ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မတူပီဒေသခံ ၁၀ လောင်း တွေ့ထားရတဲ့ အကြောင်း အပါအဝင် တနင်္လာမနက် ထိပ်တန်း သတင်းများ
၁။ မတူပီမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းရှေ့ကနေထား ခေါ်သွားခံရသူတွေကို သေဆုံးလျက်သား ပြန်တွေ့နေရ
မတူပီတဝိုက်မှာ စစ်ကောင်စီတပ်တွေက ဒေသခံ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် ၊ သတ်ဖြတ်ပစ်နေတာမှာ ၃ရက်အတွင်း ၁၀ယောက် ရှိသွားပြီလို့ CDF မတူပီက ပြောပါတယ်။
လတ်တလော အဲဒီ ဒေသတဝိုက်မှာ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတွေ မရှိပေမဲ့ ၊ စစ်ကောင်စီ တပ်တွေဟာ ဒေသတွင်း သူတို့ လှုပ်ရှား သွားလာရာမှာ အနားတဝိုက်က ရွာသားတွေကို ရှေ့က သွားခိုင်းနေတာ တွေ့မြင်နေခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ် လှုပ်ရှားသွားလာခဲ့ရာ နေရာတွေမှာ အသတ်ခံထားရတဲ့ ရွာသားအလောင်းတွေ ကျန်ရစ်ခဲ့တာ ဖြစ်ပြီး၊ အသတ်ခံရသူတွေထဲ ၁၃ နှစ် အထိ ငယ်ရွယ်တဲ့ ကလေးသူငယ် အရွယ်လည်း ပါဝင်တယ်လို့ သိရပါတယ်။
၂။ နယူးယောက်မီးလောင်မှု သေဆုံးသူ အနည်းဆုံး ၁၉ ယောက်ရှိနေ
အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ လူနေတိုက်ခန်း အဆောက်အဦး တစ်လုံး မီးလောင်ခဲ့တာမှာ လူတွေ အစုအလိုက် အပြုံလိုက် အသက် ဆုံးရှုံး ခဲ့ရပါတယ်။ အတည်ပြုထားနိုင်သမျှ သေဆုံးစာရင်းထဲ ကလေးသူငယ် ၉ ယောက် အပါအဝင် အနည်းဆုံး ၁၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ဆေးရုံတင်ထားရသူ ၃၂ ယောက် ရှိတာမှာ၊ အဲဒီသူတွေထဲ အခြေအနေ စိုးရိမ်ရသူတွေ ရှိနေတယ်လို့ နယူးယောက် မြို့တော်ဝန် အဲရစ် အဒမ်စ်က ပြောပါတယ်။
၁၉ ထပ်မြင့် အဆောက်အဦး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ အထပ်တိုင်းမှာ သေဆုံးသူတွေ ရှိခဲ့ပြီး၊ မီးခိုးတွေဟာလည်း မကြုံစဖူးကို ထွက်လာခဲ့တာ ဖြစ်တယ်လို့ မီးသတ်ဌာန အကြီးအကဲ ဒင်နီရယ် နစ်ဂရိုက ဆိုပါတယ်။ ဒါဟာ နယူးယောက်မှာ အနှစ် ၃၀ အတွင်း လူ့အသက် ဆုံးရှုံးမှု အများဆုံး ရှိခဲ့တဲ့ မီးလောင်မှု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
နယူးယောက်မြို့၊ ဘရွန့်ဇ် အရပ်မှာ ရှိတဲ့ အဲဒီ လူနေ အဆောက်အဦး မီးလောင်မှုဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ဝန်းကျင်မှာ ဒုတိယထပ် ဒါမှမဟုတ် တတိယထပ်ကနေ စတင်ခဲ့တာလို့ ယူဆ ထားပါတယ်။ စတင် လောင်ကျွမ်းရတဲ့ အကြောင်း ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မီးသတ်သမား အယောက် ၂၀၀ ဝန်းကျင် ဝိုင်းဝန်းငြိမ်းသတ် ခဲ့ရပါတယ်။ မီးလောင်ကျွမ်း ခံရတာ အထပ် နှစ်ထပ် မှာပဲ ဖြစ်ပေမယ့်၊ ထွက်လာတဲ့ မီးခိုးတွေဟာ အဆောက်အဦးတစ်ခုလုံးကို ပြည့်သွားခဲ့တဲ့ အတွက် အထပ်တိုင်းမှာ သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် နောက် မြို့ကြီးတစ်ခု ဖြစ်တဲ့ ဖီလာဒဲဖီးယားမှာလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းကပဲ အခုလို လူနေ အဆောက်အဦး မီးလောင်မှုကြောင့် ကလေး ၈ ယောက် အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။
၃။ တရုတ်မြို့ကြီး တီအန်ကျင်းမှာ လူ ၁၄ သန်းကို ၂ ရက်အတွင်း ကိုဗစ်စစ်မယ်
တရုတ်နိုင်ငံရဲ့ အဓိက မြို့ကြီး တစ်ခုဖြစ်တဲ့ တီအန်ကျင်း Tianjin မှာ ကိုဗစ် ကူးစက် ခံရထားရသူတွေ တွေ့လာရတဲ့ အတွက် မြို့လုံးကျွတ် နီးပါး လူ ၁၄ သန်းကို ၄၈ နာရီ အတွင်း ကိုဗစ် ရှိမရှိ စစ်ဆေးတာတွေ အပြီး လုပ်ဆောင်သွားဖို့ ရည်ရွယ် ထားပါတယ်။
ဆေးစစ်ချက် အဖြေ ရမလာမခြင်း အိမ်ထဲမှာပဲ နေကြဖို့ တီအန်ကျင်း မြို့ခံတွေကို တာဝန်ရှိသူတွေက ပန်ကြားနေပါတယ်။ ပိုးမတွေ့ကြောင်း အဖြေကို တင်ပြနိုင်တဲ့ သူတွေ အနေနဲ့ ကိုဗစ် ကင်းရှင်းကြောင်း လက်မှတ် ထုတ်ယူပြီး မှသာ အများပြည်သူသုံး ဘတ်စ်ကားနဲ့ ယာဥ်ရထားတွေ စီးနင်းခွင့် ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တီအန်ကျင်းမှာ လတ်တလော ကိုဗစ်ပိုးတွေ့ သူ အယောက် ၂၀ ရှိပြီး အဲဒီထဲက ၂ ယောက်ဟာ ကူးစက်နှုန်း အမြန်ဆုံး ဖြစ်တဲ့ အိုမီခရွန် မျိုးကွဲ ကူးခံထားရတာ ဖြစ်တဲ့ အတွက် အခုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လာမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ဆိုရင်လည်း တရုတ်နှစ်သစ်ကူး အားလပ်ရက် အချိန် ဖြစ်တဲ့ အတွက် တရုတ်နိုင်ငံထဲမှာ လူတွေ သန်းပေါင်းများစွာ မွေးရပ်မြေ ပြန်ကြတဲ့ ခရီးသွားလာ လှုပ်ရှားမှုတွေ ပေါ်ပေါက် လာမယ်လို့ မျှော်လင့်ရပါတယ်။
အဲဒီနောက် ရက် အနည်းအငယ် အတွင်းမှာပဲ၊ တီအန်ကျင်းနဲ့ မိုင် ၇၀ လောက်ပဲ ဝေးတဲ့ မြို့တော် ဘေဂျင်းမှာ ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် စတင်မှာ ဖြစ်ပါတယ်။
၄။ သတ်ဖြတ်ခံခဲ့ရတဲ့ ကာဇက်စတန် ဆန္ဒပြသမားတွေ သိထားခဲ့သမျှထက် ၄ ဆ များနိုင်ဖွယ်ရှိ
ကာဇက်စတန် နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း သေဆုံးခဲ့သူပေါင်း အနည်းဆုံး ၁၆၄ ယောက် ရှိတယ်ဆိုတဲ့ စစ်တမ်းတွေ ထွက်ပေါ်လာပါတယ်။
အဲဒီ စစ်တမ်းတွေထဲ ဆေးရုံမှာ တာဝန်ကျသူတွေလိုမျိုး ကျန်းမာရေး ဘက်က သူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားထားတာ တွေ့ရပါတယ်။
တကယ်သာ အဲဒီ ၁၆၄ ယောက် ဆိုတဲ့ အရေအတွက် မှန်ကန်ခဲ့မယ် ဆိုရင် အစောပိုင်း သိထားရတဲ့ သေဆုံးသူ ၄၄ ယောက် ဆိုတဲ့ ပမာဏထက် ၄ ဆ နီးပါး များနေတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေ အတွင်း လူ အယောက် ၆ ထောင်နီးပါးလည်း အဖမ်းခံခဲ့ရပါတယ်။ ကာဇက်စတန်မှာ လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်ရာကနေ လူထု အုံကြွမှုတွေ တနိုင်ငံလုံး အနှံ့ ကူးစက် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
နှစ်ဆန်းကာလ ဇန်နဝါရီ ၂ ရက်နေ့က စတင်ခဲ့တဲ့ အဲဒီ အုံကြွမှုတွေဟာ အစိုးရ အပေါ် မကျေမနပ် ဖြစ်နေတာတွေကို ထင်ဟပ်နေခဲ့ပြီး၊ ကာဇက်စတန်ကို အနှစ် ၃၀ အုပ်ချုပ်သွားပြီး အခုထက်ထိလည်း ဩဇာဆက်ရှိ နေသေးတယ်လို့ ယူဆရတဲ့ သမ္မတဟောင်း နာရ်ဆူလ်တန် နာဇာဘာရက်ဗ် အပေါ် မုန်းတီးခါးသည်း နေမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အုံကြွမှုတွေ၊ အဓိကရုဏ်းတွေကို ထိန်းသိမ်းဖို့ ဆိုပြီး ရုရှား အပါအဝင် နိုင်ငံတချို့က သူ့တို့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပါတယ်။ အခုဆိုရင် အခြေအနေတွေဟာ တည်ငြိမ်သွားပြီ ဖြစ်ပြီး၊ ရှင်းလင်းရေး လုပ်ငန်းတွေ၊ အရေးကြီးနေရာတွေမှာ လုံခြုံရေး အင်အား ဖြည့်တင်းတာတွေကို ဆက်လက် လုပ်ဆောင်နေတယ် ဆိုပြီး ကာဇက်စတန် သမ္မတရုံးက ထုတ်ပြန်ပါတယ်။