စစ်ကောင်စီက အရေးပေါ်အခြေအနေကာလ နောက်ထပ် ၆ လ သက်တမ်းတိုး

ရေးသားခဲ့သည်။

စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကိုဒီကနေ့ ဇန်နဝါရီ ၃၁ရက် က နေပြည်တော်မှာ ကျင်းပခဲ့ပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ကောင်စီခန့်ဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ကျန်းမာရေး အခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့တယ်လို့ စစ်ကောင်စီ သတင်းက ဆိုပါတယ်။

ဒီအစည်းအဝေးမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အကျိုးအကြောင်းဖော်ပြလျက် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို သက်တမ်းတိုးမြှင့်ပေးပါရန် တင်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

ဒီ အစည်းအဝေးကို တက်ရောက်လာကြ သူတွေရဲ့ တင်ပြချက်များအရ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ကာလကို ၆ လ သက်တမ်းတိုးလိုက်ကြောင်း အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က နိုင်ငံတော်အာဏာကို တစ်နှစ် ထိန်းသိမ်းလိုက်ပြီလို့ တပ်မတော်ပိုင် မြဝတီ သတင်းဌာနက ထုတ်ပြန်ခဲ့ပြီး အဲ့ဒီတုန်းက ယာယီသမ္မတနေရာကို ဦးမြင့်ဆွေ (စစ်တပ်ဗိုလ်ချုပ်ဟောင်း)က တာဝန်ယူမှာ ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း လွဲမှားမှုတွေကို ပြင်ဆင် အရေးယူ ဆောင်ရွက်တာမျိုး မရှိသလို လွှတ်တော်ခေါ်ရေး ကြိုးပမ်းလာတဲ့အတွက် နိုင်ငံရေး တည်ငြိမ်မှု ပျက်ပြားလာတာကြောင့် ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ အာဏာသိမ်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အပြီး လွှတ်တော် ခေါ်ယူမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော် နှစ်ရပ်ပေါင်း ၈ဝ ရာခိုင်နူန်းကျော် အနိုင်ရခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲထက်နေရာပို ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

တပ်က အငြိမ်းစားဗိုလ်ချုပ်‌ဟောင်းတွေနဲ့ အရင်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်ခဲ့လို့ဆိုပြီး ၂၀၂၀ နိုဝင်ဘာ(၈)ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောခဲ့ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃၁ရက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ ၊ ဦးတီခွန်မြတ်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်ရှိလာသည်အထိ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ခိုက်မှုများရှိနေသလို နိုင်ငံအတွင်း ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ရန်ကျန်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ၂၀၀၈ အခြေခံဥပဒေ ၄၂၅ အရ နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကာလကို သက်တမ်းတိုးရန် ကာကွယ်ရေးဦးစီးချုပ်က တင်ပြခဲ့တာကို အဖွဲ့ဝင်တွေက တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြတယ်လို့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။