ပူတင်ရဲ့ စဉ်းစားချက် ဘယ်လိုဆိုတာ သိဖို့ အနောက်တိုင်းထောက်လှမ်းရေးတွေကြိုးစားနေ

    • ရေးသားသူ, ဂေါ်ဒွန်ကော်ရယ်ရာ
    • ရာထူးတာဝန်, လုံခြုံရေးသတင်းထောက်၊ ဘီဘီစီ
  • ရေးသားခဲ့သည်။

ရုရှားခေါင်းဆောင် ဗလာဒီမီယာပူတင်ဟာ သူ့ကိုယ်ပိုင်ဖန်တီးထားတဲ့ ကမ္ဘာထဲမှာ ပြန်ပိတ်မိနေတယ်လို့ အနောက်နိုင်ငံက ထောက်လှမ်းရေး တွေက လက်ခံထားကြပါတယ်။ အဲဒီအချက်ကပဲ သူတို့အတွက် စိုးရိမ်မှုတွေဖြစ်လာစေပါတယ်။

မစ္စတာပူတင်ရဲ့ စိတ်ထဲကိုဝင်ကြည့်ပြီး သူ့ ဘာတွေ ကြံရွယ်နေသလဲဆိုတာ ကောင်းကောင်း နားလည်နိုင်ဖို့အတွက်လည်း နှစ်ပေါင်းများစွာကတည်းက သူတို့ ကြိုးပမ်းခဲ့ကြတာပါ။

ရုရှားတပ်တွေက ယူကရိန်းကို စစ်ဆင်ရေးမှာ ပိတ်မိအကျပ်ရိုက်နေတာမျိုးတွေ့လာရတဲ့အတွက် အဲဒီ ဖိအားတွေအောက်မှာ ပူတင် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိနိုင်ဖို့ ပူတင်ကို နားလည်ဖို့က အခုအချိန်မှာ ပိုလိုအပ်လာပါတယ်။

လက်ရှိ အကျပ်အတည်းကနေ ပိုအန္တရာယ်များတဲ့ အခြေအနေထိ မရောက်သွားအောင် ရှောင်ရှားနိုင်ဖို့ သူ့ စိတ်အခြေအနေကို နားလည်ဖို့က အရေးကြီးနေပါတယ်။

ရုရှားခေါင်းဆောင်ပူတင် ကျန်းမာရေး မကောင်းဘူးလို့ ထင်ကြေးပေးတာတွေရှိနေပေမယ့် လေ့လာသုံးသပ်သူအများစုက တကယ်တော့ သူဟာ အထီးကျန်ဆန်လာပြီး အခြား အမြင်တွေ လက်မခံနိုင်အောင် ပိတ်ထားတဲ့အနေအထားမှာ ရှိနေတယ်လို့ သုံးသပ်ထားကြပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ တွေ့ဆုံတုန်းကတွေ့ရသလို စားပွဲရှည်ကြီးတစ်ခုရဲ့ အစွန်းတစ်ဘက်စီမှာ နှစ်ယောက်သား ထိုင်ကြတာမျိုးက သူ့ရဲ့ အထီးကျန်မှုကို ပိုသိသာ စေပါတယ်။

ပြီးတော့ စစ်အကြိုနေ့မှာ မစ္စတာပူတင်နဲ့ သူ့ အမျိုးသားလုံခြုံရေးအဖွဲ့တွေ တွေ့ဆုံခဲ့တဲ့ အချိန်တုန်းကလည်း သိသာ ထင်ရှားပါတယ်။

မစ္စတာပူတင်ရဲ့ ကနဦးစစ်ရေးအစီအစဉ်က ကေဂျီဘီ အရာရှိတစ်ဦးရဲ့ စဉ်းစားကြံစည်ချက်မျိုးနဲ့တူနေတယ်လို့ အနောက်တိုင်းထောက်လှမ်းရေးအရာရှိတစ်ဦးက ရှင်းပြပါတယ်။

လျှို့ဝှက်ချက်ကို အလေးပေး တင်းကျပ်ပြီး "ယုံကြည်စိတ်ချရတဲ့ အုပ်စုလေးကြားက ပူးပေါင်းကြံစည်မှု" ပုံစံမျိုး ဖန်တီးခဲ့တာလို့ သူကပြောပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ အရှုပ်အထွေးတွေပါ။ ရုရှားစစ်တပ်က တပ်မှူးတွေအဆင်သင့်မဖြစ်သေးသလို စစ်သားတချို့ဆို သူတို့ဘာလုပ်နေရတယ်ဆိုတာကိုတောင် မသိကြဘဲ နယ်စပ်ဖြတ်ကျော်ခဲ့ရပါတယ်။

တစ်ဦးတည်းသော ဆုံးဖြတ်ချက်ချသူ

အနောက်နိုင်ငံက သူလျှိုတွေဟာ ပူတင်လုပ်မယ့် အစီအစဥ်တွေကို သူတို့ သတင်းရင်းမြစ်တွေက တဆင့် ရုရှားထိပ်ပိုင်း ခေါင်းဆောင်တွေထက်တောင် ပိုသိသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူတို့အတွက် စိန်ခေါ်မှုအသစ်က ရုရှားခေါင်းဆောင် ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စကို နားလည်ဖို့ပါ။ တကယ်တော့ အဲဒီကိစ္စက မလွယ်ပါ ဘူး။

"ကရင်မလင်ရဲ့ လှုပ်ရှားမှုတွေကို နားလည်ဖို့ဆိုရင် စိန်ခေါ်မှုက ပူတင်ဟာ ဆုံးဖြတ်ချက်တွေကို ဘယ်သူနဲ့မှမတိုင်ပင်ဘဲ လုပ်တတ်တဲ့သူ ဖြစ်နေလို့ပါ" လို့ စီအိုင်အေရဲ့ ရုရှား စစ်ဆင်ရေးတွေကို အရင်ကလုပ်ဆောင်ခဲ့သူ ဂျွန်ဆစ်ပါ က ရှင်းပြပါတယ်။

ပူတင်ရဲ့ အမြင်တွေကို ထုတ်ပြန်ချက်တွေက တဆင့် တခါတလေ ရှင်းရှင်းလင်းလင်း သိရတတ်ပေမဲ့ အဲဒီကိစ္စတွေကို သူဘယ်လိုလုပ်မယ်ဆိုတာ သိဖို့ကတော့ ထောက်လှမ်းရေးတွေအတွက် ဦးနှောက်စားရမယ့် စိန်ခေါ်မှု ဖြစ်ပါတယ်။

"အထူးသဖြင့် သူ့လူတော်တော်များများကတောင် ဘာတွေဖြစ်နေတယ်ဆိုတာကို မသိကြဘူးဆိုတော့ အပြင်ကအလွယ်တကူ မဖောက်နိုင်အောင် ပိတ်ထား ကာထားတဲ့ ရုရှားလို နေရာမျိုးမှာ ပူတင် ဘာတွေ ကြံစည်စဉ်းစားနေတယ်ဆိုတာ သိဖို့ အလွန်ခက်တယ်" လို့ ဗြိတိန် MI6 ထောက်လှမ်းရေး အကြီးအကဲဟောင်း ဆာဂျွန်ဆာဝါက ဘီဘီစီကို ပြောပါတယ်။

မစ္စတာပူတင်ဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ လေပူဖောင်းတစ်ခုထဲမှာ အထီးကျန်ဖြစ်နေတယ်၊ အထူးသဖြင့် သူထင်မြင်ယူဆထားတဲ့ အရာတွေကို စိန်ခေါ်နိုင်တဲ့ ပြင်ပကလာတဲ့ အချက်အလက် အနည်းငယ်ကသာ ထိုးဖောက်ဝင်ရောက်နိုင်တယ်လို့ ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

“သူဟာ သူအသိအမှတ်ပြုထားတဲ့ လူတချို့ရဲ့ စကားကိုပဲ နားထောင်ပြီး အခြားအရာအားလုံးနဲ့လည်း ဖြတ်တောက်ထားတဲ့အတွက် သူ့ကိုယ်ပိုင် ဝါဒဖြန့်မှုရဲ့ သားကောင် တစ်ကောင်လို ဖြစ်နေပါတယ်။ အဲ့ဒီအနေအထားက သူ့ကို ကမ္ဘာကြီးနဲ့ ပတ်သက်ပြီး အများနဲ့ကွဲပြားတဲ့ အမြင်ကို ပေးနေပါတယ်” လို့ မကြာခင်ထွက်လာဖို့ရှိတဲ့ သူလျှိုလုပ်ခြင်းနှင့် သူလျှိုများ၏ စိတ်သဘောဆိုတဲ့ စာအုပ်ကို ပူးတွဲရေးသားသူ စိတ်ပညာပါမောက္ခ အေဒရီယန် ဖန်ဟမ်က ပြောပါတယ်။

စိုးရိမ်စရာကောင်းတာက သူရဲ့အမြင်ကို အားဖြည့်ပေးနေတဲ့ အုပ်စုလိုက် စဥ်းစားမှုရှိနေနိုင်တာပါ။ "သူဟာ အဲဒီလို အုပ်စုလိုက်တွေးခေါ်မှုတွေထဲ ပိတ်မိနေသူ သားကောင်တစ်ယောက် ဖြစ်ခဲ့ရင် အဲဒီအုပ်စုထဲမှာ ဘယ်သူတွေပါလဲဆိုတာ သိဖို့လိုမယ် ထင်ပါတယ်” လို့ ပါမောက္ခ ဖန်ဟမ်က ပြောပါတယ်။

မစ္စတာပူတင်က လက်ခံဆွေးနွေးတဲ့ အသိုင်းအဝိုင်းဆိုတာ ဘယ်တုန်းကမှ များများစားစား မရှိခဲ့ပေမဲ့ ယူကရိန်းကို ကျူးကျော်ဖို့ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ သူ့ကိုယုံကြည်တဲ့၊ သူ့အတွေးအခေါ် ကို လက်ခံတဲ့ လက်တစ်ဆုပ်စာ လူတွေနဲ့ပဲတိုင်ပင်ခဲ့တယ်လို့ အနောက်အုပ်စု ထောက်လှမ်းရေး အရာရှိတွေက ယုံကြည်ထားကြပါတယ်။

ယူကရိန်း ကျူးကျော်မှုမစမီ အမျိုးသားလုံခြုံရေးအစည်းအဝေးမှာ သူ့ရဲ့ နိုင်ငံခြားထောက်လှမ်းရေးဌာနအကြီးအကဲကို လူရှေ့မှာ ဝေဖန်ပြောဆိုခဲ့တာကို ကြည့်ရင် သူ့ရဲ့အတွင်းစည်း ဘယ်လောက်ကျဥ်းသွားလဲဆိုတာ သိနိုင်ပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာမှာ ပြောခဲ့တဲ့ သူ့မိန့်ခွန်းထဲမှာလည်း ယူကရိန်းနဲ့ အနောက်နိုင်ငံတွေ အပေါ် ဘယ်လောက် ဒေါသထွက်နေတယ်။ ဒီကိစ္စအပေါ် သူဘယ်လောက် အစွဲအလမ်းကြီးနေတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။

ပူတင်မှာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကဖြစ်ခဲ့တဲ့ ရုရှားရဲ့ အရှက်ရမှုကို ကျော်လွှားလိုတဲ့ ဆန္ဒရှိပြီး အနောက်နိုင်ငံတွေက ရုရှားကို နှိမ့်ချပြီး သူ့ကိုလည်း အာဏာလက်လွတ်ဖြစ်သွားအောင် လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ယုံကြည်နေတဲ့အကြောင်း သူ့ကို စောင့်ကြည့် လေ့လာသူတွေက ပြောနေကြပါတယ်။

ပူတင်နဲ့တွေ့ခဲ့ဖူးသူတစ်ယောက်က ပူတင်ဟာ ၂၀၁၁ ခုနှစ် အာဏာကဖယ်ရှားခံခဲ့ရပြီးတဲ့နောက်မှာ အသတ်ခံခဲ့ရတဲ့ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီရဲ့ ဗီဒီယိုတွေကို အကြိမ်ကြိမ်ပြန်ကြည့်နေတတ်သူအဖြစ် သူ့ကို အမှတ်ရနေပါတယ်။

စီအိုင်အေ ဒါရိုက်တာ ဝီလျံဘမ်းစ်ကို ပူတင်ရဲ့ စိတ်အခြေအနေကိုအကဲဖြတ်ပေးဖို့ မေးကြည့် ခဲ့တော့ "မကျေနပ်ချက်တွေ ရည်မှန်းချက်တွေကို နှစ်ပေါင်းများစွာ ပေါင်းစပ်ထားလို့ လောင်ကျွမ်းပေါက်ကွဲဖို့ အသင့်ရှိသလိုဖြစ်နေပြီး အခြားသူတွေရဲ့ အမြင်တွေကိုလဲ နှစ်ပေါင်းများစွာ ဖယ်ကျဥ်ထားတဲ့သူ" လို့ ပြောပါတယ်။

ဒါဆိုရင် ရုရှားသမ္မတ ရူးပြီလား။ ဒီမေးခွန်းက အနောက်တိုင်းက လူတော်တော်များများ မေးနေကြတဲ့ မေးခွန်းပါ။ ဒါပေမယ့် ဒီမေးခွန်းက အထောက်အကူမပြုဘူးလို့ ရုရှားအရေး ကျွမ်းကျင်သူတွေက ယူဆပါတယ်။

ယူကရိန်းကို ကျူးကျော်ဖို့ ဆုံးဖြတ်ချက်ကို ချတဲ့သူကို ဘာကြောင့်ဒီလိုလုပ်မှန်း ကိုယ်က နားမလည်နိုင်တာနဲ့ သူ့ကို ရူးသွပ်နေတဲ့ သူလို့ သတ်မှတ်တာက မှားယွင်းမှု တစ်ခုလို့ စိတ်ပညာရှင်တစ်ဦးက ပြောပါတယ်။

CIA အဖွဲ့မှာ နိုင်ငံရပ်ခြားက ဆုံးဖြတ်ချက်ချတဲ့ သူတွေအပေါ် "ခေါင်းဆောင်မှုကို ပိုင်းခြားစိတ်ဖြာသုံးသပ်ခြင်း" ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ သူတို့က ဟစ်တလာကို နားလည်ဖို့ ကြိုးပမ်းတဲ့ကိစ္စမျိုးတွေလည်း လုပ်ခဲ့သူပါ။ သူတို့က လျှို့ဝှက်ထောက်လှမ်းလို့ရတဲ့ အချက်တွေနဲ့ ခေါင်းဆောင်တွေရဲ့ နောက်ခံအကြောင်း၊ အိမ်ထောင်ရေး၊ လူမှုဆက်ဆံရေး နဲ့ ကျန်းမာရေးအခြေအနေတွေကိုပါ ထည့်သွင်း လေ့လာကြပါတယ်။

အခြားသတင်းရင်းမြစ်တွေအနေနဲ့ သူတို့လေ့လာနေသူတွေနဲ့တိုက်ရိုက်ထိတွေ့မှုတွေရှိခဲ့တဲ့ အခြားခေါင်းဆောင်တွေရဲ့ ပြောကြားချက် ထုတ်ပြန်ချက်တွေကနေလည်း လေ့လာပါတယ်။

ဂျာမန်ဝန်ကြီးချုပ်ဟောင်း အန်ဂလာမာဂယ်က ပူတင်ဟာ "အခြားကမ္ဘာမှာ နေထိုင်နေတဲ့သူဖြစ်နေပြီ" လို့ အမေရိကန်သမ္မတ အိုဘားမားကို ၂၀၁၄ ခုနှစ်က ပြောခဲ့တာရှိပါတယ်။

မကြာသေးခင်ကမှ ပူတင်နဲ့ တွေ့ခဲ့တဲ့ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း အရင်တွေ့ဆုံမှုတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် ပူတင်ဟာ ပိုမိုတင်းကျပ်၊ ပိုမိုအထီးကျန်တဲ့ပုံစံ တွေ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒါဆိုရင် တစ်ခုခု ပြောင်းလဲသွားတာ ရှိနေပြီလား။ တချို့ကတော့ ကျန်းမာရေးမကောင်းတာ သို့မဟုတ် ဆေးရဲ့ အကျိုးသက်ရောက်မှုတွေရှိနေတယ်လို့ ထင်ကြေးပေး ကြပါတယ်။ ဒါပေမဲ့ အဲဒီအတွက် သက်သေပြစရာ အထောက်အထားတော့မရှိပါဘူး။

ရုရှားကို ကာကွယ်ဖို့ ဒါမှမဟုတ် ရုရှားရဲ့ ကြီးမြတ်မှုကို ပြန်လည်ထူထောင်ဖို့ကို သူရဲ့ ကံကြမ္မာကပေးတဲ့ တာဝန်လို့သဘောထားပြီး သူ့အတွက် လုပ်စရာအချိန်များများ မကျန်တော့ဘူးလို့ ယူဆနေသူဆိုပြီး စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်ချက်တွေအဖြစ် တချို့ကလည်း ထောက်ပြကြပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ တခြားသူတွေနဲ့ မထိတွေ့ သိသိသာသာ အထီးကျန်နေနေတာကို တွေ့ရပြီး ဒါကလည်း သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို သက်ရောက်မှု ရှိနိုင်ပါတယ်။

"ပူတင်ဟာ စိတ်ရောဂါခံစားနေရတဲ့သူ မဖြစ်နိုင်သလို၊ သူ့အနေနဲ့ ဘာမှပြောင်းလဲသွားတာ မရှိပေမဲ့ မကြာသေးမီနှစ်တွေအတွင်းမှာ ပိုအထီးကျန်လာတဲ့အတွက် စိတ်မြန်လက်မြန် ပုံစံမျိုးတော့ ရှိလာတယ်" လို့ အမေရိကန် အစိုးရ ဆေးပညာရှင်နှင့် သံတမန်ဟောင်း ကန်ဒီကီလီဗာက ပြောပါတယ်။

သူဟာ အမေရိကန်-တရုတ်ဆက်ဆံရေးနဲ့ပတ်သက်ပြီး George HW Bush ဖောင်ဒေးရှင်းမှာ အကြီးတန်းအရာရှိအဖြစ် လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ စိုးရိမ်စရာကောင်းတာတစ်ခုက ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေရဖို့ မစ္စတာပူတင်ရဲ့ ပိတ်ထားတဲ့လမ်းကြောင်းကို ထိုးဖောက်နိုင်တဲ့ လမ်းကြောင်းကို ရှာမတွေ့နိုင်သေးတာပါ။

သူရဲ့ ထောက်လှမ်းရေးဌာနတွေက ယူကရိန်းကို ကျူးကျော်မှုမတိုင်ခင်က သူမကြားချင်တဲ့ စကားတွေကို ပြောပြဖို့ တွန့်ဆုတ်နေတာတွေရှိနိုင်ပြီးရုရှားတပ်တွေ ယူကရိန်းကို ဝင်တိုက်ရင် ဖြစ်လာနိုင်တဲ့ အကောင်းမြင်တဲ့အချက်အလက် ခန့်မှန်းချက်တွေကိုပဲ စစ်ပွဲမတိုင်မီက ပေးခဲ့ကြပုံရပါတယ်။

သူ့တပ်တွေ ဘယ်လောက် ဆိုးဆိုးရွားရွားကြုံနေရသလဲဆိုတဲ့ အနောက်အုပ်စု ထောက်လှမ်းရေးတပ်တွေ ရနေတဲ့ သတင်းအချက်အလက်မျိုးတွေ ပူတင်ရအနေနဲ့ ထဲထဲဝင်ဝင် မသိနိုင်သေးတာလည်း ဖြစ်နိုင်တယ်လို့ အနောက်နိုင်ငံ အရာရှိတစ်ဦးက ပြောပါတယ်။

ဒါဟာ ရုရှားအတွက် ပိုဆိုးလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ သူ ဘယ်လို တုံ့ပြန်မလဲ ဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေ ဖြစ်လာနိုင်ပါတယ်။

သူရူးတစ်ယောက်လိုလုပ်တတ်သူ အယူအဆ

ပူတင်ကိုယ်တိုင်က ငယ်ငယ်က ကြွက်လိုက်ဖမ်းတဲ့ ဇာတ်လမ်းကို ပြောပြတတ်ပါတယ်။ ကြွက်ကို ထောင့်တစ်နေရာကို မောင်းသွင်းလိုက်တော့ သူပြန်တိုက်ခိုက်ခံရ ပြီး လူငယ်လေး ဗလာဒီမီယာ ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အနောက်တိုင်း မူဝါဒရေးဆွဲသူတွေ မေးနေတဲ့ မေးခွန်းကလည်း အခု မစ္စတာပူတင် ကိုယ်တိုင်က ချောင်ပိတ်မိနေပြီလို့ ခံစားရရင် ဘာတွေဆက်ဖြစ်လာမလဲ ဆို တာပါ။

“တကယ့် မေးခွန်းက အဲ့ဒီအခြေနေရောက်လာရင် ပိုရက်စက်ကြမ်းကြုတ်မှုတွေလုပ်ပြီး သူ့မှာရှိနေတဲ့ လက်နက်တွေ နှစ်ဆတိုးသုံးပြီး အရှိန်မြှင့်တိုက်ခိုက် မှာလားဆိုတာပါ” လို့ အနောက်အုပ်စု အရာရှိတစ်ဦးက ပြောပါတယ်။

တဖက်မှာလဲ ဓာတုလက်နက်တွေ၊ နျူကလီးယားလက်နက်တွေကို အသုံးပြုလာနိုင်တာကိုလည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။

"စိုးရိမ်စရာကောင်းတာက မယုံနိုင်လောက်အောင် စိတ်လောပြီး မဆင်မခြင်နဲ့ ခလုတ်တွေ နှိပ်လိုက်မှာကိုပါပဲ " လို့ အန်ဒရီယန်ဖန်ဟမ်ကလည်း ပြောပါတယ်။

မစ္စတာပူတင်ကိုယ်တိုင်က သူဟာ အန္တရာယ်ကြီးသူ ဒါမှမဟုတ် ဆင်ခြင်တုံတရားမရှိတဲ့သူ တစ်ယောက်လို့ အများက ထင်မြင်ယူဆတာကို ပိုခိုင်သွားအောင် လုပ်ပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါက သူရူးတစ်ယောက်ရဲ့ လုပ်ပုံလို့ အသိများတဲ့ သုံးနေကျ နည်းဗျူဟာတစ်ခုပါ။

နျူကလီးယားလက်နက်ရှိထားသူတစ်ယောက်က သူဟာ အားလုံးပျက်စီးသေဆုံးကြရမယ်ဆိုတာ သိလျက်နဲ့တောင် ရူးရူးမိုက်မိုက်နဲ့ ဒီလက်နက်ကို သုံးဖို့ အသင့်ဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုး ပြပြီး တစ်ဖက်ရန်သူကို နောက်ဆုတ်သွားအောင် လုပ်တဲ့ ဗျူဟာမျိုးပါ။

အနောက်နိုင်ငံကသူလျှိုတွေနဲ့ မူဝါဒရေးရာ ချမှတ်သူတွေ အတွက် ဒီနေ့ မစ္စတာပူတင်ရဲ့ ရည်ရွယ်ချက်နှင့် သဘောထားကို နားလည်သဘောပေါက်ဖို့ ကြိုးစားတာဟာ အရေးကြီးဆုံးကိစ္စလို ဖြစ်နေပါတယ်။

ဒါမှ အန္တရာယ်ရှိတဲ့ တုံ့ပြန်မှုတွေ မဖြစ်လာစေဘဲ သူ့ကို ဘယ်အတိုင်းအတာထိ တွန်းထုတ်နိုင်မလဲဆိုတဲ့ နည်းလမ်းကို ရှာနိုင်ကြမှာပါ။

"ပူတင်ရဲ့ ကိုယ်ပိုင်အယူအဆမှာ ကျရှုံးတာ သို့မဟုတ် အားနည်းတာကို လက်မခံသလို အဲဒီလိုကိစ္စတွေကိုလည်း အထင်အမြင်သေးတတ်သူပါ" လို့ ကန်ဒီ ကလီဗာက ဆိုပါတယ်။

"ချောင်ပိတ်မိသွားပြီး အားနည်းတဲ့ ပူတင်က ပိုအန္တရာယ်များတယ်။ တစ်ခါတလေမှာ ဝက်ဝံတွေကို လှောင်အိမ်ထဲကနေ အပြင်ထွက်ခွင့်ပေးပြီး တောထဲပြန်သွားခိုင်းတာက ပိုကောင်းပါတယ်။"