ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တစ်ဦးတည်းမွေးထားတဲ့ သားလေးမို့ ပြန်ပေးပါရှင်
မန္တလေး- ကန့်ဘလူ- မုံရွာ လမ်းမကြီးဘေးက အိမ်ခြေ ၁၅၀ ဝန်းကျင်သာ ရှိတဲ့ ရွာသစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မတ်လ ၂၄ ရက်၊ မနက် လေးနာရီဝန်းကျင်မှာ လက်နက်ကြီးတွေပစ်ကာ ရုတ်တရက် ဝင်ရောက်လာခဲ့ကြပါတယ်။
အနားမှာရှိတဲ့ တောလမ်းတွေကအစ ရွာကိုဝိုင်းကာ အင်အားရာချီနဲ့ ဝင်ရောက်လာတာကြောင့် ရွာခံအယောက် တစ်ရာနီးပါးပိတ်မိခဲ့ကြတယ်လို့ ရွာခံတွေကပြောပါတယ်။
ရွာသားတွေကို ရွာလယ်မှာရှိတဲ့ စာသင်ကျောင်းဆောင်ကိုခေါ်သွားခဲ့ပြီးတော့ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို သီးသန့်ထားပြီး အမျိုးသားတွေကို တဘက် အုတ်တိုက်ကျောင်းဆောင်မှာ ခွဲခေါ်ထားခဲ့တယ်လို့ ပိတ်မိနေခဲ့တဲ့အထဲပါသူ ရွာခံအမျိုးသမီး ဒေါ်သဇင် (အမည်လွှဲ)က ဘီဘီစီကို ပြောပါတယ်။
"ကျွန်မတို့က မိသားစုငါးယောက် ပြေးကြတာ၊ သားလေးနဲ့ အမျိုးသားပါ ပါမှ ယောက်ျားလေး နှစ်ယောက်ထဲ ရှိတာ။ သူတို့နဲ့ ခွဲထားခံလိုက်ရတယ်" အသက်လေးဆယ်ကျော် အရွယ် ဒေါ်သဇင်က သူ့အတွေ့အကြုံကို ဆက်ပြောပါတယ်။
"ကိုယ့်သားသမီးတွေကိုယ်နိုင်အောင် မထိန်းကြဘူးလား လို့မေးတော့ ဗိုလ်ကြီးရယ် ထိန်းပါတယ်၊ အိမ်ကလူတွေကို ကျွန်မ ထိန်းနိုင်ပါတယ်။ ဘာမှလည်းမလုပ်ကြပါဘူး။ ပတ်ဝန်းကျင်တော့ မသိပါဘူး လို့ပြောလိုက်တယ်" လို့ စစ်ဆေးမေးမြန်းခံရချိန် ကြောက်စိတ်ပိုနေတာကြောင့် ယဉ်ယဉ်ကျေးကျေး ပြန်ဖြေကြားရတယ်လို့ သူက ဆိုပါတယ်။
ကန့်ဘလူမြို့နယ်၊ ရွာသစ်ရွာခံတွေဟာ မတ်လ ၂၄၊ ၂၅ နှစ်ရက်တာလုံး ပိတ်မိနေခဲ့ကြပြီး မတ်လ ၂၆ ရက် မနက်အစောပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲက ထွက်ခွာသွားချိန်ကျမှသာ ပြန်လွတ်မြောက် လာကြတာဖြစ်ပါတယ်။
ယောက်ျားလေးအများစု ပြန်မလွတ်လာ
ဒီလို ပိတ်မိနေတဲ့ဒေသခံတွေ ပြန်လည်လွတ်မြောက်လာတဲ့ အချိန်မှာ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးသူတွေသာပါခဲ့ပြီး လူလတ်ပိုင်းအရွယ် ရွာသစ် ရွာသားတွေကတော့ ပြန်မလွတ်လာကြပါဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
"ဆယ်ယောက်လောက်က ကန့်ဘလူတပ်ထဲ ပါသွားတယ်။ နောက် အသက်နှစ်ဆယ်အရွယ်လေးတွေကျတော့ သူတို့ရဲ့ခြင်းကြားကြီးတွေ လွယ်ခိုင်းပြီး ရှေ့ကနေ ခရီးဆက်ခိုင်းတယ်။ သားလေးလည်း အဲဒီထဲပါသွားတယ်တဲ့။ ရွာထဲမှာတော့ မီးရှို့ခံရတဲ့ အလောင်းတွေလည်း ထပ်တွေ့သေးတယ်"လို့ ဒေါ်သဇင်ကပြောပါတယ်။
မတ်လ ၂၇ ရက် မနက်ပိုင်း ရွာထဲကို ဒေသခံတချို့ ပြန်လည်ဝင်ရောက်ကြည့်ရှု့တဲ့အခါမှာတော့ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းတွေကို ရွာအနောက်ဘက် ရွာစပ်မှာ တွေ့ခဲ့ရကြပါတယ်။
အဲဒီအလောင်းတွေဟာ အမျိုးသားတွေချည်းဖြစ်ပြီး အသက်နှစ်ဆယ်အရွယ်နှစ်ဦး၊ အသက်သုံးဆယ်အရွယ်တစ်ဦးနဲ့ ငါးဆယ်အရွယ်တစ်ဦး၊ နောက်ထပ် အတည်ပြု လို့မရသေးတဲ့ ရုပ်အလောင်း တစ်လောင်းရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနီးက အိမ်သာထဲမှာလည်း မီးမလောင်ကျွမ်းသေးတဲ့ ပုပ်သိုးနေတဲ့ အသားအပိုင်း အပြတ်တွေ ထပ်တွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။
ဒီဖြစ်စဉ်ကို မှတ်တမ်း ဓာတ်ပုံတွေ ရိုက်ယူထားကြပေမဲ့လည်း အင်တာနက်လုံးဝဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်တဲ့အတွက် ဘီဘီစီအနေနဲ့ သတင်းဓာတ်ပုံတွေတော့ မတ်လ ၂၇ ရက်အထိ မရရှိသေးပါဘူး။
"သေတဲ့အလောင်းတွေ တွေ့ရတယ်၊ အိမ်သာထဲမှာ ဆိုတော့ ကျွန်မရင်ထဲ အလုံးတွေတစ်ဆို့နေသလိုပဲ၊ မခံစားနိုင်ဘူး။ ပစ္စည်းအသယ်ခိုင်းခံရတဲ့ သားလေးကိုလည်း သူတို့သွားချင်တဲ့နေရာရောက်ရင် ပြန်လွှတ်ပေးမယ် ဆိုပေမဲ့ တစ်ညနဲ့တစ်ရက်ရှိနေပြီ၊ အခုထိပြန်မလာသေးဘူး။"
မျက်ရည်တွေကြားကနေ ရှိုက်ကာ သားဖြစ်သူအတွက် ဘယ်လောက်ထိ ပူပန်သောကရောက်နေရလဲဆို တာကို ဒေါ်သဇင်တယောက် ခပ်လေးလေး ပြောပြခဲ့ပါတယ်။
"စားစရာကမရှိတော့ ဆန်ပြုတ်နဲ့စားနေရတာ။ ဘာမှလည်းစားချင်စိတ် မရှိပါဘူး။ တစ်ဦးတည်းသောသားလေး၊ ဒီ တစ်ယောက်လေးပဲရှိတာမို့လို့ ပြန်ပေးကြပါ။ မခံစားနိုင်တော့ဘူး"လို့ အသံတွေတိမ်ဝင်ရင်း ဒေါ်သဇင်က ဆက်ပြောခဲ့ပါတယ်။
ပြန်လွတ်လာသူတွေမှာလည်း ဒဏ်ရာတွေပြည့်နှက်
"သားလေးကတော့ ရိုက်နှက်ခံရမှာ သေချာတယ်။ ဒီက မိန်းကလေးတွေတောင် မော့မကြည့်နဲ့ဆိုပြီး မထင်ရင် မထင်သလို ပါးတွေရိုက်တာ။ သေနတ်တွေနဲ့လည်းထု၊ ဒါကိုလည်း မျက်လုံးလေးတောင်လှန်မကြည့်ရဲခဲ့ဘူး" လို့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကိုဒေါ်သဇင်က ပြန်ပြောပါတယ်။
ဒီလိုမော့ကြည့်ခွင့်တောင် မရှိခဲ့တာကြောင့် ဘယ်တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာကိုဝင်ရောက်စီးနင်း တာလဲ၊ အရပ်ဝတ် လက်နက်ကိုင်အဖွဲ့တွေ ပါဝင်မှုရှိ မရှိ ဆိုတာတွေကို ရွာခံတွေ ဂဃနဏ မသိကြပါဘူး။
အသက်အရွယ်ကြီးရင့်တာကြောင့် ခင်ပွန်းသည်ဖြစ်သူ ဖြစ်သူလွတ်လာပေမဲ့ မန္တလေးမှာ အလုပ်လုပ်နေရာက ရွာသစ်ရွာကိုပြန်ရောက်တာ ရက်ပိုင်းပဲ ရှိသေးတဲ့ အသက်နှစ်ဆယ်အရွယ် သားဖြစ်သူ အတွက်တော့ တမိသားစုလုံး စိုးရိမ်ပြီး ရင်တမမ ဖြစ်နေကြရပါတယ်။
ပြန်လည်လွတ်မြောက်သူ အယောက်ရှစ်ဆယ်ဝန်းကျင် ရှိတယ်လို့သိရပြီး ရိုက်နှက်ဒဏ်ရာတွေကြောင့် လမ်းမလျှောက်နိုင်သူတချို့လည်း ရှိနေတယ်လို့ဆိုပါတယ်။ ရွာသစ်ရွာလေးကတော့ အခုဆို နေအိမ်တွေ လူနေမရအောင်ဖျက်ဆီးခံထားရပြီး စားနပ်ရိက္ခာ၊ ပိုင်ဆိုင်မှုအကုန်ယူဆောင်သွားတာခံရတာကြောင့် ရွာသားတွေက တောကြားမှာ ပဲ နေထိုင်နေရပါတယ်။
"တိုင်တွေက ခုတ်ထားတာ တစ်အိမ်လုံးက တစ်တိုင်လောက်ပဲ ထားတာမျိုး။ လူနေတာနဲ့ပျက်စီးမှာပဲ။ ရွာကတော့ ရွာပျက်ကြီးဖြစ်နေပါပြီ။ အရင် နှစ်ခါဝင်ဖူးပေမဲ့ အခုလို မဖြစ်ခဲ့ဘူး"လို့ ရွာသစ်ရွာသား ကိုဇော်က ပြောပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာထဲမှာ ပီဒီအက်ဖ် ဒေသကာကွယ်ရေးအဖွဲ့တွေ ရှိတယ်လို့ဆိုကာ အရပ်အခေါ် ပျူစောထီး၊ စစ်ကောင်စီအပြော ပြည်သူ့စစ်အဖွဲ့ဝင် ရွာသစ်ရွာသားတချို့ရဲ့ လမ်းပြမှုနဲ့ အခုလို ရောက်ရှိလာတာလို့ ဒေသခံတွေကြား သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုတိုက်ခိုက်မှု၊ ပေါက်ကွဲမှုတွေ တစ်ခါမှမရှိခဲ့တဲ့ ရွာသစ်ရွာအပါအဝင် ကန့်ဘလူနယ်တဝိုက်က တချို့ရွာတွေကို ဒီရက်ပိုင်းတွေမှာ စစ်တပ်တွေ ဝင်ရောက်နေတာမျိုးလည်း ဆက်တိုက်တွေ့နေရပါတယ်။
ဒါပေမဲ့လည်း အခုလို မတ်လအတွင်း ကန့်ဘလူနယ်က ရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်တာ မရှိပါဘူး။
သားလေးကို ပြန်ပေးပါ
"သူတို့ဘာကြောင့် ဝင်လာလည်း မသိဘူး။ ရွာလည်းပျက်စီးပြီ၊ လူလည်း ဘာမှမရှိတော့ဘူး။ သားလေးက လည်း ဘယ်ရောက်နေမှန်းမသိဘူး။ ကျွန်မသူ့ကိုပဲ ပြန်လိုချင်တယ်။ ရွာမှာ အခုလိုတွေ ကြုံနေရပြီ ကူညီပေးကြပါ။"
စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ သားဖြစ်သူပါသွားတယ်ဆိုပြီး ဒေါ်သဇင်ကတော့ သားဖြစ်သူ အိမ်အပြန်လမ်းကို မျှော်လင့်နေဆဲလို့ အခုလိုပြောခဲ့တာပါ။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာသစ်ရွာနဲ့ သုံးမိုင်အကွာ အင်းလယ်ကြီးရွာမှာ အင်အားထပ်ဖြည့်ကာ စခန်းချနေကြတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဖမ်းဆီးခံထားရတဲ့ ရွာသစ်ရွာသား ဆယ်နဲ့ချီရဲ့ အခြေအနေကိုတော့ သတင်းမကြားရတာကြောင့် အသက်ဘေးအန္တရာယ်အတွက် မိသားစုတွေရော ရွာခံ တွေပါ စိုးရိမ်နေကြပြီလို့ ဘီဘီစီကိုပြောကြပါတယ်။