မုံရွာ၊ အရာတော်က ပြောင်းရွှေ့ခိုင်းထားတဲ့ ရွာတချို့ မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော

ရေးသားခဲ့သည်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကို နေ့သပိတ်၊ ညသပိတ်တွေ နဲ့ ဆန့်ကျင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်းက ရွာတချို့ကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ပြောင်းရွှေ့ခိုင်းတာတွေ၊ မီးရှို့တာတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒီထဲကမှ စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်ထဲက ရွာ ၁၅ ရွာကို စစ်ကောင်စီက မတ်လလောက်ကတည်းက ဒေသခံကာကွယ်ရေးတပ်တွေ ရှိတယ်ဆိုပြီး ပြောင်းရွှေ့ခိုင်းထားတယ်လို့ ဆိုပါတယ်။

ကိုယ့်စရိတ်နဲ့ကိုယ်ပြောင်းရမယ်လို့ဆို

ပြောင်းရွှေ့ဖို့ပြောထားတဲ့ရွာ ၁၅ ရွာကတော့ အရာတော်မြို့နယ် မြောက်ခြမ်းက ဘောင်းကျ၊ ရှောက်ခါး ၊ မန်ကျီးကန်၊ ကြာပင်လှ၊ ကိုင်း၊ နောင်ကျီးအိုင်၊ ကြွေပုဂံ၊ ရဲချင်း၊ ထန်းတောကုန်းနဲ့ အရာတော်တောင်ဘက်ခြမ်းက ကဲဘာ၊ ဆင်တလည် ၊ ညောင်ခြေထောက်၊ မလည်းသာ၊ ကံရင်းနဲ့ မင်းရွာတို့ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီ ၁၅ ရွာမှာ PDF တွေရှိတယ်ဆိုပြီး ရွာသားတွေကို မိမိတို့ အစီအစဉ်နဲ့ ပြောင်းရွှေ့ဖို့အတွက် စစ်ကောင်စီဘက်က စာထုတ်ထားပါတယ်။

ရွာသားတွေဟာ ကိုယ့်စရိတ်နဲ့ကိုယ် ပြောင်းရရွှေ့ရမှာ ဖြစ်တဲ့အတွက် မပြောင်းရွှေ့နိုင်ဘဲ ဖြစ်နေကြတယ်ဆို့ဆိုပါတယ်။ အဲဒါကြောင့် စစ်ကောင်စီတပ်တွေက ရက်ခြားဆိုသလို ရွာတိုင်းလိုလိုကို အလှည့်ကျ မီးရှို့တာတွေ လုပ်နေတယ်လို့ ရွာသားတွေက ပြောဆိုကြပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးဘက်ကတော့ ဒီအခြေအနေတွေကို တစ်စုံတစ်ရာ ပြောတာ မရှိသေးပါဘူး။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အရာတော်မြောက်နယ်၊ ရှောက်ခါးရွာမှာ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်ကာလတွေမှာ ကြံ့ဖွံ့စည်းရုံးရေးမှူး လုပ်ခဲ့တဲ့ မော်ကြီးဆိုသူကို အရာတော်နင်ဂျာများဆိုသူက သုတ်သင်ရှင်းလင်းကြောင်း ကြေညာအပြီးမှာတော့ စစ်ကောင်စီတပ်သား ၃၀ ခန့် ရွာကို စီးနင်းပြီး ရှောက်ခါးရွာက အိမ် ၁၁ လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို စစ်ကောင်စီတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အတွက် ရှောက်ခါးရွာနဲ့ ကံရင်း ရွာတွေကို စစ်ကောင်စီတပ်တွေဘက်က အဓိက ပစ်မှတ်ထားလာပြီး ဝင်ရောက် နယ်မြေရှင်းတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီအတွက် ရှောက်ခါးရွာမှာ အိမ်ခြေ ၆၀ အနက် စုစုပေါင်း အိမ် ၂၀ ရှို့ခံထားရသလို ကံရင်းမှာ အိမ်ခြေ ၃၀၀ အနက် ၁၀ အိမ်လောက် မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချို့ရွာတွေမှာတော့ စစ်ကောင်စီတပ်တွေဟာ အပင်လှဲ၊ လွှစက်တွေနဲ့ လိုက်လံ ဖျက်တာတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံရွာသားက ဆိုပါတယ်။

ဒေသခံတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့မှုရှိ

အရာတော်ဒေသခံတဦးက "ရွာတွေကို စစ်ဆင်ရေးအနေနဲ့ဝင်ပြီး နေ့တိုင်းလိုလို မီးရှို့တာ။ ပစ်တာက ပြေးရင်လည်း ပစ်တယ် မပြေးရင်လည်းပစ်တယ်။ ရွာတွေဝင်တာကတော့ ကြာပြီ အာဏာသိမ်းပြီး မတ်လလောက်ကတည်းက ဝင်တယ်။ ဒလန်သတင်းပေးတာလည်း ပါမယ်။ ဒီ ၁၅ ရွာက တော်လှန်တာတွေတော့ ရှိတယ် " လို့ ဆိုပါတယ်။

အရာတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ် သုံးတပ်ရှိပြီး ဒေသခံတွေက အခေါ်အရ အမှတ် ၁၀ လေ့ကျင့်ရေးတပ်၊ အမြှောက်တပ်နဲ့ တင့်ကားတပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ရွာတွေကို ဝင်ရောက်ရှင်းလင်းရင်တော့ အရင်က ကားတွေအသုံးပြုပေမယ့် မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် နောက်ပိုင်းမှာတော့ ခြေလျင်ဝင်ပြီး စိန်ပြောင်းတွေနဲ့ RPG တွေ ပါယူဆောင် လာတယ်လို့ ဆိုပါတယ်။

ဒီလို တပ်တွေ ဝင်ရောက်လာတဲ့အခါ လူသားဒိုင်းလုပ်တာတွေ၊ ပြေးရင်ပစ်သတ်ဖမ်းဆီးတာတွေနဲ့ ဖမ်းဆီးပြီး ပြန်မလာတော့တာတွေကြောင့် သေဆုံးပျောက်ဆုံးသူ ရွာသား ၃၀ လောက် ရှိပြီလို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်က သိရပါတယ်။

အရာတော်ဘက်မှာတော့ ARA လို့ခေါ်တဲ့ အရာတော်မြို့နယ် တော်လှန်ရေး အင်အားစု အဖွဲ့က အဓိက လှုပ်ရှားနေပြီး အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တော့ စစ်ကောင်စီတပ်တွေနဲ့ ရဲကင်းစခန်းတွေကို အောက်တိုဘာလအတွင်းမှာ ၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကောင်စီကို တိုက်ခိုက်နေတာရှိသလို အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂနဲ့ ကျောင်းသားလူငယ်တွေကလည်း သပိတ်စစ်ကြောင်းတွေနဲ့ မကြာခဏဆိုသလို ဆန္ဒထုတ်ဖော်တာတွေလည်း လုပ်ခဲ့ကြပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်က နိုဝင်ဘာလလောက်မှာ ခပ်စိပ်စိပ်ဆိုသလို ရွာ ၁၅ ရွာကို ပစ်မှတ်ထား ဝင်ရောက် ဖမ်းဆီးတာတွေ မီးရှို့တာတွေ လုပ်လာတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။