ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေပြင်းကြောင့် ပျက်စီးသွားတဲ့ ရခိုင်စစ်ရှောင်စခန်းတွေ ပြန်ပြုပြင်ဖို့ အကူညီလိုအပ်
ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဧပြီလ ၂၀ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ်တွေ၊ အဆောက်အအုံတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေ တော်တော်များများ ပျက်စီးသွားခဲ့တဲ့အတွက် အဲဒါတွေ ပြုပြင်ဖို့အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီပြိုပျက်သွားတဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် တာပေါ်လင်စတွေ မိုးကာပြီး ဖြစ်သလိုနေထိုင်နေကြရတယ်လို့ မြောက်ဦးမြို့ပေါ်မှာရှိတဲ့ မြို့ဦးခေါင်းဆရာတော်က မိန့်ကြားပါတယ်။
လေပြင်းတိုက်ခတ်ခဲ့တဲ့နေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကနေ ပြိုပျက်သွားတဲ့နေအိမ်တွေအတွက် တာပေါ်လင်စတွေ လာရောက်အကူအညီပေးထားပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ပြည်နယ်ကောင်စီတို့ ဘက်ကတော့ အကူအညီတွေ မရရှိရသေးဘူးလို့ စခန်းတာဝန်ခံတွေက ပြောဆိုကြပါတယ်။
"မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ဌာနဆိုင်ရာတွေတော့ ရောက်လာပြီး ဓါတ်ပုံတွေရိုက်သွားတယ်။ ဘာမှလည်း ပြောမသွားဘူး"လို့ မြို့ဦးခေါင်းဆရာတော် ဦးဝဏ္ဏသာရက မိန့်ပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ပေါ်က နောက်ထပ်ပျက်စီးသွားခဲ့တဲ့ စခန်းတွေဖြစ်တဲ့ မြတန်ဆောင်စခန်းနဲ့ စင်ဘောကိုင်းစခန်းတို့မှာလည်း အလားတူနေထိုင်နေကြရပြီး အဲ့ဒီနေအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။
အခုလို သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားတဲ့ စစ်ဘေးရှောင်နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေတာနဲ့ပတ်သက်လို့ ပြည်နယ်စီမံအုပ်ချုပ်ရးကောင်စီကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။
မြောက်ဦးမြို့နယ်အတွင်းမှာ မြို့ဦးခေါင်းစခန်း၊ မြတန်ဆောင်းစခန်းနဲ့ စင်းဘောကိုင်းစခန်းတို့မှာ နေအိမ်အများအပြားပျက်စီးသွားခဲ့ပြီး ကျောက်တော်မြို့နယ် ညောင်ချောင်းစခန်း၊ တောင်မင်းကုလားစခန်းနဲ့ ဝါးတောင်စခန်းတို့အပြင် မင်းပြားမြို့နယ်က စခန်းတချို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ပျက်စီးသွားတဲ့နေအိမ် အရေအတွက်ကတော့ မြို့ဦးခေါင်းစခန်းမှာ ၁၆၀ လုံး၊ မြတန်ဆောင်းစခန်းမှာ ၁၈၀ ကျော်၊ စင်းဘောကိုင်းစခန်းမှာ ၁၂၀ ခန့်၊ ညောင်ချောင်းစခန်းမှာ ၂၉၀ ခန့်၊ ဝါးတောင်စခန်းမှာ ၁၀၀ ကျော်၊ တောင်မင်းကုလားစခန်းမှာ ၂၀ ခန့်နဲ့ တခြားစခန်းတွေမှာလည်း ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဧပြီလ ၂၀ ရက်နေ့လယ်ပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် မြို့နယ်သုံးခုအတွင်းက စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ နေအိမ်ပေါင်း ၉၀၀ လောက်ပျက်စီးခဲ့ရပြီး အဲ့ဒီနေအိမ်တွေကို မိုးမကျမီ ပြန်လည်တည်ဆောက်ပေးဖို့ အရေးတကြီးလိုအပ်နေတာ ဖြစ်ပါတယ်။
"ဒီစခန်းတွေက သုံးနှစ်လောက်ကိုမှန်းပြီးတော့ ဆောက်ထားတဲ့နေအိမ်တွေပါ။ အခုက သုံးနှစ်ကျော်လာပြီဆိုတော့ နေအိမ်တွေလည်း မကောင်းတော့ဘူး။ မိုးသက်လေပြင်းနဲ့လည်း ကြုံရတယ်ဆိုတော့ ပျက်စီးကုန်တာပေါ့။ မိုးမကျခင်တော့ ဒီအိမ်တွေကို ပြန်ဆောက်ဖို့လိုအပ်နေပါတယ်။ အကူညီတွေလိုအပ်ပါတယ်"လို့ မြတန်ဆောင်းဆရာတော်က မိန့်ကြားပါတယ်။
နေအိမ်တွေပြိုပျက်သွားတာနဲ့ပတ်သက်လို့ အစိုးရဘက်က အရေးယူဆောင်ရွက်တာတွေမရှိတဲ့အတွက် အကူအညီပေးနိုင်မယ့် နိုင်ငံတာအဖွဲ့အစည်းတွေကိုပဲ အကူအညီတောင်းခံထားတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
အဲ့ဒီစစ်ဘေးရှောင် ဒုက္ခသည်စခန်းက နေအိမ်တွေဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်းက တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် အလှူရှင်တွေရဲ့လှူဒါန်းငွေတွေနဲ့ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ကြတဲ့နေအိမ်တွေဖြစ်ပြီး လက်ရှိမှာလည်း အဲ့ဒီစခန်းတွေကို ပြန်လည်တည်ဆောက်ပေးဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်လောက်က အဲ့ဒီစခန်းတွေကို စတင်ဆောက်လုပ်ခဲ့တဲ့အချိန်တွေမှာ နေအိမ်တစ်လုံးကို ကျပ်ငွေ တစ်သိန်းခန့်သာကုန်ကျခဲ့ပေမယ့် အခုနှစ်မှာတော့ သစ်ဝါးဈေးနှုန်းတွေမြင့်တက်နေတဲ့အတွက် ပြန်လည်ဆောက်လုပ်ရင် နေအိမ်တစ်လုံးအတွက် ငွေကျပ် နှစ်သိန်းလောက်ထိ ကုန်ကျနိုင်တယ်လို့ မြို့ဦးခေါင်းဆရာတော်က မိန့်ကြားပါတယ်။