ရခိုင်မှာ ကိုဗစ်ပိုးကူးစက်ခံထားရသူ ၂၀ ကျော်ရှိ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ထားသူ စုစုပေါင်း ၂၁ ဦးရှိနေပြီး အဲဒီလူတွေကို သက်ဆိုင်ရာမြို့နယ်ဆေးရုံတွေမှာ ဆေးဝါးကုသပေးမှုတွေပြုလုပ်ပေးထားတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသူ အများစုကတော့ စစ်တွေမြို့လေဆိပ်ကနေ ထွက်ခွာမယ့် ခရီးသည်တွေကို စစ်ဆေးရာမှာတွေ့ရှိခဲ့တာဖြစ်ပြီး စစ်တွေအပြင် သံတွဲနဲ့ ဂွမြို့နယ်တွေမှာလည်း ပိုးကူးစက်ခံထားရသူတွေ ဆက်လက်တွေ့ရှိနေဆဲ ဖြစ်ပါတယ်။

လေယာဉ်စီးခရီးသည်တွေကို စစ်ဆေးရာမှာ စစ်တွေလေဆိပ်တစ်ခုတည်းမှာတင် နိုဝင်ဘာ ၂၀ ရက်နေ့က ၁၃ ဦး၊ ၂၁ ရက်နေ့မှာ ၃ ဦးဆက်တိုက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြည်နယ်ကောင်စီရဲ့ ကိုဗစ် ၁၉ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အခုတတိယလှိုင်းအတွင်း ကိုဗစ်ပိုးကူးစက်ခံရမှုမှာ လျော့နည်းသွားခဲ့ပေမယ့် လုံးဝရပ်တန့်သွားခြင်း မရှိသေးဘဲ မြို့နယ်တချို့တို့မှာတော့ တစ်ယောက်စနှစ်ယောက်ဆိုသလို တွေ့ရှိနေရသေးတဲ့အခြေအနေကနေ အခုနိုဝင်ဘာ ၂၀ ရက်နေ့မှာ လေယာဉ်စီးခရီးသည်တွေဆီက အများအပြားတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရောဂါပိုးကူးစက်ခံထားရသူတွေမှာ တွေ့ရှိထားတဲ့ရောဂါပိုးဟာ ကူးစက်မှုအသစ်ဟုတ်မဟုတ်ဆိုတာကို အပြောနိုင်သေးသလို ဓာတ်ခွဲစမ်းသပ်ပြီးမှသာ အတည်ပြုပြောနိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးဌာနနဲ့ ပြည်နယ်ကောင်စီတို့ဘက်က ပြောပါတယ်။

"အခုဆေးရုံပေါ်မှာ ၂၁ ယောက် ရှိတယ်။ မနေ့က ၂၂၁ ယောက်စစ်တာမှာ ပိုးမတွေ့ဘူး။ ၂၁ ယောက်ရှိတယ်ဆိုတာကလည်း ဟိုတစ်နေ့က စစ်တွေမှာ လေယာဉ်စီး ဖို့စစ်တဲ့ ၃၀၀ လောက်ကနေ ၁၃ ယောက်တွေ့တာပေါ့နော်။ လူစုလူဝေးတွေများတယ်။ ပွဲလမ်းသဘင်တွေများတယ်။ ကူးစက်မှုအသစ်ဖြစ်ချင်လည်း ဖြစ်မယ်။ ပြောလို့မရဘူး။ ဒါပေမယ့် ပိုတွေ့လာတယ်လို့တော့ ပြောလို့မရသေးဘူး"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်ပွားမှုမြင့်တက်နေတဲ့အချိန် လွန်ခဲ့တဲ့ ဇွန်လလောက်ကစတင်ပြီး ရခိုင်ပြည်နယ်အတွင်း ကူးစက်ခံရသူ အများအပြားရှိခဲ့ပြီး အောက်တိုဘာလလောက်မှာတော့ ရောဂါပိုးကူးစက်ပျံ့နှံ့မှုအခြေအနေတွေ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

လတ်တလောမှာ ကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ထားတဲ့ကာလဖြစ်တဲ့အပြင် ရောဂါပိုးကူးစက်မှုလျော့နည်းသွားပြီ ဖြစ်တဲ့အတွက် လူတွေကလည်း ပုံမှန်အတိုင်း အပြင်ထွက်သွားလာနေကြပြီး အကာအကွယ်ပစ္စည်းတွေကိုလည်း တပ်ဆင်အသုံးပြုသူတွေ မရှိသလောက်နည်းပါးနေပါတယ်။

လက်ရှိမှာတော့ လေယာဉ်စီးခရီးသည်တွေမှာ ရောဂါပိုးကူးစက်ခံထားရသူ ၂၀ ကျော်အထိ တွေ့ရှိထားပေမယ့် ဒေသတွင်း ကူးစက်ခံရမှု တွေ့ရှိချက်တွေကတော့ တစ်ယောက်စနှစ်ယောက်စသာ ရှိနေသေးတယ်လို့ ပြည်နယ်ကောင်စီရဲ့ပြောခွင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းက ပိုးတွေ့ရှိထားသူတစ်ဦး သေဆုံးသွားခဲ့ပြီး ပြည်သူတွေအနေနဲ့ ကိုဗစ် ၁၉ တားဆီးကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာ ကူးစက်မှုကတော့ တစ်ယောက်စနှစ်ယောက်စပဲရှိပါတယ်။ မနေ့ကတော့ ပိုးတွေ့တစ်ယောက် သေဆုံးတစ်ယောက်ရှိခဲ့ပါတယ်။ လောလောဆယ်တော့ မထူးခြားသေးဘူး။ သူများနိုင်ငံတွေမှာကြားနေရတော့ ကျွန်တော်တို့လဲ စိုးရိမ်တယ်"လို့ ဦးလှသိန်းက ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ လေယာဉ်စီးခရီးသည်တွေကို စစ်ဆေးတဲ့အခါမှာ နှာခေါင်းတို့ဖတ် နှစ်ခါယူပြီးသား ခရီးသည်တွေကို ထပ်မံစစ်ဆေးမှုတွေမလုပ်တော့တဲ့အတွက် ပိုးကူးစက်ခံရသူတွေ့ရှိမှု လျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးဌာနအနေနဲ့တော့ ရောဂါတားဆီးကာကွယ်ရေးအပိုင်းတွေကိုတော့ နဂိုအတိုင်း နှာခေါင်းတို့ဖတ်တွေရယူကာ ရောဂါရှာဖွေမှုတွေ၊ ကာကွယ်ဆေးထိုးနှံမှုတွေကို ပုံမှန်ပြုလုပ်ပေးလျက်ရှိနေပေမယ့် အဲ့ဒီလုပ်ငန်းစဉ်တွေလောက်နဲ့ လုံလောက်မှုမရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းသူကျောင်းသားတွေကို ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုမှာလည်း ပြီးစီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။