အလင်္ကာပုလဲပန်း- စကားတန်ဆာဆင်ခြင်း

    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။

စကားတန်ဆာဆင်တယ်ဆိုတာ စကားကိုပိုလှပအောင် တန်ဆာဆင်တာပါပဲ။ သူ့ဘာသာအဓိပ္ပာယ်ပြည့်စုံပြီးသားစကားကို ပိုပြီးရွတ်လို့ဆိုလို့ကောင်းအောင် ဒါမှမဟုတ် ပိုပြီးအသံလှပအောင် ဖြည့်စွက်တာမျိုးဖြစ်ပါတယ်။ ဖြည့်စွက်ရာမှာလည်း ဖြည့်စွက်နည်း အမျိုးမျိုးရှိပါတယ်။

တလေးတစား၊ တရိုတသေ၊ တမေ့တမော၊ တပိုတပါး၊ တကူးတက၊ တစိမ့်စိမ့်၊ တဇွတ်ထိုး စတဲ့ တဝမ်းပူရှေ့ဆက်ပြီး စကားတန်ဆာဆင်ထားတာတွေဟာ အလွန်များပြားပါတယ်။ အဓိကပင်မအဓိပ္ပာယ်ဟာ လေးစားတို့၊ ရိုသေတို့၊ မေ့မောတို့မှာ ပြည့်စုံပြီးသားပါ။ အဲဒါကို ရွတ်ဆိုလို့ပိုကောင်းအောင် တဝမ်းပူနဲ့ တန်ဆာဆင်ထားတာပါ။

ကကြီးနဲ့ တန်ဆာဆင်ထားတဲ့ စကားလုံးတွေကလည်း အများကြီးပါ။ ကတောက်ကဆတ်၊ ကတုန်ကယင်၊ ကတုန်ကရီ၊ ကနွဲ့ကလျ၊ ကပျာကယာ၊ ကပျာကသီ၊ ကသီကရီ၊ ကပိုကရို၊ ကယုကယင်၊ ကဖျက်ယဖျက်၊ ကလန်ကဆန်၊ ကပြက်ကချော် စသည်ဖြင့်ပါ။ တောက်ဆတ်၊ တုန်ယင်၊ တုန်ရီ၊ နွဲ့လျ စတဲ့စကားလုံးတွေမှာ အဓိပ္ပာယ်ပြည့်စုံပြီးသားပါ။ ပိုပြီးရွတ်ဆိုလို့ကောင်းအောင် သို့မဟုတ်ပိုပြီးပေါ်လွင်အောင် ကကြီးနဲ့ တန်ဆာဆင်ထားတာပါ။

တခြားနည်းနဲ့ တန်ဆာဆင်တာတွေလည်း အမျိုးမျိုးရှိပါတယ်။ ဥပမာ စနိုးစနောင့်၊ စနောင့်စနင်း၊ စလိုက်စလျော၊ စလုံးစခုတို့ဟာ စလုံးနဲ့ စကားတန်ဆာဆင်ထားတာပါ။ စလိုက်စလျောနဲ့ စလုံးစခုတို့မှာဆိုရင် လိုက်လျောနဲ့ လုံးခုတို့ကြားမှာ စလုံးနဲ့ တန်ဆာဆင်ထားကြောင်း ထင်ရှားပါတယ်။ ခနိုးခနဲ့၊ ခနော်ခနဲ့တို့ဟာ ခခွေးနဲ့ စကားတန်ဆာဆင်တာပါ။ ခနဲ့တာကိုပဲ ခနိုးခနဲ့ဆိုပြီး စကားတန်ဆာဆင်တတ်သလို ခနဲ့တဲ့တဲ့ ဆိုပြီး တဲ့တဲ့ထည့်ပြီး တမျိုးစကားတန်ဆာဆင်တာလည်း ရှိပြန်ပါတယ်။ တန်ဆာဆင်လိုက်တဲ့ စကားလုံးတွေကြောင့် အဓိပ္ပာယ်ဟာ အပေါ့အလေး၊ အပျော့အပြင်း၊ အတိမ်အနက် မသိမသာ ပြောင်းလဲသွားပါတယ်။ နဲ့တာကို ခနော်ခနဲ့လို့ စကားတန်ဆာဆင်ထားပြီးဖြစ်တာတောင် အားမရသေးလို့ ခနော်နီခနော်နဲ့ ဆိုပြီး ထပ်ဆင့်စကားတန်ဆာဆင်တာမျိုးလည်း ရှိပြန်ပါတယ်။ ထွင်လည်း ထွင်နိုင်တဲ့ ဗမာလူမျိုးလို့များ ဆိုရမလားမသိပါဘူး။ ကျေးလက်ဒေသက သာမန်ကျေးတောသား၊ ကျေးတောသူတွေရဲ့စကားတွေကို ပါမောက္ခတွေ ကထိကတွေ ပါးစပ်အဟောင်းသားနဲ့ အံ့သြမင်သက်ယူရတာမျိုးလည်း မကြာခဏဖြတ်တတ်ပါတယ်။

ကြောင်တယ်ဆိုတဲ့စကားကို ကြောင်တောင်တောင်ဆိုပြီး စကားတန်ဆာဆင်တာမျိုးလည်း ရှိပါတယ်။ တောင်တောင်မှာ ဘာမှအနက်မရှိပါဘူး။ ကြောင်နဲ့ကာရန်တူအသံလိုက်ပြီး စကားတန်ဆာဆင်တာပါ။ ပေါတောတောတို့ ပြောင်တောင်တောင်နောက်တောက်တောက်တို့ နောက်တီးနောက်တောက်တို့ဟာလည်း အလားတူတန်ဆာဆင်နည်းတွေပါ။ အဲဒီတောင်တောင်၊ တောတော၊ တောက်တောက်တွေမှာ ဘာမှ အနက်မရှိပါဘူး။ အသံအပိုထည့်ပြီး စကားတန်ဆာဆင်တာပါ။

ကိုးရိုးကားရား၊ ကိုးလိုးကန့်လန့်၊ ကပ်ဖိုးကပ်ဖဲ့၊ ကတ်သီးကတ်သတ်တို့မှာ စကားတန်ဆာဆင်ထားပုံက တမျိုးပါ။ ကိုးရိုးကားရားရဲ့အဓိပ္ပာယ်ဟာ စောစောက တောက်ဆတ်၊ တုန်ယင်၊ နွဲ့လျတို့မှာလို ကကြီးနှစ်လုံးကြားထဲထည့်တဲ့ တန်ဆာဆင်နည်းမျိုးမဟုတ်ပါဘူး။ ကိုးရိုးကားရားမှာ ကားဟာ အဓိကစကားလုံးပါ။ ကားကိုနောက်က အနက်မထင်ရှားတဲ့ ကာရန်တူစကားလုံးဖြစ်တဲ့ ရားနဲ့ပေါင်းပြီး စကားတန်ဆာဆင်လိုက်တော့ ကားရားဖြစ်သွားပါတယ်။ အဲဒီကားရားကိုပဲ ရှေ့ကနေ ကိုးရိုးနဲ့ထပ်ဆင့်ပြီး စကားတန်ဆာဆင်လိုက်ပြန်ပါတယ်။ အဲဒီတော့ ကိုးရိုးကားရားဖြစ်လာပါတယ်။ ဒါပေမဲ့ကားရားမှာ ရားဟာအနက်မထင်ရှားဘူးလို့ပြောဆိုသူရှိသလို ကားလျားလို့ယူပြီး ကားလည်းကားတယ် အလျားလည်းရှည်တယ်လို့လည်း အနက်ကောက်ယူသူရှိပါတယ်။ ကားကနေ ကားရား၊ ကားရားကနေ ကိုးရိုးကားရား အဖြစ်စကားတန်ဆာဆင်တာက စကားတန်ဆာဆင်နည်း တနည်းဖြစ်ပါတယ်။ အဲဒီကားကိုပဲ ကားကားလျားလျား ဆိုပြီး ကားနှစ်လုံးဆင့်၊ လျားနှစ်လုံးဆင့်ပြီး နောက်တနည်းစကားတန်ဆာဆင်ပါတယ်။ ကားကားလျားလျားဆိုတာ ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်း ခိုင်ခိုင်မာမာရှိတာကိုပြောတာပါ။ အဲဒီကားကားလျားလျားကနေ ကျားကျားလျားလျားဖြစ်သွားတယ်လို့ ဆရာတော်ဦးကောသလ္လက ကောက်ယူပါတယ်။ ဖိုးသူတော်မျက်စိလည်လေ ဆန်ရလေ ဆိုသလိုပါပဲ ဗမာစကားဟာ စကားလုံးတလုံးကို နားမလည်လို့ရှာဖွေလေ့လာလေ ဆက်ပြီးတွေ့ရလေ၊ ဆက်ပြီးလေ့လာစရာတွေ တိုးပွားလာလေ ဖြစ်ပါတယ်။

ကိုးလိုးကန့်လန့်ရဲ့ စကားတန်ဆာဆင်နည်းကလည်း ကိုးရိုးကားရားနဲ့တော်တော်ဆင်တူပါတယ်။ ကန့်ကအဓိကပင်မစကားလုံးပါ။ ကန့်ဆိုတာ ပိုင်းခြားထားတာ၊ တားဆီးထားတာ၊ တခုနဲ့တခု ထိစပ်လို့မရအောင် လုပ်ထားတာပါ။ အဲဒီကန့်ရဲ့နောက်မှာ ကာရန်တူ နောက်ဆက်လန့်ကို ဖြည့်စွက်ပြီး စကားတန်ဆာဆင်ပါတယ်။ အဲဒီမှာ ကန့်လန့်ဖြစ်လာပါတယ်။ ကန့်လန့်ရဲ့အဓိပ္ပာယ်ကို လူအများနားလည်ကြပြီးဖြစ်ပါတယ်။ အဲဒီကကန့်လန့်ကို ရွတ်ဆိုလို့ကောင်းအောင် ကိုးလိုးနဲ့ထပ်ပြီးတန်ဆာဆင်ပါတယ်။ ကိုးလိုးဟာအသံသဘောအရ ရွတ်ဆိုဖို့အတွက်ပဲ ဖြည့်စွက်တန်ဆာဆင်တာဖြစ်မယ်လို့ ယူဆရပါတယ်။ ကိုးလိုးမှာ အဓိပ္ပာယ်မရှိတန်ရာပါဘူး။

ကတ်သီးကတ်သတ်ကလည်း ဆင်တူပါတယ်။ ကတ်၊ ကော်၊ ကုတ်၊ ကန့်တို့ အနက်ဆက်စပ်ပါတယ်။ ကတ်နောက်က သတ်ဟာအနက်မမဲ့ကြိယာနောက်ဆက်လို့ ဆရာတော်ဦးကောသလ္လက မြန်မာစကားလုံးပြောင်းထုံးကျမ်းမှာဆိုထားပါတယ်။ သတ်ဆိုတာ ဆုံးအောင်ပြုတယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ကတ်သတ်ဟာ ကန့်သတ်နဲ့လည်း တူပါတယ်။ တသတ်နဲ့ နသတ် ပထမက္ခရာအသတ်နဲ့ ပဥ္စမက္ခရာအသတ်တွေဟာ အနက်တူတယ်ဆိုတာဟာလည်း သီအိုရီတခုဖြစ်ပါတယ်။ ကတ်သတ်၊ ကန့်သတ်ဟာ ဒီနေရာကနေ ရှေ့ဆက်တိုးလို့မရအောင် ဒီနေရာမှာပဲ ဆုံးသွားအောင် ကတ်လိုက်တာ၊ ကန့်လိုက်တာဖြစ်ပါတယ်။ အဲဒီကတ်သတ်ကို ရှေ့ကနေ ကတ်သီးနဲ့ တွဲပြီး ကတ်သီးကတ်သတ်လို့ စကားတန်ဆာဆင်ထားတာဖြစ်ပါတယ်။ ကပ်ဖိုးကပ်ဖဲ့ဟာလည်း ကပ်ဖဲ့မှာသာ အနက်ရှိပါတယ်။ အဲဒီကပ်ဖဲ့ကို ရှေ့က ကပ်ဖိုးနဲ့ စကားတန်ဆာဆင်ထားတာဖြစ်ပါတယ်။

စကားလုံးတလုံးချင်းမှာကို ပြောစရာတွေ တွေးစရာတွေ အဆင့်ဆင့်ရှိပါတယ်။ စကားလုံးတလုံးချင်းဟာ ဆောင်းပါးကောင်းတပုဒ်စီဖြစ်လောက်အောင် ထိုက်တန်ပါတယ်။

အရင်ဆောင်းပါးမှာ ကတောက်ကဆတ်အကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါတယ်။ အခုတခါ စိတ်ဝင်စားစရာ စကားလုံးလေးတလုံးအကြောင်းပြောရရင်တော့ ကဖျက်ယဖျက်ဆိုတဲ့စကားပါ။ "ကဖျက်ယဖျက်ဆိုတဲ့စကားကို အစဥ်အလာအားဖြင့် ကြံဆကြသူတော်တော်များများက ကကြီးကိုလည်း ဖျက်တယ် ယပက်လက်ကိုလည်းဖျက်တယ် ဘယ်အရာမှ ပီပီပြင်ပြင် မရှိတာကိုဆိုလိုကြောင်းဆိုပြီး အနက်ကောက်ယူကြတယ်" လို့ ဆရာကြီးဦးထွန်းတင့်က ရှင်းပြပါတယ်။ ဒီကောက်ယူနည်းဟာ ဂငယ်ဃကြီးနငယ်ဏကြီး ခွဲခြားမသိလို့ "ဂဃနဏ" လို့ရေးတာဆိုပြီးမှားယွင်းကောက်ယူနည်းနဲ့ တော်တော်လေးဆင်တူပါတယ်။

ကဖျက်ယဖျက်ဆိုတဲ့ စကားဟာ အခုဆွေးနွေးခဲ့ကြတဲ့ ကကြီးကကြီး နှစ်လုံးဖြည့်စွက်စကားတန်ဆာဆင်နည်းနဲ့ မပတ်သက်နိုင်ဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဆရာတော် ဦးကောသလ္လရဲ့ ယူဆချက်အရဆိုရင် သက်ဆိုင်ပါတယ်။ ဆရာတော်ဦးကောသလ္လက ကဖျက်ယဖျက်ဆိုတဲ့စကားနဲ့ပတ်သက်ပြီး မြန်မာစကားလုံးပြောင်းထုံးကျမ်းမှာ ရေးသားထားတာဟာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ကဖျက်ယဖျက်ဟာ ကဖျက်ကယက်ဆိုတဲ့ စကားကနေ ပျက်ယွင်းလာတယ်လို့ ဆရာတော်ဦးကောသလ္လက ဆိုပါတယ်။ အက္ခရာဝိပ္ပလ္လာသဖြစ်တာလို့ ဆိုပါတယ်။ အက္ခရာဝိပ္ပလ္လာသဖြစ်တယ်ဆိုတာ စကားလုံး ဖောက်ပြန်ချွတ်ချော်တာကို ပြောတာပါ။ မာလကာသီးကို မာကလာသီးလို့ မှားပြောမိတာမျိုး၊ ဗာဒန်ပင်ကို ဗန်ဒါပင်လို့ မှားပြောမိတာမျိုးကို ဆိုလိုပါတယ်။ ကဖျက်ကယက်ကနေ ကဖျက်ယဖျက်လို့ နှုတ်ချော်ပြောဆိုမိဖို့ဆိုတာဟာလည်း အလွန်ဖြစ်နိုင်ခြေရှိပါတယ်။ ဆရာတော်ဦးကောသလ္လရဲ့ယူဆချက်ဟာ တော်တော်ဖြစ်နိုင်ခြေရှိတယ်လို့ ဆရာကြီးဦးထွန်းတင့်ကလည်း ထောက်ခံပြောဆိုပါတယ်။

ဖျက်ယက်ဆိုတဲ့စကားမှာတော့ ဖျက်ဟာမူလဖြစ်ပြီး ယက်ဟာ ဖြည့်စွက်တန်ဆာဆင်ထားတဲ့စကားလုံးဖြစ်ပါတယ်။ မူလဖျက်ကို ယက်နဲ့ တန်ဆာဆင်တယ်။ အဲဒီဖျက်ယက်ကိုမှာ ကကြီးနှစ်လုံးနဲ့ထပ်မံတန်ဆာဆင်ပြန်တော့ ကဖျက်ကယက် ဖြစ်သွားတယ်။ အဲဒီကဖျက်ကယက်ကနေ အသံချွတ်ချော်ပြီး ကဖျက်ယဖျက်ဖြစ်လာတယ်လို့ ဆရာတော်ဦးကောသလ္လက ယူဆပါတယ်။ ဖျက်ဆိုတဲ့စကားတလုံးကနေ ကဖျက်ယဖျက်အထိရောက်လာပုံဟာ စိတ်ဝင်စားစရာပါ။

ကြောင်တောင်တောင်၊ နောက်တောက်တောက်တို့မှာပါတဲ့ တောင်တောင်၊ တောက်တောက်တို့မှာ ဘယ်လိုအနက်မှ မပါဘဲ အသံဖြည့်စွက်ချက်သက်သက်သာဖြစ်ကြောင်း ထင်ရှားပေမဲ့ ကကြီးထည့်တန်ဆာဆင်တဲ့ ကတောက်ကဆတ်၊ ကတုန်ကယင်၊ ကနွဲ့ကလျ အစရှိတဲ့စကားလုံးတွေမှာတော့ ပညာရှင်အများအပြားက အနက်မဲ့ ရှေ့ဆက်ထည့်သွင်းပြီး အသံသဘောအရ သုတိသာယာဖြစ်အောင် တန်ဆာဆင်တာလို့ ဆိုကြပေမဲ့ ဆရာကြီးဦးထွန်းတင့်ရဲ့ ယူဆချက်ကတော့ တမျိုးဖြစ်ပါတယ်။ ဆရာကြီးဦးထွန်းတင့်ကတော့ ကကြီးရဲ့ မူလအနက်အဓိပ္ပာယ်ကိုက လှုပ်ရှားတဲ့ သဘောပါတဲ့အတွက် အခုကကြီးထည့်သွင်းတန်ဆာဆင်ထားတဲ့ စကားလုံးမှန်သမျှဟာလည်း လှုပ်ရှားတဲ့သဘော မတည်ငြိမ်တဲ့သဘောရှိတဲ့စကားလုံးတွေချည်းဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။