လူငယ်တွေ သေလိုတာထက် ရှင်လိုတာကို ပိုရစေချင်တယ်လို့ ကုလ အထူးသံပြော

ရေးသားခဲ့သည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မြန်မာစစ်တပ်ကို လျစ်လျူရှု ချန်ထားဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ ကုလအထူးသံ မစ္စ နော်လင်း ဟေဇာရဲ့ ပြောဆိုမှု အာဏာသိမ်း မှု တစ်နှစ်ပြည့်ချိန်မှာ ထွက်လာပါတယ်။

စင်္ကာပူ အခြေစိုက် CNA သတင်းဌာနနဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ မစ္စဟေဇာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"စစ်တပ်ဟာ တရားဝင် (အစိုးရ) မဟုတ်ဘူးလို့ ကျွန်မဆိုရာမှာ သူတို့ရဲ့ အခန်းကဏ္ဍ မရှိဘူးလို့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။ သူတို့ ပါဝင်ရမယ့် အခန်းကဏ္ဍ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ အစိုးရအဖြစ် တရားဝင်သူတော့ မဟုတ်ကြပါဘူး" လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအဖြစ် အခု နောက်ဆုံး ခန့်ထားခံရတဲ့ စင်္ကာပူသူ မစ္စဟေဇာက ဆိုပါတယ်။

NUG ရဲ့ ရပ်တည်မှုကို ကြည့်ရင်တော့ သူတို့ရဲ့ ထုတ်ပြန်ထားချက်တွေ အရ မြန်မာ့ အနာဂတ်ရေး ဆွေးနွေးမှုတွေ ထဲမှာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေတဲ့ စစ်တပ်ကို လုံးဝ ချန်ရစ်ထားရမယ် ဆိုတဲ့ သဘောထားမျိုးကို တွေ့ရပါတယ်။

နိုင်ငံတကာ မှတ်တမ်းတွေအရ စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီးနောက် တစ်နှစ်တာ ကာလအတွင်းမှာ ပြည်သူ ၁၄၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၂၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ကယားမှာ ဖြစ်ခဲ့တဲ့ ကလေးသူငယ် ၄ ဦး အပါအဝင် လူပေါင်း ၃၅ ဦးထက် မနည်း အစုလိုက် အပြုံလိုက် အသတ်ဖြတ်ခံရမှုအတွက် လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ လပိုင်းကပဲ မြန်မာ အာဏာသိမ်း စစ်တပ်အပေါ် ရှုတ်ချပြစ်တင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

"သတ်ဖြတ်မှုတွေကို အလုံးစုံ ရပ်တန့်သွားတဲ့ နည်း မရှာနိုင်ဘူး ဆိုရင် ပိုပြီး ဆိုးလာဖို့ပဲ ရှိတယ်" လို့ မစ္စဟေဇာက ဆိုပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲကနေ မြန်မာစစ်တပ်ကို ချန်ထားလို့ မဖြစ်ဘူးလို့ မစ္စဟေဇာက ဆိုပေမယ့် အာဏာသိမ်း စစ်တပ်ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ် ဘယ်လိုဘယ်ပုံ ရှေ့ကို သွားမလဲ ဆိုတာကို အဓိက ဆုံးဖြတ်တဲ့ နေရာမှာ ရှိနေဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်နေကြတဲ့ မြန်မာလူငယ်တွေကိုလည်း ရပ်တည်မှုကို အခုအနေအထားထက် ပျော့ပြောင်းပေးပြီး ရေရှည်အတွက် စဉ်းစားကြဖို့ ကုလအထူးသံက တိုက်တွန်းပါတယ်။

"နိုင်ငံရေး အလုံးစုံ ပြောင်းလဲနိုင်ဖို့အတွက် အသက်ပေး တိုက်ခိုက်ကြဖို့အထိ စိတ်သဘော ဆန္ဒတွေ အထူးသဖြင့် လူငယ်တွေထံမှာ ရှိနေတာကို နားလည်ပါတယ်။ နိုင်ငံရေး ပြောင်းလဲနိုင်ဖို့ ဆိုတာ ဖြစ်စဉ်တစ်ရပ် အနေနဲ့ ပေါ်ပေါက်ရတာ ဖြစ်ပြီး ခနတာ အတွင်း ဖန်တီးယူလို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်မအနေနဲ့ လူငယ်တွေ အတွက် သူတို့ အသက်တွေ စတေးဖို့ အကြောင်းခံ ရှိနေတာထက်စာရင် အသက်ရှင်သန် နေထိုင်ဖို့ အကြောင်းခံတွေ ပိုင်ဆိုင်စေလိုပါတယ်" ဆိုပြီး မစ္စ ဟေဇာက ဆိုပါတယ်။

လက်ရှိ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယို ဖြစ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ အရေးကြီးတဲ့ ကနဦး ခြေလှမ်း အနေနဲ့ စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး တိုက်ခိုက်မှုတွေ ရပ်နားပေးကြပါ ဆိုပြီး မစ္စဟေဇာက ထပ်လောင်း တောင်းဆိုပါတယ်။

"တိုက်ခိုက်မှုတွေထဲ ပိတ်မိကြသူတွေဟာ အရပ်သားတွေ ဖြစ်ပါတယ်၊ နောက်ပြီး ကျွန်မရှေ့မှောက် ရှိနေတဲ့ စာရင်းဇယားတွေ အရ မြန်မာပြည်သူ ၂၅ သန်းဟာ ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းအောက် ရောက်သွားခဲ့ပြီ ဖြစ်သလို လူပေါင်း ၁၄ သန်းခွဲဟာ စာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်"လို့ မစ္စ ဟေဇာက ဆိုပါတယ်။