ပုလဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး မြို့ကလူတွေ ထွက်ပြေးနေ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ရဲ့ အနောက်ဘက် မိုင် ၃၀ ကျော်လောက်ဝေးတဲ့ ပုလဲမြို့ပေါ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ညက ပထမဆုံးအကြိမ် အဖြစ် ရဲစခန်းအပါအဝင် ဌာနဆိုင်ရာနေရာတွေ တိုက်ခိုက်ခံရပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ညက ပုလဲမြို့ပေါ်က ရဲစခန်း နဲ့ ထွေအုပ်ရုံးအပါအဝင် ပုလဲမြို့ပေါ်က ဌာနဆိုင်ရာနေရာ (၃)နေရာ တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ တစ်မြို့လုံးနီးပါး စိုးရိမ်ပြီး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဘက်က ပုလဲမြို့ပေါ်မှာ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေလို့ အခုလို တိမ်းရှောင်နေကြတာဖြစ်ပြီး အများစုက အခြားဒေသဘက်ကို တိမ်းရှောင်ကြသလို တချို့ကတော့ အနီးတစ်ဝိုက်က ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံတာတွေလည်း ရှိတယ်လို့သိရပါတယ်။

ဒီလို စစ်‌ရှောင်ဖို့ပြောင်းရွှေ့နေတဲ့ ဒေသခံ၂ ဦးဟာ စစ်ကောင်စီရဲစခန်းကနေ ပစ်ခတ်မှုကြောင့်ထိမှန် သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမဲ့ ဘီဘီစီဘက်ကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မနေ့ညက တိုက်ခိုက်မှုအပြီး ပုလဲမြို့ပေါ်က နေအိမ်အချို့မီးလောင်ခဲတယ်လို့ သိရပြီး အနည်းဆုံး အိမ် ၁၀ လုံးခန့် မီးလောင်ခဲ့တယ်လို့ လည်းဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်းပုလဲမြို့က ကျေးရွာတွေအခုရက်ပိုင်း စစ်ကောင်စီတပ်တွဝင်လာပြီး မီးရှို့ခဲ့လို့ မွေ့တုံ၊ပန်းရွာ၊ ကိုင်းတွင်း၊ လှော်ကားကြီး စတဲ့ ကျေးရွာ ၄ ရွာက နေအိမ်စုစုပေါင်း တစ်ထောင်ကျော် ပြီးခဲ့တဲ့ ရက်ပိုင်းက မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖေဖော်ဝါရီ ၅ရက် ပုလဲ မြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာတွေကို ဒေသကာကွယ်ရေးတပ် PDF တွေက တိုက်တာလို့ ပြောပြီး နှစ်ဖက်သေဆုံးထိခိုက်မှုနဲ့ ပတ်သက်ပြီး မသိရသေးပါဘူး။

"ပုလဲမြို့ပေါ်ကို နယ်မြေရှင်းလင်းရေးလုပ်မယ်၊ စစ်သားတွေလာနေပြီဆိုတဲ့ သတင်းတွေက အတည်မပြုနိုင်ဘဲ ထွက်နေတော့ မြို့ခံတွေက လန့်ပြီး ပိုပြေးကြတာဗျ။ ဒီမနက် ပိုပြေးကြတယ်။ မြို့အထွက်ကတော့ရတယ်၊ မြို့အဝင်ကတော့ စစ်ဆေးရေးတင်းကြပ်ထားတယ်။ သူတို့ဘက်က အထိနာပြီဆို ဒီလိုပဲအင်အားသုံးလာတော့မှာပဲ"လို့ ပုလဲဒေသခံတဦးက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၅ရက် ည ၉ နာရီခန့်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က မြို့အစွန်မှာရှိတဲ့ ပုလဲမြို့ရဲစခန်း၊ နောက် မြို့ဒေါင့်ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်နေအိမ်နဲ့ မြို့အဝင်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွေကိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ် မှုတွေရှိခဲ့သလို စစ်ကောင်စီဘက်က လူ ၆ ဦးထပ်မနည်းသေဆုံးတယ်လို့ ဆိုပါတယ်။

ဒီလိုပစ်ခတ်မှု ပြီးတဲ့နောက် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် နေအိမ်မီးလောင်ပျက်စီးတယ်လို့ သိရပြီး ဒေသကာကွယ်ရေး တွေဘက်ကတော့ ဒါဟာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ထိမှန်တာကြောင့်ဖြစ်တာလို့ တုံ့ပြန်ပါတယ်။

ဒီကနေ့ ညနေအထိတော့ ပုလဲမြို့နယ်ထဲက ကျေးရွာတွေဘက်ရော မြို့ပေါ်မှာပါ နှစ်ဖက်ပစ်ခတ်မှုတွေမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ပုလဲမြို့နယ် အင်မထီး ကျေးရွာရှိ ပြည်သူ့စစ်စခန်းကို PDF တွေချဥ်းကပ်လာခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားကာ ရွာကို PDF တွေမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ မီးလောင်မှုကြောင့် နေအိမ် အလုံး ၂၀၀ ခန့် မီးလောင်ခဲ့ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ဝန်ကြီးချုပ်နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်မှူးတို့ ရွာကိုရောက်လာပြီး လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့တယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ့နောက်ပိုင်း ပုလဲနယ်ထဲ ရွာတွေ ၄ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး မင်းတိုင်ပင်ရွာ အပါအဝင် ရွာအချို့လည်း ဝင်ရောက်ရှာဖွေမှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီက ပြောင်းလဲခန့်ထားလိုက်တဲ့ စစ်တိုင်းမှူးအသစ်လက်ထက်မှာ ပုလဲနယ်ထဲမှာ ရွာတွေ မီးရှို့ခံရတာ ပိုများလာတာဖြစ်ပြီး စစ်ကောင်စီက ပုလဲမြို့ အင်းမတီးရွာက ပြည်သူ့စစ်စခန်းတွေ တိုက်ခိုက်ခံရတယ်ဆိုပြီး သတင်းထုတ်ပြီးနောက်မှာ နှစ်ဖက်တိုက်ပွဲတွေ အရှိန်မြှင့်လာတာဖြစ်ပါတယ်။

ပုလဲမြို့ နယ်ဟာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ တည်ရှိပြီး ယင်းမာပင်မြို့ ရဲ့ တောင်ဘက် (၁၁)မိုင်အကွာမှာ ရှိပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပုလဲမြို့မှာ လူဦးရေ တစ်သိန်းလေးသောင်းခန့် နေထိုင်တယ်လို့သိရပါတယ်။

ပုလဲနယ်က ဗိုလ်နဂါးဟာ လူသိများတဲ့ ဒေသလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီးတော့ သူ့ကို စစ်ကောင်စီလိုက်လံရှာဖွေပြီး ဖမ်းဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။