ကိုဗစ် ကူးစက်မှုတွေများလာတဲ့ အိန္ဒိယမှာ တတိယမြောက် ကာကွယ်ဆေး စထိုး

ရေးသားခဲ့သည်။

ကိုဗစ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာ ဦးစားပေးအုပ်စုတွေခွဲပြီး ကိုဗစ်၁၉ ဘူစတာ တတိယအကြိမ် ကာကွယ်ဆေးကို စထိုးနေပါပြီ။

ကျန်းမာရေးဝန်ထမ်းတွေ၊ မဖြစ်မနေ အပြင်ထွက်အလုပ်လုပ်ရတဲ့ အလုပ်သမားတွေနဲ့ အသက် ၆၀ ကျော်တဲ့ သူတွေကို ဘူစတာစထိုးပေးဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

အိုမီခရွန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုက လက်ရှိကိုဗစ်‌ရောဂါတားဆီးမှုကို ပို ဆိုးရွားလာနိုင်စေတာကြောင့် အခုလို ဘူစတာထိုးဖို့ကိစ္စ ဖြစ်လာတာပါ။

အခြားနိုင်ငံတွေမှာလုပ်နေတဲ့ အစောပိုင်းလေ့လာမှုတွေအရလည်း ထပ်ထိုးကြတဲ့ဘူစတာ ကာကွယ်ဆေးဟာ အိုမီခရွန်ပိုး ကာကွယ်တားဆီးမှုတွေပိုလုပ်နိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေရရှိခဲ့ပါတယ်။

ကူးစက်မှုမြင့်မားတဲ့ အိုမီခရွန် ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲသစ်ကို နိုဝင်ဘာလတုန်းက တောင်အာဖရိကနိုင်ငံမှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး နိုင်ငံအများစုဟာ သူတို့ရဲ့ ဘူစတာကာကွယ်ဆေး ထိုးတဲ့ အစီစဥ်တွေကို မြှင့်တင်တာ သို့မဟုတ် မူကွဲကိုဗစ်ပိုးကူးစက်မှုဒဏ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး တစ်လုံးနဲ့ တစ်လုံးထိုးတဲ့ ကြားကာလကိုပါ ချုံ့လိုက်တာတွေ လုပ်ခဲ့ကြပါတယ်။

အိန္ဒိယမှာ ၀န်ကြီးချုပ် နာရန်ဒါမိုဒီက "ကြိုတင်ကာကွယ်ဆေး" လို့ နာမည် ပေးထားတဲ့ ဘူစတာကာကွယ်ဆေးကို သူတို့ ပထမနဲ့ဒုတိယအကြိမ်ထိုးထားတဲ့ ကာကွယ်ဆေး အမျိုးအစားအတိုင်း ဆက် ထိုးပေးမှာလို့ သိရပါတယ်။

အိန္ဒိဟာ ကာကွယ်ဆေးထိုးတာကို ၂၀၂၁ခုနှစ် ဇန်နဝါရီလက စတင်လုပ်ဆောင်ခဲ့ပြီး သူတို့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ကိုဗစ်ရှီးလ်နဲ့ ကိုဗက်ဆင် ကာကွယ်ဆေးတွေကို အဓိက အသုံးပြုနေတာပါ။

တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် တစ်သိန်းခုနှစ် သောင်းကျော် ၁၇၉,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၊ နိုင်ငံရဲ့ မြို့တော် ဒေလီနဲ့ ဘဏ္ဍာရေး အချက်အချာ မွမ်ဘိုင်းလို မြို့ကြီးတွေမှာလည်း ရောဂါပိုး ကူးစက်မှုတွေ ပြင်းထန်နေပါတယ်။

အဲ့ဒီနေ့မှာပဲ ဝန်ကြီးချုပ် မစ္စတာ မိုဒီက သူ့ရဲ့ ထိပ်တန်းအရာရှိတွေခေါ်ပြီး ရောဂါပိုးဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးတစ်ခုကို ကျင်းပ ခဲ့သလို ရောဂါဖြစ်ပွားတဲ့အခြေအနေ သတင်းအချက်အလက်တွေရအောင်လည်း ပြည်နယ်တွေကို "နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှု" ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကစပြီး အသက်၁၅နှစ်နဲ့ ၁၈နှစ်ကြားက လူငယ်တွေကို ကာကွယ်ဆေး စတင်ထိုးပေးခဲ့ပြီး အခုအချိန်အထိ အဲ့ဒီအသက်အပိုင်းအခြား အသက်အုပ်စုက အိန္ဒိယနိုင်ငံသား ၃၁% ကို ပထမအကြိမ်ကာကွယ်ဆေးထိုးထားပြီးပါပြီ။

အရွယ်ရောက်တဲ့သူ ၉၁% ကျော်ကိုလည်း အခုအချိန်အထိ ကာကွယ်ဆေး တလုံးစီ ထိုးထားပြီးဖြစ်သလို ၆၆%ကိုတော့ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ခံကျန်းမာရေးပြသာနာကြောင့် ကာကွယ်ဆေးမထိုးရသေးတဲ့သူ သန်းနဲ့ချီ ရှိနေသေးတဲ့အတွက် အဲ့ဒီလူတွေကတစ်ဆင့် ရောဂါပိုးကူးစက်မှု ပို ပြင်းထန်လာနိုင်တယ် လို့ ကျွမ်းကျင်သူတွေက ပြောထားကြပါတယ်။

အိုမီခရွန်ရောဂါပိုး ပျံ့နှံ့မှုကလည်း စိုးရိမ်စရာအခြေအနေရှိ လာသလို အိန္ဒိယမှာ အိုမီခရွန်ပိုး ကူးစက်ခံရတဲ့သူအရေအတွက်က ၄၀၀၃ ရှိနေတယ်လို့အတည်ပြုထားပါတယ်။ ၁၁၂၆ ဦးကူးစက်ခံထားရဲ့ မဟာရာသျှတရာ ပြည်နယ်မှာ ကူးစက်မှု အမြင့်ဆုံးနဲ့ကြုံနေရပြီး ၊ဒုတိယအနေနဲ့ ရာဂျာစ်သန်ပြည်နယ်မှာ၅၂၉ဦး၊ ဒေလီမှာ ၅၁၃ဦး ကူးစက်ခံထားရပါတယ်။

အခုအချိန်အထိ အိန္ဒိယမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရ ၃၅ သန်းကျော်ရှိခဲ့ပြီး၊ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၈၃,၀၀၀ လောက် ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ပြင်းထန်တဲ့ ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံရဲ့ ကျန်းမာရေးစနစ် ထိခိုက်မှုတွေအကြီးအကျယ် ဖြစ်ခဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်မှု၊ ဆေးရုံကုတင်တွေနဲ့ အရေးပေါ် ဆေးဝါးများ ပြတ်တောက်မှုတွေနဲ့ပါ ကြုံခဲ့ရပါတယ်။