ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီစျေးတွေ အဆမတန်တက်လာလို့ ရခိုင်ကယာဉ်လိုင်းတွေ ရပ်ရမယ့် အခြေအနေဖြစ်နေ
စက်သုံးဆီဈေးနှုန်းတွေ အဆမတန် စျေးမြင့်တက်လာနေတဲ့အတွက် ရခိုင်ကနေ ရန်ကုန်၊ မန္တလေးဘက်ကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်တွေနဲ့ ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းတွေမှာ ကားခတွေကို တိုးမြှင့်ကောက်ခံလာပါတယ်။
ဒါ့ကြောင့် ခရီးသည်တွေရော ၊ယာဉ်လိုင်းတွေပါ အခက်တွေ့နေကြပါတယ်။ ဒီလိုကြာရှည် ဆက်ဖြစ်နေမယ်ဆိုရင် ရခိုင်ပြည်နယ်တွင်းက ပို့ဆောင်ရေးလုပ်ငန်းတွေကိုပါ ထိခိုက်သွားနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ အခုလိုဆီဈေးတွေ မြင့်တက်လာခဲ့တာဖြစ်ပြီး အခုလပိုင်းအတွင်းမှာတော့ ပရီမီယံ ဒီဇယ်ဆီ တစ်လီတာကို ကျပ်ငွေ ၂၅၀၀ အထိ တစ်ဟုန်ထိုး မြင့်တက်ခဲ့တာပါ။
စစ်တွေကနေ ရန်ကုန်နဲ့ မန္တလေးကို ပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေမှာ ခရီးသည်တစ်ဦးကို အနိမ့်ဆုံးကားခ ကျပ်သုံးသောင်း ငါးရာနဲ့ အမြင့်ဆုံး ကျပ် လေးသောင်း ငါးရာကျပ်နှုန်း ကောက်ခံနေရာကနေ အခုရက်ပိုင်းအတွင်းမှာ ဆီဈေးတွေမြင့်တက်လာခဲ့တဲ့ အတွက် ကျပ် ငါးထောင်စီ တိုးမြှင့်ကောက်ခံနေရတယ်လို့ ကစ္ဆပ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းက ပြောပါတယ်။
"ဆီစျေးတက်နေတဲ့ အတွက် ခရီးသည်တစ်ဦးကို ကျပ် ၅၀၀၀ နှုန်းတိုးကောက်တာပါ ၊ ဒီထက်မြင့်လာရင်တော့ ပြေးဆွဲနေတဲ့ ကားတွေတချို့တဝက် ရပ်သွားနိုင်တယ်" လို့ ကစ္ဆပယာဉ်လိုင်းပိုင်ရှင် ဦးချမ်းအေး ကပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာမှာ ကုန်ဈေးနှုန်းတွေ အလွန်အကျွံမြင့်တက်နေတာကြောင့် ယာဉ်လိုင်းတွေအပြင် ယာဉ်မောင်းတွေရဲ့ မိသားစုရပ်တည်ရေးတွေကိုလည်း ထိခိုက်မှုတွေရှိလာနေပြီး ယာဉ်တချို့မှာ ရပ်နားရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အခုလို ကားခတွေကို တိုးမြှင့်ကောက်ခံနေရတာနဲ့ပတ်သက်လို့ ဦးချမ်းအေးက ပြောပါတယ်။
ဆီဈေးနှုန်းအပြင် ပို့ဆောင်ရေးယာဉ်လိုင်းတွေမှာ တခြားအသုံးစရိတ်တွေလည်း မြင့်တက်မှုတွေရှိတဲ့အတွက် ကုန်ပစ္စည်းတန်ဆာခတွေကိုလည်း တိုးမြှင့်ကောက်ခံနေရတာဖြစ်တယ်လို့ ကေသီဦး ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းပိုင်ရှင် ဦးမောင်ဝင်းချေက ပြောပါတယ်။
" ရခိုင်ဘက်ကတော့ ကုန်စည် တပိသာကို ကျပ် ၃၀ နဲ့ ၄၀ ကြားပဲ တက်ပါတယ်။ ပြည်မဘက် ရန်ကုန် မန္တလေးဘက်က လာတဲ့ကုန်တွေကတော့ တပိသာကို အရင် ၁၈၀ နဲ့ ၂၀၀ ကျပ်ကနေ အခု ဆိုရင် ၂၅၀ ကျပ်နဲ့ ၃၀၀ ကျပ်ဖြစ်သွားပါတယ်၊ ဆီစျေးဒီထက် တက်နေဦးမယ် ဆိုရင်ပိုဆိုးနိုင်ပါတယ် လို့ "သူကပြောပါတယ်။
စစ်တွေကနေ ရန်ကုန်ကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း ၁၃ လိုင်း မန္တလေးကို ၅ လိုင်းနဲ့ ကုန်စည်ပို့ဆောင် ရေးယာဉ်လိုင်းတွေလည်း အများအပြားရှိပြီး ယာဉ်လိုင်းတွေကို အထူးဈေးနှုန်းနဲ့ လိုအပ်သလောက် ဝယ်ယူခွင့် ပေးလို့ရှိရင် အထိုက်အလျောက်အဆင်ပြေသွားနိုင်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ် နဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမှာဆိုရင် ဒီကနေ့ မတ်လ ၁၃ ရက် ပေါက်ဈေးကတော့ ဓာတ်ဆီတစ်လီတာကို ကျပ်လေးထောင် ဆန်တစ်အိတ်ကို ကျပ်ခြောက်သောင်းအထိ မြင့်တက်နေတယ်လို့ ဒေသခံကုန်သည်တွေကပြောပါတယ်။
ကုန်ပို့ခတွေ အဆမတန်တက်လာတဲ့ အတွက် ရခိုင်ဘက်က ပြည်မကို တင်ပို့ရောင်းရတဲ့ ကုန်တွေလည်း စျေးတက်တာကြောင့် အရင်ကလောက် မှာယူစားသုံးသူ မရှိတော့ဘဲ လျော့နည်းလာတယ်လို့ ရခိုင်ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်မဘက်က ထွက်ကုန်တွေကို အဓိကမှာ ယူစားသုံးနေကြရတဲ့ ရခိုင်ပြည်နယ်မှာတော့ ယာဉ်လိုင်းခတွေ ၊ကုန်ကားခတွေ အဆမတန်စျေးတက်လို့ ဆန်နဲ့တခြား စားသုံးကုန်စည်တွေပါ ဈေးမြင့်တက်မှုတွေလည်း ရှိနေပါတယ်။