ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေးကေ့ကော်စစ်ရှောင်တွေကြား ကိုဗစ်ကူးစက်မှုကြောင့် ပိုးစစ်ဆေးမှုတွေလုပ်နေ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းက လေးကေ့ကော်ဒေသ စစ်ဘေးရှောင်တွေထဲ ကိုဗစ် -၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ပိုး အစုလိုက်ကူးစက်မှုတွေ ရှိနေတာကြောင့် ပိုးတွေ့သူတွေနဲ့ထိတွေ့ ဆက်စပ်မှုရှိသူ စစ်ရှောင်တွေကို ရောဂါပိုးရှိ၊ မရှိစစ်ဆေးတာတွေ လုပ်နေပြီလို့ သိရပါတယ်။
ကျေးရွာတွေအလိုက် အစုအဖွဲ့နဲ့နေထိုင်နေကြတဲ့ လေးကေ့ကော်စစ်ရှောင်တွေထဲမှာ ကိုဗစ်ပိုး ကူးစက်မှု လူ ၂၀ ကျော်အထိတွေ့ခဲ့တာကြောင့် အခုလို ရောဂါပိုးစစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ကျောက်မိုင်းစု စစ်ဘေးရှောင်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မျိုးကွဲသစ် အိုမီခရွန် ကူးစက် ခံရသူ တွေ့ရှိခဲ့ပြီးတဲ့နောက် ကရင်အမျိုးသားအစည်းအရုံး(KNU)ကျန်းမာရေးဌာနရဲ့ လေးကေ့ကော်ဒေသ ကျန်းမာရေးအဖွဲ့က ပိုးကူးစက်မှု ရှိ၊မရှိကို ဖေဖော်ဝါရီလ ၂၁ ရက်ကနေ စပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
အစုအဖွဲ့လိုက်နေထိုင်တဲ့ စစ်ရှောင် အယောက် ၅၅၀ ကို စစ်ဆေးရာမှာ ကလေးတစ်ယောက် အပါအဝင် လူ ၂၀ မှာ ပိုးတွေ့ခဲ့တာလို့ KNU ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။
''စစ်ရှောင်တွေထဲက အစုအဖွဲလိုက်နေကြသူတွေမှာ ပိုးစတွေ့တယ်။ ရောဂါတွေ့သူတွေရှိတဲ့ဘက်ကို သီးသန့်ထား စောင့်ကြည့်ကုသတာတွေ လုပ်ပေးနေတယ်။ အခုပိုးတွေ့သူတွေကတော့ ကျမတို့ ကျန်းမာရေးအဖွဲ့ရှိနေတဲ့ စခန်း နဲ့ အနီးပတ်ဝန်းကျင်နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေပေါ့။ ကျန်တဲ့ နေရာတွေ လည်း ဆက်စစ်ဖို့တော့လုပ်နေတယ်။ စစ်ရှောင်တွေကိုလည်း ကိုဗစ်စည်းကမ်းနဲ့အညီ နေထိုင်ကြဖို့ နှိုးဆော်ထားတယ်'' စစ်ဘေးရှောင်စခန်းကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ နယ်မြေစိုးမိုးရေးဆိုပြီး စစ်ကောင်စီစစ်ကြောင်းတွေ အင်အားတိုးချဲ့ စခန်း ချ နေထိုင် နေတဲ့ လေးကေ့ကော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ ပဲဟိ့ကလော်၊ ဖလူးလေး၊ ဖလူးကြီး ဒေသအတွင်း နေထိုင်ကြတဲ့ဒေသခံတွေဖြစ်ပါတယ်။
လူဦးရေ ခြောက်ထောင်နီးပါးရှိတဲ့ စစ်ဘေးရှောင်မိသားစု ၂ ထောင်ကျော်ဟာ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ဘေးနေရာတွေမှာ အစုအဖွဲ့အလိုက်နေထိုင် စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။
''ကျွန်တော်တို့စခန်းမှာ စတွေ့ တာတော့ မဟုတ်ဘူး။ ကျောက်မိုင်း စစ်ရှောင်တွေနေတဲ့ အစုဘက်က ဖျားနာ လူနာကနေ စပြီး သိတာ၊ အခုတော့ ကျနော့်တို့ သူကြီးစခန်းဘက်မှာပါ မနေ့က စစ်တာမှာ လူ ၂၀ နီးပါး ပိုးရှိသံသယလူနာပေါ့။ နေရာသီးသန့်လုပ်ပြီး ခွဲထားဖို့ လုပ်နေတယ်'' လို့ လေးကေ့ကော် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
လေးကေ့ကော် ဒေသ စစ်ဘေးရှောင်ဒေသခံတွေဟာ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ သောင်ရင်းမြစ်ရဲ့ မြန်မာဘက်ကမ်းအနီး သောင်ပြင်တွေ၊ ခြုံစပ်ဝါးတောနေရာတွေမှာနေထိုင်နေကြရတာဖြစ်ပြီး ကျေးရွာအလိုက် အစုအဖွဲ့နဲ့ ၁၀ နေရာ လောက်မှာနေထိုင်နေကြတာဖြစ်ပါတယ်။
စစ်ကောင်စီ တပ်တွေဟာ မယ့်ထော်သလေးကျေးရွာဘက်ဘက်ကနေ ဝေါလေလမ်းတလျှောက် နေ့စဉ် ရွှေ့ပြောင်း အခြေချ စစ်အင်အား တိုး ချဲ့နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တဲ့ အခြေအကြောင့် စစ်ဘေးရှောင် ဒေသခံတွေဟာ လက်ရှိနေရာကနေ ထပ်မံပြောင်းရွှေ့ စစ်ရှောင်ရမယ့်အရေး စိုးရိမ်နေကြပါတယ်။