တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ဖြစ်လာနိုင်တဲ့ လေးကေ့ကော်

တိုက်ပွဲတွေပြင်းထန်နေတဲ့ လေးကေကော် ဒေသ

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေပြင်းထန်နေတဲ့ လေးကေကော် ဒေသ
ရေးသားခဲ့သည်။

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ အနီးတဝိုက်က ရွာတချို့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတာတွေအပါအဝင် တိုက်ပွဲတွေ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက် မှာလည်းဆက်ဖြစ်နေခဲ့တယ်လို သိရပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိပေမဲ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာတော့ ပစ်ခတ်မှုတွေ မရှိတော့ဘူးလို့ သိရပါတယ်။

လေးကေ့ကော်နဲ့ ၉ မိုင်လောက်ဝေးတဲ့ မြဝတီမြို့အနီးတစ်ဝိုက်မှာ ပစ်ခတ်မှုတွေရှိခဲ့သလို ကော့ကရိတ်မြို့အနီးမှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

KNU တပ်မဟာ (၆) နယ်မြေ၊ လေကေ့ကော်မြို့သစ်နဲ့ မြို့သစ်အနီးဝန်းကျင် ကျေးရွာတွေမှာ စစ်ကောင်စီအပါအဝင် နယ်ခြားစောင့်တပ် (BGF) နဲ့ KNLA-PDF ပူးပေါင်းတပ်ဖွဲ့များအကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က စပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ တိုက်ပွဲနေ့စဉ်ပြင်းထန်နေကြောင်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များနေသလို ထောင်နဲ့ချီ တဲ့ဒေသခံတွေလည်း ဘေးလွတ်ရာ ဒေသတွင်းနဲ့ တစ်ဖက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, KK/ Kyaw K Min

ဓာတ်ပုံ ပုံစာ, သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေ

စစ်ဘေးကို ရှောင်ရတဲ့ ဒုက္ခသည်တွေ အရေအတွက်က တိုက်ပွဲစဖြစ်တဲ့နေ့ကထက် အတော် ပိုများလာပါတယ်။

ကရင်ပြည်နယ်မှာ လေးကေ့ကော်မြို့သစ်ကနေစတဲ့ တိုက်ပွဲတွေကနေ ထိုင်း-မြန်မာနယ်စပ်အထိ လက်နက်ကြီးကျတာတွေ ဖြစ်နေတာကြောင့် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းနေတဲ့ ဒေသခံ သုံးထောင်နီးပါးအထိရှိနေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၉ ရက်ညနေပိုင်းမှာ စစ်ရှောင်ဒေသခံတွေရှိတဲ့ ဖလူးကျေးရွာထဲအထိ စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့တာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ခဲ့ကြရပါတယ်။

မြန်မာဘက်ခြမ်းမှာရှိနေတဲ့ လေးကေ့ကော် ဒေသစစ်ရှောင်တွေအရေအတွက်ဟာ တစ်သောင်းဝန်းကျင်ရှိလာပြီး စစ်ကောင်စီတပ်စွဲထားတဲ့ အမြောက်ကုန်းကနေ မယ်ထော်သလေးဒေသဘက်ကို လက်နက်ကြီးနဲ့ပစ်နေတာပါ၊ မြန်မာဘက်ခြမ်းမှာရှိနေတဲ့ စစ်ရှောင်တွေကို ထိုင်းဘက်နဲ့နီးတဲ့ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ရွှေ့ပြောင်းနေရာချထားပေးတဲ့ အခြေအနေမှာ အခုလို လက်နက်ကြီးကျလို့ ထပ်ပြေးနေကြရတာလို့ မြန်မာဘက်ခြမ်းမှာ စစ်ရှောင်တွေနဲ့အတူ ပိတ်မိနေတဲ့ သတင်းထောက်တချို့က ပြောပါတယ်။

စစ်ကောင်စီက မဲထော်သလေးစခန်းကို ပြန်လည် စိုမိုးနိုင်ဖို့ကြိုးစားနေပြီးတော့ ဒီစခန်းကို ရဖို့အတွက် လက်နက်ကြီးတွေနဲ့ ပစ်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ယူဆနေကြပါတယ်။

လေးကေ့ကော်မြို့ကို စစ်ကောင်စီတပ်တွ ဝင်ရောက်လာစဉ်

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, လေးကေ့ကော်မြို့ကို စစ်ကောင်စီတပ်တွ ဝင်ရောက်လာစဉ်

ဒီဇင်ဘာ ၁၉ရက် ညနေပိုင်းမှာ စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ လေးကေ့ကော်ဒေသက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေရတဲ့ သောင်းရင်းမြစ်ကမ်း ၊ ဖလူးကြီးရွာကို လက်နက်ကြီးတွေ ကျရောက်နေတယ်လို့ အဲဒီစစ်ရှောင်စခန်းမှာ ရောက်နေသူတွေက ဘီဘီစီကိုပြောပါတယ်။

စစ်ဘေးရှောင်တွေအနီးကို လက်နက်ကြီးတွေကျလို့ စစ်ဘေးရှောင်ပြည်သူတွေ အများအပြားဟာ ကြောက်လန့်ပြီး ခြေဦးတည့်ရာ ကစဉ့်ကလျား ထွက်ပြေးနေကြရတယ်လို့ အဲဒီမှာရောက်နေသူက ဘီဘီစီကိုမှတ်တမ်းဓာတ်ပုံနဲ့တကွ ပြောပြလာပါတယ်။

လက်ရှိမှာ ထိုင်းဘက်ခြမ်းမှာလည်း နယ်စပ်တစ်လျှောက် စစ်အင်အားတိုးချဲ့ပြီး လုံခြုံရေးယူတဲ့ အခြေအနေရှိသလို စစ်ယာဉ်တန်းတွေ ပတ်နေတယ်လို့ ထိုင်းဘက်ခြမ်းမှာရောက်နေတဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျောက်လုံးကြီး၊ ကျောက်ဂူ၊ လက်ခတ်တောင်စတဲ့ BGF စခန်းကုန်းတွေကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ပြောပါတယ်။

'' စစ်ကောင်စီဘက်က အမြောက်သုံးတယ်။လက်နက်ကြီးသုံးတယ်ပေါ့။ အဲဒီမယ်ထော်သလေးမှာ အထိုင်ချထားတဲ့ KNLA ၊ KNDO ပါတဲ့ ပူးပေါင်းတပ်တွေနဲ့ ဖြစ်တာပေါ့။အခုကြိုကြားကြိုကြားပစ်နေတာ ညနေပိုင်းအထိပဲ။သူတို့ကတော့ မယ်ထော်သလေးကိုပြန်ဝင်နိုင်ဖို့ ။နောက်အဲဒီကနေ လေးကေ့ကော်ကို ဝင်ဖို့ပြန်ပစ်နေတာပေါ့။ မြဝတီအာရှလမ်းဘက်မှာ ကွင်းကလေးရွာဆိုတာရှိတယ်။မေတ္တာလင်းမြိုင်ပေါ့ သူတို့ (စစ်ကောင်စီ) ရဲ့ BGF (နယ်ခြားစောင့်တပ်) တပ်တွေအထိုင်ချတဲ့နေရာပေါ့။ အဲဒီကနေ စစ်ကြောင်းတစ်ကြောင်းဝင်လာတယ်။ မြဝတီဘက်ကနေလည်း စစ်ကြောင်းတစ်ကြောင်းဝင်လာတယ်။ အဲဒီကနေဖြစ်လာပေါ့''လို့ လက်ရှိ လေးကေ့ကော်ဒေသတခွင် စစ်ကောင်စီဘက်ကစစ်ကြောင်းဖြန့်ပြီး နှစ်ဖက်စစ်ရေးဆိုင်နေတဲ့ အခြေအနေကို စစ်ရှောင်ကူညီသူတွေက ပြောပြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

လက်ရှိမှာ မယ်ထော်သလေးရွာကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA ၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDOနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တပ်ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က မယ်ထော်သလေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မနေ့က ဒီဇင်ဘာလ ၁၉ ရက်နေ့လယ်ပိုင်းမှာ ရွာစာသင်ကျောင်းအနီးက ရပ်ကွက်ကိုလည်း လက်နက်ကြီးထိမှန်ပြီး မီးလောင်ခဲ့တယ်လို့သတင်းရင်းမြစ်က ပြောပါတယ်။ နောက် လက်နက်ကြီးထိမှန်ပြီး တောင်ယာကုန်းတွေလည်း မီးလောင်နေခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်နေရတဲ့ အရေအတွက်ကလည်း ၄ထောင်နီးပါးရှိနေပြီဖြစ်ပါတယ်။

လေးကေ့ကော်ဒေသမှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အချိန်မရွေးပြုလုပ်လာနိုင်တဲ့အတွက် ကုလသမဂ္ဂက ဦးစီးပြီး အရေးပေါ်အစည်းအဝေးများပြုလုပ်ကာ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူက ဒီကနေ့ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ လေးကေ့ကော်ဒေသ လွှတ်တော်အမတ် ၂ ဦးအပါအဝင် NUG PDF နဲ့ဆက်စပ်ပြီးလက်တွေ့ဖမ်းဆီးရရှိမှုတွေရှိကြောင်းနဲ့ လေးကေ့ကော်ဟာ နဂိုမူလအတိုင်း အခြေအနေသာဆိုပါက ဝင်ရောက်ရှာဖွေစရာမရှိကြောင်း စစ်ကောင်စီဘက်က ဘီဘီစီကို ပြောခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော့ KNLA ကတော့ စစ်ကောင်စီဘက်က နယ်မြေကျော်ဝင်ရောက် လာရင် တပ်မဟာ (၇)ခု က ပြန်လည်ပစ်ခတ်နိုင်တဲ့ ပစ်မိန့်ပေးထားတယ် လို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်ရေးအရှိန်မြှင့်လာနိုင်တဲ့ အနေအထားရှိတယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်နေကြသလို မြန်မာဘက်က စစ်ရှောင်တွေဟာ လည်း အချိန်မရွေးထပ်မံရှောင်ရနိုင်တာကြောင့် အသင့်ပြင်ထား နေရတယ်လို့ သိရပါတယ်။