ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းအရေးမှာ အမေရိကန်က ရုရှားကို စစ်ပွဲထဲသွင်းနေတယ်လို့ ပူတင်ပြော
အမေရိကန်ဟာ ယူကရိန်းမှာစစ်ဖြစ်လာအောင်နဲ့ ရုရှားကို အဲဒီစစ်ထဲပါဝင်လာအောင် ဆွဲခေါ်နေတယ်လို့ သမ္မတပူတင်က စွပ်စွဲလိုက်ပါတယ်။
ဒီလိုထပ်တိုက်တွေ့မှုတွေကို အကြောင်းပြချက်အဖြစ်သုံးပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ်ချမှတ်နိုင်ဖို့က အမေရိကန်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သူက ပြောပါတယ်။
နေတိုးစစ်အုပ်စုက ဥရောပမှာ နယ်မြေချဲ့ထွင်လာတာတွေနဲ့ပတ်သက်ပြီး ရုရှားရဲ့ စိုးရိမ်ချက်တွေကိုတော့ အမေရိကန်က လျစ်လျူရှုထားတယ်လို့သူက ဆက်ပြောပါတယ်။
ရုရှားဟာ ယူကရိန်းကို ဝင်တိုက်ပြီး သိမ်းပိုက်ဖို့ ကြံစည်ပြင်ဆင်နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက စွပ်စွဲထားပြီး ဒါကို ရုရှားကတော့ ထပ်ခါထပ်ခါ ငြင်းဆိုထားပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် အင်္ဂါနေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အမေရိကန်အနေနဲ့ "ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ ပဋိပက္ခတွေ ဖြစ်မလာအောင်တားဆီးဖို့ သံန္နိဋ္ဌာန်ချထားတယ်" လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။
ဒီအချိန်မှာပဲ စပိန်သတင်းစာ El Pais က ပြီးခဲ့တဲ့အပတ်က အမေရိကန်နဲ့ နေတိုးက ရုရှားဆီပို့ခဲ့တယ်ဆိုတဲ့ လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတန်းတချို့ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေလျှော့ချဖို့အတွက် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေနဲ့ နျူကလီးယားလက်တက်လျှော့ချရေးဆွေးနွေးပွဲတွေလုပ်ဖို့ ကမ်းလှမ်းချက်တွေပါတယ်လို့ သိရပါတယ်။
နေတိုးအရာရှိတစ်ယောက်ကတော့ သူတို့အနေနဲ့ ဒီလို ပေါက်ကြားထွက်လာတယ်ဆိုတဲ့ မှတ်တမ်းတွေအပေါ် မှတ်ချက်ပေးလေ့မရှိပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတွေမှာ ရုရှားက ယူကရိန်းနယ်စပ်ဆီကို သူ့ရဲ့ တပ်ဖွဲ့ဝင် တစ်သိန်းလောက် လက်နက်အပြည့်အစုံနဲ့ လွှတ်ထားပါတယ်။ အဒီထဲမှာ တင့်ကားတွေ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်ရေး လက်နက်တွေပါ ပါလာပါတယ်။
ပြီးခဲ့တဲ့ရှစ်နှစ် ၂၀၁၄ မှာတုန်းက ရုရှားက ယူကရိန်းရဲ့ တောင်ဘက်စွန်း ကရိုင်းမီးယားကို ဝင်သိမ်းပိုက်ခဲ့ပြီး နိုင်ငံအရှေ့ဘက်ခြမ်း ဒွန်ဘာ့စ်ဒေသက သူပုန်တွေကိုလည်း ထောက်ပံ့ပေးနေခဲ့ပါတယ်။
ယူကရိန်းအစိုးရဟာ နိုင်ငံအရှေ့ခြမ်းမှာ ငြိမ်းချမ်းအောင်လုပ်ပါမယ်ဆိုတဲ့ နိုင်ငံတကာနဲ့သဘောတူထားတဲ့ အချက်ကို လိုက်နာဖို့ ပျက်ကွက်တယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။ အဲဒီ အရှေ့ဘက်ခြမ်းတိုက်ပွဲတွေကြောင့် လူ ၁၄၀၀၀ ကျော်အသက်ဆုံးခဲ့ပြီး ရုရှားထောက်ပံ့ပေးနေတဲ့ သူပုန်တွေက နေရာအတော်များများကို ထိန်းချုပ်ထားပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelensky ကတော့ ရုရှားဘက်က ကျူးကျော်တိုက်ခိုက်ရင် ဖြစ်လာမှာက "ရုရှားနဲ့ ယူကရိန်းစစ်ပွဲသက်သက်မဟုတ်ဘဲ ဥရောပစစ်ပွဲ၊ ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်လိမ့်မယ်" လို့ အင်္ဂါနေ့က သတိပေးထားပါတယ်။
မော်စကိုကို ရောက်နေတဲ့ ဟန်ဂေရီသမ္မတ ဗစ်တာအော်ဘန်နဲ့ ဆွေးနွေးအပြီးမှာ မစ္စတာပူတင်က "ကျွန်တော်မြင်တာကတော့ အမေရိကန်ဟာ ယူကရိန်းရဲ့ လုံခြုံရေးကို သိပ်စိုးရိမ်နေတာ မဟုတ်ပါဘူး၊ သူ့အဓိက ရည်ရွယ်ချက်က ရုရှားရဲ့ တိုးတက်မှုကို ထိန်းချုပ်ဖို့ပဲ။ ဒါကြောင့် သူတို့ရည်မှန်းချက်ကို ရောက်ဖို့ ယူကရိန်းကို အသုံးချတာ သက်သက်ပါ" လို့ ပြောခဲ့ပါတယ်။
ကမ္ဘာမှာ နျူကလီးယားလက်နက်အများဆုံး ပိုင်ထားကြတဲ့ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ပြိုင်ဆိုင်မှုက စစ်အေးတိုက်ပွဲကာလ (၁၉၄၇-၈၉) ကတည်းက ရှိခဲ့ပါတယ်။ ယူကရိန်းဟာ အဲဒီကာလတွေမှာ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတစ်ခုဖြစ်ပြီး ရုရှားပြီးရင် ဆိုဗီယက်ထဲမှာ အရေးအပါဆုံးပါ။သမ္မတပူတင်က အမေရိကန်ဟာ ရုရှားရဲ့ စိုးရိမ်ချက်နဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုနေခဲ့တယ်။ နေတိုးအုပ်စုကို ဥရောပမှာ အခုလက်ရှိကနေ အရှေ့ဘက်ခြမ်းကို တိုးချဲ့တာမျိုး မလုပ်ပါဘူးဆိုတဲ့ ရုရှားကတောင်းဆိုတဲ့ လုံခြုံရေးအရ အာမခံချက်တွေကိုလည်း မပေးဘူးလို့ သူကဆိုပါတယ်။
ယူကရိန်းကိုသာ နေတိုးအဖွဲ့ထဲ ပေးဝင်လိုက်ရင်တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ရုရှားနဲ့ စစ်ပွဲထဲကို ဆွဲသွင်းတာမျိုး ဖြစ်လိမ့်မယ်လို့ မစ္စတာပူတင်က ပြောပါတယ်။
"စဉ်းစားကြည့်ပါ၊ ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်လာပြီး ကရိုင်းမီးယားကိုပြန်ယူဖို့ စစ်ရေးအရလုပ်လာတယ်ဆိုပါစို့၊ အဲဒါဆို ဘာဖြစ်မလဲ၊ ကျွန်တော်တို့က နေတိုးနဲ့ စစ်တိုက်ရမှာလား။ အဲဒီအခြေအနေမျိုးကို စဉ်းစားမိသူရော ရှိရဲ့လား။ သူတို့ဘက်မှာ စဉ်းစားထားပုံမရပါဘူး။"
အမေရိကန်ကတော့ သူတို့အနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ကို အပြည့်အဝလိုလားနေပါတယ်လို့ ဆိုပါတယ်။ အင်္ဂါနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗရော့နဲ့ တယ်လီဖုန်းကနေ စကားပြောအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က "နှစ်ဖက်စလုံးရဲ့လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကို" အမေရိကန်အနေနဲ့ ဆက်လက်ဆွေးနွေးသွားဖို့ ဆန္ဒရှိကြောင်း အလေးအနက်ပြောခဲ့ပါတယ်လို့ ဆိုပါတယ်။
အခုအပတ်အစောပိုင်းတုန်းကလည်း အမေရိကန်က ယူကရိန်းအရေးတင်းမာမှုတွေကို ဖြေလျှော့ဖို့ သူတို့ဘက်က အဆိုပြုချက်ကို ရုရှားက စာနဲ့ရေးသားတုံ့ပြန်ချက် ရရှိထားတယ်လို့ ပြောပါတယ်။ အဲဒီလို ပြောပြီးလို့ နာရီပိုင်းပဲ အကြာမှာ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဒါမမှန်ဘူးလို့ ပြောပါတယ်။ အစိုးရပိုင်းတာဝန်ရှိသူတစ်ယောက်ကလည်း နိုင်ငံပိုင် RIA ကို သတင်းဌာနကို ရုရှားဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စဉ်းစားပြင်ဆင်နေတုန်းပဲ ရှိပါသေးတယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
El Pais သတင်းစာကထုတ်လိုက်တဲ့ စာရွက်စာတန်းတွေမှာတော့ အမေရိကန်ရဲ့ အဆိုပြုချက်ထဲမှာ ရုရှားက ယူကရိန်းကို ခြိမ်းခြောက်မှုတွေ လျှော့ပေးရင် အမေရိကန်ကလည်း နူကလီးယားလက်နက်တွေနဲ့ ဒုံးပစ်လက်နက်တွေ လျှော့ချပေးဖို့ ဆွေးနွေးပွဲတွေလုပ်မယ်လို့ ကတိပြုချက်ပါပါတယ်။
ဥရောပမှာ ဖြန့်ကြက်ထားတဲ့ အမေရိကန် ဒုံးလက်နက်တွေနဲ့ပတ်သက်လို့ ရုရှားရဲ့ စိုးရိမ်ချက်ကို ဖြေရှင်းပေးမယ့် ပွင့်လင်းမြင်သာတဲ့လုပ်ငန်းစဉ် တစ်ခုထားရှိမယ်လို့လည်း အဆိုပြုထားပါတယ်။ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားမှာ ရှိတဲ့ နေတိုး စစ်စခန်းတွေမှာ ခရုဇ်ဒုံးကျည်တွေလုံးဝမထားတော့ဘူးလို့ အမေရိကန်က ကမ်းလှမ်းပြီး အပြန်အလှန်အားဖြင့် ရုရှားကလည်း သူ့ရဲ့ စစ်စခန်းနှစ်ခုကနေ ဒုံးကျည်တွေရုပ်သိမ်းပေးရမယ်လို့ ပါရှိပါတယ်။
ဥရောပရဲ့ လုံခြုံရေးကို ထိခိုက်နိုင်မယ့် ကိစ္စအားလုံးကို အမေရိကန်က သူ့ရဲ့ မဟာမိတ်တွေနဲ့ ဆွေးနွေးတိုင်ပင်သွားမှာဖြစ်တယ်လို့လည်း အမေရိကန်ရဲ့ အဆိုပြုချက်မှာ ဖော်ပြထားတယ်လို့ ပေါက်ကြားလာတဲ့ စာရွက်စာတန်းတွေအရ သိရပါတယ်။
စစ်ရိပ်စစ်ငွေ့တွေကြောင့် အရပ်သားတွေလည်း အသင့်ပြင်နေ
ဆာရာ ရိန်းစဖို့ဘီဘီစီအရှေ့ဥရောပသတင်းထောက်
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းနယ်စပ်မှာ လာချထားတာကို ယူကရိန်းရဲ့ အနောက်နိုင်ငံမဟာမိတ်တွေက ထောက်ပြကန့်ကွက်နေကြတာ လအတော်ကြာပါပြီ။
ရုရှားတပ်တွေ ဝင်လာမယ်ဆိုရင် အဲဒီလမ်းကြောင်းပေါ်မှာ ရှိနေကြတဲ့ ယူကရိန်းနိုင်ငံသားတွေကတော့ ရုရှားဘက်က တကယ်ဝင်သိမ်းမယ်လို့ မထင်ကြပါဘူး။ ဒါပေမဲ့ စစ်ဖြစ်လာတော့မယ်ဆိုတဲ့ အပြောတွေကြောင့် သူတို့ စိတ်ခြောက်ခြားကြရပါတယ်။
"ပြီးခဲ့တဲ့အပတ်ကတော့ ကျွန်တော်အတော်ကြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့တောင် ပြရတယ်" လို့ ဒမီထရီ ဒူဘတ်စ်က ပြောပါတယ်။
သူက ၂၀၁၄ တုန်းက တပ်ထဲကို အကူစစ်သားအဖြစ်နဲ့ဝင်ခဲ့ပြီး သူ့လို အကူတပ်သားတွေနဲ့အတူ နိုင်ငံအရှေ့ခြမ်းက ရုရှားထောက်ပံ့ပေးနေတဲ့ ခွဲထွက်ရေးသူပုန်တွေကို တိုက်တဲ့ဆီ သွားခဲ့သူပါ။
အဲဒါပြီးတော့ ဒမီထရီ သူ့ပုံမှန် အရပ်သားဘဝနဲ့ ပြန်နေပါတယ်။ စစ်ပွဲကာလတုန်းက သုံးခဲ့ရတဲ့ ပစ္စည်းတွေကို အမှတ်တရအဖြစ် ကျည်ဆံသေတ္တာဟောင်းတစ်လုံးထဲမှာ ထည့်သိမ်းထားပါတယ်။ အခုတော့ အဲဒီကျည်ဆံသေတ္တာကို ဆေးပြန်သုတ်ပြီး ဧည့်ခန်းထဲမှာ ကော်ဖီစားပွဲလုပ်ထားပါတယ်။
အခုတစ်ကြိမ်မှာလည်း သူ့စိုးရိမ်ချက်တွေကို တည်ငြိမ်အောင်ထားရင်း အဆိုးဆုံးဖြစ်လာနိုင်တဲ့ အခြေအနေအတွက် ပြင်ဆင်နေပါတယ်။ သူ့ကားကို ဆီဖြည့်ထားတယ်၊ အရေးပေါ် စားသောက်စရာတွေ ဝယ်စုထားတယ်၊ ပြီးတော့ နယ်မြေကာကွယ်ရေးတပ်ဖွဲ့ထဲဝင်ဖို့လည်း စာရင်းပေးထားပါတယ်။ လွန်ခဲ့တဲ့ရှစ်နှစ်က သူရခဲ့တဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေက အသုံးဝင်မယ်လို့လည်း သူမျှော်လင့်နေပါတယ်။