမယ်လို့ ပြောတာရှိတယ်။ ကျွန်မတို့ကကျတော့ အဲ့ဒီရဲ့အနောက်ဘက်တွေမှာ နေကြတာပါ။ မရှိတဲ့လူတွေကို တော့မပေးဘူး။ စီးပွားရေးသမားတွေကိုတော့ ပေးတယ်။ ကျွန်မတို့ကတော့ အိမ်ရာပေးမယ့်အထဲမှာ မပါဘူး။"လို့ နေအိမ်ဖြိုဖျက်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နေအိမ် ဖယ်ရှားခံရတဲ့ ဆင်းရဲသားတွေက သူတို့ကို နေရာတစ်နေရာချထားပေးဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကို သွားရောက်တောင်းဆိုခဲ့ကြပေမယ့် နေရာချထားပေးဖို့ အစီစဉ်မရှိကြောင်းနဲ့ ဘုန်းကြီးကျောင်းမှာ သွားနေကြဖို့ ပြောဆိုကြောင်း နေအိမ်ဖြိုဖျက်ခံရသူတွေက ပြောကြပါတယ်။

ဈေးဆိုင်ခန်းတွေနဲ့ အခွန်ဆောင်ပြီး နေထိုင်ခဲ့ကြသူတွေကိုတော့ သုဿန်အနီးက မြေကွက်လပ်မှာ နေရာချပေးသွားမယ်လို့ သိရကြောင်း အမ်းမြိုခံ ဦးမျိုးလွင်က ပြောပါတယ်။

အမ်းမြို့ဟာ ယခင်ကတည်ရှိခဲ့တဲ့ မြို့ဟောင်းနေရာသာ ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လို့ရပြီး မြို့သစ်နေရာဟာ သွားလာရေးခက်ခဲတာကြောင့် စီးပွားရေးလုပ်ကိုင်သူတွေအတွက် အဆင်မပြေတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။