မြစ်ဆုံက အသေးစားရွှေတူးတာတွေ ရပ်ထားရတယ်လို့ ဒေသခံတွေပြော

ရေးသားခဲ့သည်။

ကချင်ပြည်နယ် မြစ်ဆုံအနီးတဝိုက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကစပြီး ရွှေတူးဖော်မှု တွေကို လုပ်ငန်းရှင် တစ်ယောက်ကလွဲ ပြီး ကျန်တဲ့ လက်လုပ်လက်စားရွှေတူးဖော်တာတွေ အပါအဝင် ရွှေတူးဖော်မှု ဆက်မလုပ်ဖို့ လုပ်ငန်းရပ်နားခိုင်းထားခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း စက်ယန္တရားတွေ အပါအဝင် ရွှေတူးဖော်တာတွေကို မြစ်ဆုံမှာ နေ့စဉ်ဆိုသလို လုပ်ကိုင်နေကြပြီး တူးဖော်မှုတွေ များပြားလာတဲ့အတွက် အဲဒီလို စက်ယန္တရားတွေနဲ့ ရွှေတူးဖော်တာတွေကို ဒေသခံတွေက မပြုလုပ်ဖို့ကန့်ကွက်ကြတာတွေ ရှိလာပြီးနောက် အခုလို တားမြစ်မှုတွေ ဖြစ်လာတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ဆုံကို လည်ပတ်သူတွေ မရှိတာကြောင့် တချို့ဈေးဆိုင်တွေကို ပိတ်ထားရပြီး အခုလောလောဆယ် မြစ်ဆုံကို လည်ပတ်လာသူဟာ တစ်ရက်ကို ကား ၁၀ စီးဝန်းကျင်လောက်ပဲ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် မြစ်ဆုံဒေသခံတချို့ကတော့ တောင်ယာခုတ်၊ လယ်လုပ် ၊ အသေးစားရွှေကျင်လုပ်ငန်း လုပ်ကိုင်စားသောက်တာတွေကို လုပ်ကိုင်နေကြပါတယ်။

ဒါပေမဲ့ အခုလို ရွှေတူးဖော်မှု ရပ်နားခိုင်းတာကို တူးဖော်သူတွေ အကုန်လုံးကို ရပ်နားခိုင်းတာမျိုးမဟုတ်ဘဲ တစ်ဦးတစ်ယောက်တည်းကို လုပ်ကိုင်ခွင့်ပေးထားတာကြောင့် ဒါဟာ တရားမျှတမှု မရှိဘူးလို့ ဒေသခံတချို့က ပြောဆိုတာတွေ ရှိနေပါတယ်။

"တစ်ပတ်လောက်တော့ ရှိပြီး ဒီနားက တပ်စခန်းက နားခိုင်းတာလေ ကျွန်တော်တို့ကို ခေါ်ပြီးမှ အသေးစားပဲ သိမ်းတာပါ။ ဦးယွမ်ဇော်ခေါင်က လုပ်နေတယ် ပြောတယ်"လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အခုလို အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲဒီလုပ်ငန်းဘက်ကတော့ သူတို့မှာ အမှားအယွင်း မရှိတာကြောင့် လုပ်ငန်းဆက်လုပ်ဖို့ရှိကြောင်း ဒေသတွင်း မီဒီယာတချို့ကို ပြောကြားထားတာ တွေ့ရပါတယ်။

အခုလို စက်ယန္တရားကြီးတွေနဲ့တူးဖော်သူကိုတော့ ဆက်လုပ်ကိုင်ခွင့်ပေးပြီး တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသူတွေ အားလုံးကို ရပ်နားခိုင်းတာဟာ ဒေသခံ လက်လုပ်လက်စားတွေအတွက် အခက်အခဲဖြစ်တယ်လို့ ပြောပါတယ်။

"ဒီကလူတွေက အခုက အဲဒီလို လုပ်လို့မရတော့ သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားသလို ဖြစ်တာပေါ့ ၊ အခုနားတာက လက်လုပ်လက်စား ဒီကလူတွေပါ ။ စက်ကြီးနဲ့ လုပ်တာက ဦးယွမ်ဇော်ခေါင် တစ်ဆိုင်းပဲ ရှိပါတယ်။သူက ကားမျောပေါ့ ဘက်ဖိုးတွေ၊ ယန္တရားကြီးတွေသုံးတာပေါ့ " လို့ တနိုင်တပိုင် ရွှေတူးဖော်လုပ်ကိုင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင်ဒေသခံတချို့က မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်ပြောဆိုခဲ့စဉ်က ဒေသခံတူးဖော်သူတွေကို ခြိမ်းခြောက်တာတွေ မရှိပေမဲ့ အခုနောက်ပိုင်း ရွှေတူးဖော်တာနဲ့ပတ်သက်ပြီး ပြောဆိုတာတွေရှိသလို ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တရားမဝင်ရွှေတူးဖော်တာတွေကို ဧရာဝတီမြစ်ဘေးနဲ့ မြစ်ကြောင်းတစ်လျှောက်မှာ အများအပြား တွေ့နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မတ်လ ၉ ရက်နေ့ က ကချင်ပြည်နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုတွေကို အမြန်ဆုံးရပ်ဆိုင်းပေးပါရန် ပန်ကြားခြင်း ဆိုပြီး အချက် ၄ ချက်ပါတဲ့ ပန်ကြားစာတစ်စောင်ကို ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ပါတီ ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီပန်ကြားစာထဲမှာတော့ ကချင်ပြည် နယ်တွင်း မြစ်၊ချောင်း၊ မြစ်ကမ်းဘေးတစ်လျှောက်မှာ တရားမဝင် စက်ယန္တရားကြီးတွေနဲ့ အသုံးပြုလျက် ရွှေတူးဖော်ခြင်းလုပ်ငန်းတွေ တူးဖော်ဆောင်ရွက်နေတာတွေကို တွေ့ရှိရတာကြောင့် တရားမဝင် စက်ယန္တရားတွေနဲ့ ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ တိုက်တွန်းပန်ကြားထားတာကို တွေ့ရပါတယ်။