အိုမီခရွန် ပြည်တွင်းကူးစက်မှု ဘယ်မှာ အများဆုံးတွေ့ထားရလဲ

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ပြည်တွင်းကူးစက်မှုစနေပြီလို့ မနေ့ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေးနဲ့ တမူးမြို့နယ်တွေမှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိထားတာဖြစ်ပြီး ကလေးမြို့နယ်မှာတော့ လူထောင်နဲ့ချီစစ်ရှောင်နေတာတွေရှိတာကြောင့် အစုလိုက် ရောဂါပိုးကူးစက်မှုရှိမှာကို စိုးရိမ်နေကြပါတယ်။

မနေ့တရက်ထဲမှာတင် ကိုဗစ် အိုမီခရွန်ကူးစက်ခံရသူ ၇၂ ဦးတွေ့ရှိခဲ့တယ်လို့ ကိုဗစ်ကူးစက်မှု နေ့စဥ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်း တမူးမြို့ထဲက ၄၈ ဦးနဲ့ ကလေးမြို့က ၂၀ ဦး၊ အဲ့ဒီဒေသတွေကနေ ရောက်ရှိလာပြီး တဆင့် ကူးစက်ခံရသူ ၃ ဦးနဲ့ ကိုဗစ်သံသယလူနာတွေထဲက ၁ ဦးတို့မှာ အိုမီခရွန်တွေ့ရှိခဲ့တာပါ။

ပြည်တွင်းအိုမီခရွန်ကူးစက်ခံရသူ တွေကို ဘယ်လိုကုသပေးနေတယ်၊ ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ် ဖြစ်တာကြောင့် ထပ်မံပြန့်ပွားတာ မရှိအောင် ဘယ်လိုထိန်းချုပ်နေတယ်ဆိုတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကျန်းမာရေးဌာနကို ဘီဘီစီဘက်က မေးမြန်းဖို့ကြိုးစားရာမှာ ဆက်သွယ်လို့ မရသေးပါဘူး။

တမူးကူးစက်မှု

ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ တမူးမြို့ကနေ အိုမီခရွန်ရောဂါပိုး ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးဖို့ပေးပို့လိုက်တဲ့ ၄၈ ဦးစလုံးမှာ အိုမီခရွန်တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ တမူးမြို့မှာတော့ ဇန်နဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ရက်ပိုင်း အတွင်းကို ကိုဗစ်ကူးစက်သူ အယောက် ၂၀၀ ကျော်နေပြီလို့ နိဗ္ဗာန်လမ်းလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့် နောက်ထပ် တခြား ကူးစက်မှုတွေဟာလည်း အိုမီခရွန် ကူးစက်မှုတွေ ဖြစ်လာနေနိုင်တယ်လို့ဆိုပြီး အောက်ဆီဂျင်လိုအပ်မှု မြင့်တက်လာမှာကိုလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။

တမူးမြို့မှာ ကိုဗစ်ပြန်အဖြစ်များနေတာကြောင့် ထိစပ်နေတဲ့ ကလေးမြို့မှာလည်း ဇန်နဝါရီ ၂၆ ရက်ကစပြီး ကိုဗစ်စစ်ဆေးမှုတွေ ပိုလုပ်ဆောင်ခဲ့တာကနေ မနေ့ကအထိတော့ ကိုဗစ်ပိုးတွေ့လူနာ အယောက် ၄၀ ကျော် ရှိပြီလို့ ပြောပါတယ်။

အိုမီခရွန်က ထိန်းချုပ်ရေး

ပြီးခဲ့တဲ့ တတိယလှိုင်းကူးစက်မှုတွေမှာ နယ်စပ်မြို့တွေမှာ ကူးစက်မှုတွေ များပြားလာပြီးနောက် ပြည်တွင်းကူးစက်မှုတွေ ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။

ဒီလိုနယ်စပ်မြို့တွေမှာ အိုမီခရွန်ကိုဗစ်ကူးစက်မှုတွေ စတွေ့လာတာ ကြောင့် လူထုအနေနဲ့ ကာကွယ်ရေးစနစ်တွေကို စနစ်တကျ တိတိကျကျ တစ်ဦးချင်းလုပ်ဆောင်ဖို့ အထွေထွေရောဂါကု သမားတော်ကြီးတဦးက ပြောပါတယ်။

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ ရောဂါလက္ခဏာထူးထူးခြားခြားမပြသလို ရောဂါပြင်းထန်တာလည်း မရှိပါဘူး။

ဒါပေမယ့် အလွန်ကူးစက်မြန်တာကြောင့် အာဏာပိုင်တွေအနေနဲ့ ကိုဗစ်စင်တာတွေပြန်ဖွင့်ပြီး စောင့်ကြည့်မှုတွေလုပ်သင့်သလို အခမဲ့ကိုဗစ်စစ်ဆေးပေးတာတွေ တွင်တွင်ကျယ်ကျယ်ပြန်လုပ်ဆောင်သင့် ပြီလို့ ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြနေကြပါတယ်။

ဒါမှသာ ကူးစက်မြန်အိုမီခရွန်ကို ထိန်းချုပ်ဖို့ ခက်မယ်ဆိုရင်တောင် အသေအပျောက်နည်းအောင် ကာကွယ်ဖို့လိုမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ မြန်မာပြည်မှာ အိုမီခရွန်မျိုးကွဲသစ် တွေ့ရှိသူ ၂၈၃ ဦးရှိနေပြီ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ကိုဗစ်ရောဂါ ကူးစက်မှုအနေနဲ့တော့ ကူးစက်သူ ၅၃၄,၉၀၈ ဦးရှိပြီး သေဆုံးသူ ၁၉,၃၁၀ ရှိခဲ့ပြီး ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူအနေနဲ့ ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးပြီးသူ အနည်းဆုံး တစ်ကြိမ်ထိုးပြီးသူ ၂၂ သန်း ရှိတယ်လို့ ဆိုပြီး အလှူရှင်နိုင်ငံတွေဆီက ရတဲ့ ဆေးတွေကို အဲဒီနိုင်ငံတွေက ဦးစားပေးထိုးနှံစေလိုတဲ့ နေရာတွေမှာ ထိုးပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။