ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည် ပြည်တွင်းစစ် ဖြစ်နေပြီလို့ ကုလသမဂ္ဂအရာရှိ ပြော
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံမှုအခြေအနေဟာ "အလွန် ဆိုးဆိုးရွားရွား" အခြေအနေ ဆိုက်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးက ဘီဘီစီကို ပြောပါတယ်။ စစ်ကောင်စီက လူ့အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်ကျူးလွန်နေတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တားဆီးမပေးနိုင်ခဲ့ဘူးဆိုတာကိုလည်းသူက ဝန်ခံပြောကြားခဲ့ပါတယ်။
ဘီဘီစီနဲ့ အထူးသီးသန့် မေးမြန်းရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး မစ္စ မီချဲလ် ဘက်ချလေး (Michelle Bachelet) က နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုတရားဝင် အသိအမှတ်ပြုကြဖို့ကိုလည်း သူက ပန်ကြားသွားပါတယ်။
ဘီဘီစီ အာရှဌာန အယ်ဒီတာ ရီဘက်ကာ ဟန်းရှ်ကီး(Rebecca Henschke) နဲ့ မေးမြန်းခန်းကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဘီဘီစီ။ အခုဆိုရင် ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းသွားတာ တနှစ်ရှိသွားပါပြီ။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ဘယ်လို ပြောမလဲရှင့်။
မစ္စဘက်ချလေး။ နိုင်ငံရဲ့ နေရာအနှံ့ နီးပါးလောက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေက အလွန်ကို ဆိုးဆိုးရွားရွား ဖြစ်နေတာလို့ ကျွန်မ ပြောရပါလိမ့်မယ်။ နောက်ပြီး တနိုင်ငံလုံးအနှံ့ ပြည်တွင်းစစ်ဖြစ်မယ့် အခြေအနေကိုလည်း ဆိုက်နေတယ်။ လူသားချင်းစာနာကူညီရမယ့်အရေးကလည်း အကျပ်အတည်း ပိုဆိုက်လာနေတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲလု မတတ်ဖြစ်နေတယ်။ ဥပမာ ကျန်းမာရေးစောင့်ရှောက်မှုမရနိုင်တာ၊ ပညာသင်ခွင့်မရတာတွေ ဖြစ်နေတယ်။ နိုင်ငံ့လူဦးရေ ၅၄ သန်းမှာ တဝက်လောက်က ဆင်းရဲတွင်းထဲကျသွားနိုင်နေပြီး လူအမြောက်အမြားလည်း နိုင်ငံကနေ ထွက်ပြေးနေရတယ်။ အဲဒီလို အခြေအနေတွေနဲ့အတူ နိုင်ငံ့စီးပွားရေးကလည်း ပြိုလဲတော့မယ့် အခြေ ဆိုက်နေတာတွေ ဖြစ်နေတယ်။
တချိန်တည်းမှာပဲ စစ်တပ်က သူတို့နဲ့ သဘောချင်းမတူသူ ဘယ်သူ့ကိုမဆို နှိမ်နင်းနေပြီး အဲဒီလို နှိမ်နင်းရာမှာ သတ်ဖြတ်တာတွေ၊ နှိပ်စက် တာတွေကို လုပ်နေတယ်။ လူတွေအများအပြားကို ဖမ်းဆီးထောင်ချထားတယ်။ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ သတင်းအချက်အလက် လွတ်လပ်စွာရယူခွင့်တွေကို အပြင်းအထန် ပိတ်ပင်ထားပါတယ်။ ဆန့်ကျင်ဆန္ဒပြတာတွေကို စစ်တပ်က ချေမှုန်းတဲ့အတွက် အနည်းဆုံး လူပေါင်း ၁၅၀၀ကျော် သေဆုံးခဲ့ရတယ်။ လူပေါင်း ၁၀၅၀၀ လောက်အဖမ်းခံခဲ့ရတယ်၊ လက်ရှိမှာ လူ ၉၀၀၀ လောက်က အဖမ်းခံနေရတုန်းပဲ။
နိုင်ငံအနှံ့မှာ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတယ်၊ ရခိုင်ဘက်မှာ ငြိမ်သက်နေပေမယ့် ချင်း၊ ကယား၊ ကရင်နဲ့ ကချင်ပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ အများကြီးဖြစ်နေတယ်။
စစ်တပ်ကသူတို့ကို မထောက်ခံတဲ့ ရပ်ရွာအသိုင်းအဝိုင်းကို အပြစ်ပေးတယ်၊ ရွာတွေကို မီးရှို့တယ်၊ ဘာသာရေးအဆောက်အအုံတွေကိုမီးရှို့တယ်၊ ရုံးတင်စစ်ဆေးတာမျိုးမလုပ်ဘဲ အကျဉ်းရုံး သတ်ဖြတ်စီရင်တာတွေ လုပ်နေတယ်။
ဒီလိုအခြေအနေဆိုးတွေဖြစ်နေပေမယ့်လည်း တဘက်မှာလည်း မြန်မာပြည်သူ အားလုံးနီးပါးက စစ်တပ်ကို ဆန့်ကျင်ကြတယ်၊ စစ်တပ်က နိုင်ငံအတွင်းမှာ သူတို့အာဏာ စိုးမိုးထားနိုင်အောင် မလုပ်နိုင်ဘူး။
နိုင်ငံတွင်းက လူနည်းစု လူမျိုးစုတွေအနေနဲ့ အရင်တုန်းက ခွဲခြားပစ်ပယ် ထားခံရတာကို ကြုံခဲ့ရပေမယ့် နိုင်ငံအနာဂတ်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူတို့ပိုပြီး ပါဝင်ပြောဆိုလာနိုင်တဲ့ ဒီမိုကရေစီအမြင်တွေပိုတိုးပွားလာတာကို တွေ့ရပါတယ်။ ရိုဟင်ဂျာတွေကို စစ်တပ်က ပြုမူဆောင်ရွက်ခဲ့တာတွေက ရာဇဝတ်မှုဆိုတာကို မြန်မာပြည်သူတွေအကြားမှာ ပိုအသိအမှတ်ပြုလာတာ ကိုလည်း ကျွန်မထောက်ပြ ပြောချင်တယ်။လူငယ်တွေက အရင်လိုရှိရင်းစွဲ အခြေအနေမျိုးကို ပြန်သွားကြမှာ မဟုတ်တော့ဘူး။
ဘီဘီစီ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက "အလွန် ဆိုးဆိုးရွားရွား"ဖြစ်နေတယ်လို့ ပြောတယ်၊ အဲဒါဆိုရင် ဒီစစ်အာဏာသိမ်း တနှစ်မြောက်လာတဲ့ ဒီအချိန်ကာလမှာ စစ်တပ်ကို ကော်မရှင်နာမင်းကြီး အနေနဲ့ ဘာပြောချင်လဲရှင့်။
မစ္စဘက်ချလေး။ အကြမ်းဖက်နေတာတွေ၊ လူတွေကို ဖမ်းဆီးနေတာတွေ ရပ်ဖို့ ကျွန်မတို့အနေနဲ့ တောင်းဆိုခဲ့တယ်။ ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ဖို့အတွက် အခြေအနေတွေကို အမြန်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး လုပ်ဆောင်ခဲ့တာတွေအပေါ် တာဝန်ခံမှုရှိဖို့က အရေးကြီးတယ်ဆိုတာကို အမြဲထောက်ပြပြောခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်တာတွေ ဖြစ်နေတုန်းက တာဝန်ရှိသူတွေကို အရေးမယူဘဲ ဆက်လက် ခွင့်ပြုနေခဲ့တာတွေက ပြုမူခဲ့သူတွေအနေနဲ့ အခုဆိုရင် နိုင်ငံအနှံ့အပြားမှာ အလားတူ လုပ်လို့ရတယ်ဆိုတာမျိုးကို ခံယူသွားတယ်လို့ ကျွန်မတို့ မြင်တယ်။ ဒီနေ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ဆိုးဆိုးရွားရွားဖြစ်နေတာတွေက အတိတ်တုန်းက အရေးမယူခဲ့တာတွေရဲ့ အကျိုးဆက်တွေလို့ ကျွန်မတို့ မြင်ပါတယ်။
ဘီဘီစီ။ ကုလသမဂ္ဂကနေ ထုတ်ပြန်နေတဲ့ စိုးရိမ်ကြောင်း ကြေညာချက်တွေကို မြန်မာပြည်သူလူထုက သိပ်ကို စိတ်ကုန်နေပြီလို့ ထပ်ခါ ထပ်ခါ ပြောနေကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာက အလွန်ကို ဆိုးရွားနေတယ်ဆိုတာပဲ ပြောနေကြပြီး တကယ့် ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်မှုကျ မလုပ်ဘူး၊ သူတို့ကို နိုင်ငံတကာက ပစ်ပယ်ထားကြတယ်ဆိုတဲ့ စကားကို ကျွန်မတို့ အကြိမ်ကြိမ် ကြားနေရပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်း အနေနဲ့ မြန်မာပြည်သူတွေကို ပစ်ပယ်ထားလိုက်ပြီလား။
မစ္စဘက်ချလေး။ ပစ်ပယ်ထားတယ် ဆိုတဲ့ စကားလုံးက နည်းနည်းတော့ ပြင်းတဲ့ စကားလုံးလို့ ကျွန်မထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် စိတ်ဝင်တစား လုပ်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်း လုပ်နေတာတွေက မထိရောက်ဘူးလို့ ကျွန်မမြင်သလို အရေးတကြီးလုပ်သင့်တာကို အလျင်အမြန် မလုပ်ဘူးလို့လည်း ကျွန်မ မြင်ပါတယ်။
ဒါကြောင့်မို့ ကျွန်မတို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့လိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရော၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်စတဲ့နိုင်ငံတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေပါ သိပ်ကို အရေးကြီးပါတယ်။ သူတို့ရဲ့ သံအမတ်တွေနဲ့ တွေ့ခွင့်ရတဲ့ အခါတိုင်း ပိုပြီးလုပ်ကြဖို့ ကျွန်မ တိုက်တွန်းပါတယ်။
ဘီဘီစီ။ ကုလသမဂ္ဂကိုယ်တိုင်ကကော ဘယ်လိုလဲ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ မြန်မာပြည်သူတွေအရေးအတွက် ဆောင်ရွက်ရာမှာ ကုလသမဂ္ဂဘက်က အရေးယူဆောင်ရွက်ဖို့ ထပ်ခါထပ်ခါ ပျက်ကွက်နေတယ်လို့ ပြောပါတယ်။ သူတို့ပြောတာကို သဘောတူပါလားရှင့်။
မစ္စဘက်ချလေး။ ကုလသမဂ္ဂဆိုတာ နိုင်ငံတနိုင်ငံချင်းဆီကနေ ကိုယ်စားပြုပြီး ဖွဲ့ထားတာပါ။ လုံခြုံရေးကောင်စီအနေနဲ့ဆိုရင်တော့ ပိုပြီး အပြောင်းအလဲဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချနိုင်ပါလိမ့်မယ်။ ကျွန်မမြင်တာကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖိအားတွေသုံးပြီး သူတို့(မြန်မာ စစ်ခေါင်းဆောင်တွေ) လုပ်သင့်တာကိုမလုပ်ဘူးဆိုရင်၊ တာဝန်ခံရမယ်ဆိုတာကို ရှင်းရှင်း လင်းလင်း သူတို့မြင်အောင်ပြရမယ်၊ ICC (နိုင်ငံတကာရာဇဝတ်ခုံရုံး)ကို၊ ICJ (အပြည်ပြည်ဆိုင်ရာ တရားရုံး) ကို တာဝန်ခံတုံ့ပြန်ရမယ်ဆိုတာကို သူတို့ကို ပြောရမယ်။
ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာဘဲ ကျွန်မအနေနဲ့တော့ ဒါတွေကို လူ့အခွင့်အရေး ကောင်စီမှာပြောတာ၊ တောင်းဆိုနိုင်တာက လွဲလို့ တခြားလုပ်နိုင်တာ ဘာမှမရှိသလို ခံစားရတယ်။ လူ့အခွင့်အရေးကောင်စီဆိုတာက လုံခြုံရေးကောင်စီမှာလို အရေးယူ ဆောင်ရွက်နိုင်တဲ့ စွမ်းအားမျိုး မရှိဘူးလေ။ ဒါ့ကြောင့်မို့ ကျွန်မအတွက်တော့ အဲဒါက သိပ်ကို စိတ်မကောင်းဖြစ်စရာပါ။ သိပ်ကို ဝမ်းနည်းတယ်။
ကျွန်မအနေနဲ့ မြန်မာပြည်သူတွေ မျှော်လင့်ချက် ရလာနိုင်ဖို့ ကြိုးစားပြီး အမြဲတမ်း ပြောတယ်။ နိုင်ငံအများအပြားက စစ်ကောင်စီကို အသိအမှတ်မပြုကြဘူး၊ ဒါပေမယ့် အဲဒီနိုင်ငံတွေက အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ကိုလည်း အသိအမှတ်မပြုကြဘူး။
ဘီဘီစီ။ ရွေးကောက်ပွဲ ရွေးချယ်ခံကိုယ်စားလှယ်တွေကနေ ဖွဲ့စည်းထားတဲ့ NUG ကို ကမ္ဘာတလွှားက နိုင်ငံတွေက အသိအမှတ်ပြုတာကို မြင်လိုပါသလား။
မစ္စဘက်ချလေး။ အဲလိုလုပ်တာက ကောင်းမယ်လို့ ကျွန်မ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲလို လုပ်ခြင်းအားဖြင့် မြန်မာပြည်သူတွေ အနေနဲ့ ဒါဟာ နိုင်ငံတကာက သူတို့ကို အားပေးတာ၊ သူတို့နဲ့ သွေးစည်းညီညွတ်မှု ရှိတယ်ဆိုတာကို ပြတာ၊ သူတို့ကို ပစ်ပယ်ထားတာမဟုတ်ဘူး ဆိုတာမျိုး သူတို့ခံစားရလိမ့်မယ်။ မြန်မာပြည်မှာ အများစုက ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာပါ၊ သူတို့သတ်ဖြတ်ခံရတယ်၊ ဒီတော့ သူတို့ထဲက အများအပြားက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ဝင် တွေဖြစ်သွားကြတယ်။ ဒါကြောင့်မို့ မြန်မာပြည် အခြေအနေက ပိုပြီး ခိုင်မာတဲ့ ဆောင်ရွက်တာတွေကို မလုပ်ကြဘူးဆိုရင် ဆီးရီးယားမှာ ကြုံခဲ့ရတဲ့ အခြေအနေမျိုးကို ကြုံသွားရနိုင် ပါတယ်။
ဘီဘီစီ။ ဆီးရီးယားဖြစ်ခဲ့ပုံနဲ့ ပုံနှိုင်းပြောစရာတွေ ရှိတယ်ဆိုရင်၊ အခုက မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီနဲ့ အရပ်သားလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေ ဖြစ်နေတာကိုတွေ့ရပါတယ်၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေပြီလို့ ပြောနိုင်လား။
မစ္စဘက်ချလေး။ ပြည်တွင်းစစ် ဖြစ်တော့မယ့် အခြေအနေကိုရောက်နေတယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ခဲ့တာ မှတ်မိမှာပါ၊ အဲဒီတုန်းက ရိုဟင်ဂျာတွေကို ရခိုင် ပြည်နယ်မှာ တိုက်ခိုက်ခဲ့တာပါ။ အခုက အဲဒီလို တိုက်ခိုက်တာမျိုးကို တနိုင်ငံလုံးမှာ လုပ်နေတာပါ။ ဖိနှိပ်မှုတွေလုပ်တယ်။ အဲဒီတော့ သတ်ဖြတ်ခံရမှာကို မလိုချင်တဲ့ ပြည်သူတွေက တုံ့ပြန်တာတွေဖြစ်နေတယ်။ လက်နက်ကိုင် တပ်တွေ ဖွဲ့ကြတယ်။ အဲဒီ ပြည်သူတွေရဲ့ လက်နက်ကိုင်တပ်တွေက သိပ်မကြီးမားပါဘူး။ သူတို့ဟာ စစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်တာကိုခံနေရတယ်၊ ရွာတွေ မီးရှို့တာ ခံရတယ်။ ဒါမျိုးတွေ ဖြစ်နေတယ်။ ဒါပေမယ့် ကျွန်မအထင် ဒီလို မတည်ငြိမ်မှုတွေကနေ ပြည်တွင်းစစ်ဖြစ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ဘီဘီစီ။ ပြည်တွင်းစစ်လို့ ဆိုနိုင်တဲ့ လက္ခဏာတွေ၊ ဆိုပါတော့ ထိခိုက်သေကြေမှုတွေ၊ နိုင်ငံအနှံ့ တိုက်ခိုက်တာတွေဖြစ်နေတာမျိုးတွေ၊ အဲဒါတွေ ဖြစ်နေတာဆိုတော့ ပြည်တွင်းစစ် ဖြစ်နေပြီလို့ ပြောနိုင်မလား။
မစ္စဘက်ချလေး။ ပြောနိုင်ပါတယ်။ အဲဒီလိုခေါ်ဖို့ ကျွန်မလည်း သဘောတူပါတယ်။
ဘီဘီစီ။ ရုရှားက မြန်မာစစ်အုပ်စုကို လက်နက်တွေ ဆက်ထောက်ပံ့နေတုန်းပါ။ လုံခြုံရေးကောင်စီမှာ မြန်မာနဲပတ်သက်ပြီး ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ မလုပ်နိုင်အောင် တရုတ်ကလည်း တားဆီးပါတယ်။ ဒီတော့ ဒီအဓိကနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ကို ဘာတွေ ပြောချင်လဲရှင့်။
မစ္စဘက်ချလေး။ ဒေသတွင်း တည်ငြိမ်မှုရှိဖို့၊ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်ဖို့၊ စစ်အုပ်စုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထောက်ခံတာတွေမလုပ်ဖို့၊ မြန်မာပြည်သူတွေအတွက် ပိုပြီး ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ သံအမတ်တွေကို အစည်းအဝေးတွေမှာ ကျွန်မပြောပါတယ်။ သူတို့က မြန်မာနိုင်ငံကို ဂရုမထားဘူးဆိုရင်တောင် ဒေသတွင်းတည်ငြိမ်မှုကို ဂရုထားကြမှာပါ။ နိုင်ငံအများအပြား အနေနဲ့လည်း မြန်မာနိုင်ငံကနေ ဒုက္ခသည် အများအပြား ဘေးအိမ်နီးချင်းနိုင်ငံတွေကို ထွက်လာတာကို တွေ့ကြမှာပါ။ ဒီနိုင်ငံတွေအနေနဲ့ ပိုခိုင်မာတဲ့ လမ်းကို ကျွန်မတို့နဲ့အတူ လျှောက်ဖို့လိုပါတယ်။
သူတို့ပြောနေတဲ့ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီကို ပြန်သွားမယ် ဆိုတာကလည်း ကြည့်ပါဦး။ ရွေးကောက်ပွဲမှာ နိုင်ထားတဲ့ အဓိကနိုင်ငံရေးပါတီကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားတယ်။ ဒီတော့ တွေ့ဆုံညှိနှိုင်းစကားပြောဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးတာမျိုး ဖြစ်လာမယ်လို့ ကျွန်မတော့ သိပ်မထင်ဘူး။
ဘီဘီစီ။ ကော်မရှင်နာမင်းကြီးရှင့်၊ မြန်မာပြည်မှာဖြစ်နေတာတွေက တနှစ်ကြာလာပါပြီ၊ စစ်တပ်က လူတွေကိုသတ်တယ်၊ မီးရှို့တာလည်း ရှိတယ်၊ ကနီမြို့နယ်ထဲမှာ ကလေးတွေအပါအဝင် လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံရတာ၊ လယ်သမားတွေဟာ သေတဲ့အထိ နှိပ်စက်ခံသွားရတာတွေကို လွန်ခဲ့တဲ့ လပိုင်းကတင် ဘီဘီစီအနေနဲ့ တင်ပြခဲ့ပါတယ်။ ကမ္ဘာက လက်ပိုက်ကြည့်နေတုန်းပဲ။ အခု မင်းကြီးဆီက ကြားရတာတွေကလည်း ခိုင်ခိုင်မာမာ ဆောင်ရွက်ချက်တခုလာမယ် ဆိုတာမျိုးလည်း မပါဘူး၊ ဘာဖြစ်လာဖို့လိုတယ်ဆိုတာမျိုးလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူးရှင့်။
မစ္စဘက်ချလေး။ တွေးထားကြံဆတာတွေ ရှိတာတော့ တကယ်ပါ။ ကျွန်မတို့ အလုပ်ကတော့ အကြမ်းဖက် ဖိနှိပ်နေကြသူတွေကို အပြစ်ကနေ ကင်းလွတ်ခွင့်မပေးဘဲ အရေးယူဆောင်ရွက်ပါမှ၊ နောက်ထပ် အဲဒီလို လူ့အခွင့်အရေးချိုးဖောက်တာမျိုးတွေ မဖြစ်မှာဆိုတာကို အဖွဲ့ဝင်နိုင်ငံတွေလက်ခံလာအောင် သူတို့ဆီကို အစီရင် ခံစာတွေ ပို့ရတာပါ။ မြန်မာနိုင်ငံအတွင်းမှာ အရင်ကလိုမျိုးအခြေအနေတွေ မပြောင်းမလဲ ဆက်ရှိနေတာမျိုးကို အဆုံးသတ်ဖို့လိုပြီ။ အပြစ်ပေး အရေးယူတာမလုပ်ဘဲ လွှတ်ပေးထားတာမျိုးကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေက ဆက်ပြီးလက်ခံနေမယ်ဆိုရင် မြန်မာပြည်ရဲ့ အခြေအနေက တိုးတက်မလာဘူးဆိုတာကို သိကြဖို့က သိပ်ကို အရေးကြီးပါတယ်။
ဘီဘီစီ။ မြန်မာပြည်ကနေ ဒီအစီအစဉ်ကို ကြည့်ရှုနေကြတဲ့ပြည်သူတွေက ငါတို့မှာ ငါ့တို့ပဲ ရှိတာပါလားလို့ ထပ်ပြီးခံစားသွားရနိုင်ပါတယ်။ သူတို့အတွက် ဘယ်လို စကားများ ပါးချင်ပါလဲ။
မစ္စဘက်ချလေး။ ကျွန်မမြန်မာပြည်သူတွေရဲ့ အရေးကို ဂရုထားပါတယ်။ သူတို့ဘယ်လိုတွေ ဖြတ်သန်းရင်ဆိုင်နေကြရလဲ ဆိုတာကိုလည်း ကျွန်မသိပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ဘဝကနေ ပြည်သူတွေ လွတ်ကင်းနိုင်အောင် ထိရောက်တဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ရဖို့အတွက် ကျွန်မအနေနဲ့ တတ်နိုင်သမျှ ကြိုးစားလုပ်ကိုင်သွားမှာပါ။ သူတို့ဟာ အဖော်မရှိ၊ ကူညီသူမရှိ အထီးကျန် ဖြစ်နေတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ကျွန်မတို့ဟာ အခြေအနေတွေကို အမြဲတမ်း စောင့်ကြည့်သွားမယ်၊ သူတို့နဲ့ အမြဲဆက်သွယ်နေမယ်၊ အခြေအနေတွေတိုးတက်အောင် ကျွန်မတို့ အကောင်းဆုံး ဆောင်ရွက်သွားမယ်ဆိုတာကို ပြောချင်ပါတယ်။