ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တစ်ကျော့ပြန် ၂၆၁
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆော်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ဧပြီ ၆ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့အချက်တွေကို အလွတ်သဘောဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းကတော့ ဝန်ကြီးချုပ်တွေကို တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကခန့်အပ်နိုင်ဖို့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။
လွှတ်တော်လည်းမရှိတဲ့ အရေးပေါ်ကာလမှာ ဒီသဘောတူညီမှုအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။
NCA လမ်းကြောင်းကသွားမယ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်ရတာဖြစ်ပါတယ်။
အဲ့ဒီအစား ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကခန့်အပ်နိုင်ရေးအတွက် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ဦးစိုင်းအိုက်ပေါင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ သဘောတူညီလိုက်တာဟာ NCA လမ်းကြောင်းကတစ်ဆင့် သွားတာလို့ ပြောပြီး အပစ်ရပ်စာချုပ် အပိုဒ် ၂၂ ကို သူက ပြန်ညွှန်းပါတယ်။
NCA စာချုပ် အပိုဒ် ၂၂(ဃ)မှာ '' ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ်အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေတွေကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနဲ့ ပယ်ဖျက်ခြင်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုလုပ်ရန်သဘောတူတယ်'' လို့ ဖော်ပြထားပါတယ်။
'' လွှတ်တော်မရှိပေမဲ့ နစက က အာဏာသုံးရပ်လုံးကိုင်ထားတယ်လေဗျာ။'' လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ) ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
အာဏာမသိမ်းခင်တုန်းက တပ်ချုပ်နဲ့သွားတွေ့တဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေထဲ ဦးစိုင်းအိုက်ပေါင်းလည်း ပါဝင်ခဲ့ပြီး အဲ့ဒီလိုတွေ့ဆုံစဥ်မှာ ၂၆၁ ပြင်ဆင်ပေးဖို့အတွက် တင်ပြခဲ့ဖူးသူဖြစ်ပါတယ်။
ဒါ့အပြင် ပုဒ်မ ၂၆၁ မှာ ကယားပြည်နယ်နဲ့ ကရင် ပြည်နယ်တို့လို လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်ပဲ ရှိလာမယ့် ပြည်နယ်တွေအတွက်ရည်ရွယ်တဲ့ အချက်တစ်ချက်ကိုလည်း ထည့်သွင်းဆွေးနွေးသဘောတူခဲ့ကြပါတယ်။
''ပြည်နယ်အမတ်တွေနည်းပါးတဲ့လွှတ်တော်မှာ တကယ်လို့ ဝန်ကြီးချုပ်အရည်အချင်းပြည့်စုံတဲ့ပုဂ္ဂိုလ် မပါလာရင်ပဲဖြစ်ဖြစ် အတွေ့အကြုံမရှိရင်ပဲဖြစ်ဖြစ် အဲဒီပြည်နယ် မှာ ရှိတဲ့ အရည်အချင်းရှိတဲ့အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဒေသခံတွေထဲကလည်း ရွေးချယ်နိုင်ဖို့ ဆိုတဲ့ အချက်တစ်ချက်လည်း ထည့်ထားပေးပါတယ်"လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို တပ်မတော်က ယခင်ကတည်းက သဘောတူပြီးသားလို့ ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ပြည်ထောင်စုလွှတ်တော်ကပဲ တစ်ဆင့်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
ပြည်သူ့လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးရဲထွန်းကတော့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို အခြေခံဥပဒေလမ်းကြောင်းကမဟုတ်ဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဥပဒေတွေကတဆင့် ပြင်ဆင်ဖို့ စဥ်းစားချက်ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
အခြေခံ ဥပဒေ နဲ့ ညီ မညီ
အရေးပေါ်ကာလမှာ ဒီလိုပြဌာန်းလိုက်ရင် လွှတ်တော်တွေ ပေါ်ပေါက်လာတဲ့အခါ အခြေခံဥပဒေနဲ့ညီမညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို လျှောက်ထား မေးမြန်းမှုတွေရှိလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ခုံရုံးဟာ လွှတ်တော်တွေက ပြဌာန်းလိုက်တဲ့ ဥပဒေတွေကိုပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီမညီ ဆုံးဖြတ်ခွင့် ရှိလို့ နကစ က ပြဌာန်းပေးလိုက်တဲ့ ဥပဒေ အပေါ် ဆုံးဖြတ် ပေးနိုင်မှာ မဟုတ်ဘူးလို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
'' ဒီဥပဒေပြဌာန်းလိုက်ရင် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်းမပြုသမျှ အာဏာသက်ရောက်နေမှာပဲလေ'' လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
ဒီအကျိုးဆက်က ၂၀၂၃ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့တဲ့အခါ ဝန်ကြီးချုပ်တွေကို တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေက ရွေးကောက်တင်မြှောက်မှုကို ချက်ချင်းကျင့်သုံးနိုင်ခြေလည်း ရှိနေပါတယ်။
'' ပြည်နယ်တွေက အစိုးရဖွဲ့နိုင်ခြေရှိတဲ့ တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲဝင်လာအောင် စည်းရုံးတဲ့သဘောလည်းပါတာပေါ့'' လို့ ပုဒ်မ ၂၆၁ တစ်ကျော့ပြန်လာတဲ့ အပေါ် ဦးရဲထွန်းက သုံးသပ်ပါတယ်။
ပုဒ်မ ၂၆၁ ရဲ့အတိတ်
ပုဒ်မ ၂၆၁ ဟာ အာဏာရပါတီတွေ မပြင်ချင်တဲ့ ပုဒ်မလို့ နာမည်ကြီးပါတယ်။
ကြံ့ခိုင်ရေးအများစုရှိတဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ NLD နဲ့ တိုင်းရင်းသားပါတီတချို့က ဒီပုဒ်မကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
တစ်ခါ NLD အများစုရှိတဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ တပ်မတော်က ကြိုးစားခဲ့ပေမယ့် NLD အမတ်တွေသဘောမတူတာကြောင့် မအောင်မြင်ခဲ့ပြန်ပါဘူး။
အာဏာမရခင်တုန်းက ဒီပုဒ်မကိုပြင်ချင်တဲ့ NLD လည်း ပြောင်းလဲခဲ့သလို အာဏာရတုန်းက မပြင်ချင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကလည်း အတိုက်အခံဖြစ်လာတော့ ဒီပုဒ်မကို ပြင်ချင်လာပြန်ပါတယ်။
ပုဒ်မ ၂၆၁ နဲ့ပတ်သက်လို့ ထင်ရှားတဲ့ သာဓက ကိုပြရရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ NLD ကအများစုနိုင်တဲ့ ပါတီ မဟုတ်ပါဘူး။
ဒါပေမဲ့ သမ္မတက ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်ခွင့်ရတဲ့ ပုဒ်မ ၂၆၁ ကြောင့် NLD ဟာ ရှမ်းနဲ့ ရခိုင်မှာ အများစုအနိုင်ရတဲ့ ပါတီ တွေကိုကျော်ပြီး ဝန်ကြီးချုပ် ခန့်နိုင်ခဲ့ပါတယ်။
ဒီအပေါ် ဝေဖန်မှုတွေအမြောက်အများရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ လွှတ်တော်နဲ့ အစိုးရအကြား ပြဿနာများခဲ့ရပါတယ်။
ဒုတိယအကြိမ်လွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပုဒ်မ ၂၆၁ ကို လုံးဝ ပယ်ဖျက်လိုက်ဖို့ အကြံပြုခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေ အမြောက်အများရှိခဲ့ပါတယ်။
ဒီအထဲ ရခိုင်အမျိုးသားပါတီ နဲ့ မွန်အမျိုးသားပါတီ တို့က အတက်ကြွဆုံးဖြစ်ပါတယ်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊တအာင်း(ပလောင်)အမျိုးသားပါတီ၊ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ကိုးကန့်ဒီမိုကရေစီနဲ့ညီညွတ်ရေးပါတီ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က လည်း ၂၆၁ ရဲ့ပုဒ်မခွဲတွေကို ပယ်ဖျက်ဖို့အကြံပြုခဲ့ကြပါတယ်။
တိုင်းရင်းသားပါတီတွေအတွက် ပုဒ်မ ၂၆၁ ကိုပြင်ဆင်ဖို့သဘောတူတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာမသိမ်းခင်ကထဲက ထုတ်ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားပါတီတချို့ကတော့ မတူညီတဲ့အမြင်တွေ ရှိနေတာပါ။
၂၅% ပိုအားကောင်းလာမယ်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ ပြည်နယ်လွှတ်တော်တွေက ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်မယ်ဆိုရင် ပြည်နယ်လွှတ်တော်ထဲက တပ်မတော်သား ၂၅% က အရေးပါလာလိမ့်မယ်လို့ ထောက်ပြပါတယ်။
တပ်မတော်ကထောက်ခံတဲ့ ပါတီကပဲ ဝန်ကြီးချုပ်ဖြစ်လာလိမ့်မယ်လို့ သူကဆိုလိုတာပါ။
ပြည်နယ်ဝန်ကြီးချုပ်ကို (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ မပါဘဲ) ရွေးကောက်ခံလွှတ်တော်အမတ်တွေကပဲ ရွေးချယ်တင်မြှောက်မှသာ သင့်လျော်မယ်လို့ သူကပြောပါတယ်။
''အဲ့ဒီလိုအဆိုပြုချက်မျိုးကို NSPNC နဲ့ UPDJC တို့ဆွေးနွေးခဲ့ကြသလား။ ဆွေးနွေးရင်ရော တပ်ကသဘောတူမှာလား'' လို့ ဦးစိုင်းညွန့်လွင်က မေးခွန်းထုတ်ပါတယ်။
ဒုတိယအကြိမ်လွှတ်တော်မှာ တပ်ကပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တဲ့ ပုဒ်မကို တပ်နဲ့ UPDJC နိုင်ငံရေးအစုအဖွဲ့ကဆွေးနွေးသဘောတူတာဟာ ဘာမှမထူးဆန်းဘူးလို့ သူကပြောပါတယ်။
''ဒါက သက်သက်နိုင်ငံရေးအမြတ်ထုတ်တာပဲ'' လို့ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။