ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီရဲ့ရွေးကော်သစ်နဲ့နိုင်ငံရေးပါတီတွေရဲ့ ၃ကြိမ်မြောက်တွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့လဲ
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲစနစ်ဆွေးနွေးဖို့ဆိုပြီး ရန်ကုန်မြို့မှာ နိုဝင်ဘာလ ၅ ရက်နဲ့ ၆ ရက်မှာ ၂ ရက်ကြာတွေ့ဆုံခဲ့ကြပါတယ်။
အာဏာသိမ်းပြီးနောက်တက်လာတဲ့ စစ်ကောင်စီက မဲစာရင်းအမှားတွေ၊ မဲမသမာမှုတွေကိုဖြေရှင်းဖို့ ဆိုပြီး အခုရွေးကောက်ပွဲကော်မရှင်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
အခုတော့ ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်တို့ တတိယအကြိမ်တွေ့ဆုံမှုမှာ ရွေးကောက်ပွဲ ကော်မရှင်ဘက်က အချိုးကျရွေးကောက်ပွဲစနစ်(Propotional Representative- PR) ကို ကျင့်သုံးဖို့ အဆိုပြုလာခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်တဲ့ နိုင်ငံရေးပါတီတချို့က ပြောပါတယ်။
ရွေကော်အသစ်က ဘာတွေ အဆိုပြုလဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်တဲ့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ်က လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့ ၁၉၉၀ ပြည့်နှစ်ကစလို့ မြန်မာ့ရွေးကောက်ပွဲတွေမှာ ကျင့်သုံးလာတဲ့ မဲများသူအနိုင်ရတဲ့ (First Pass the Post -FTPT)ကို အတူကျင့်သုံးဖို့ ပါတီတွေကို အဆိုပြုခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက ပြောပါတယ်။
''ရွေးကောက်ပွဲမှာ PR စနစ်ကို လုပ်ဖို့။ လုပ်တဲ့နေရာမှာ အမျိုးသားလွှတ်တော်မှာလုပ်မှာလား။ ပြည်သူ့လွှတ်တော်မှာလုပ်မှာလား။ တိုင်းဒေသကြီးလွှတ်တော်မှာလုပ်မှာလား။ ဒါကို ပါတီတွေက ရွေးဖို့ပေါ့နော်။ နောက်တစ်ခါ ပါတီစာရင်းမှာ Close List နဲ့ Open List အဲဒီမှာ ဘယ်ဟာ လုပ်မှာလဲ။ ဒါတွေကို အဓိက ထားပြောသွားပါတယ်။''
သူပြောတဲ့ Close List နဲ့ Open List ဆိုတာ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို မထုတ်ပြန်ဘဲ ပါတီကိုသာမဲပေးရမယ့်အချိုးကျကိုယ်စားပြုစနစ်(Close List)နဲ့ မဲဆန္ဒရှင်တွေက ကိုယ်စားလှယ်လောင်းကို သိရှိနိုင်တဲ့အချိုးကျကိုယ်စားပြုစနစ် (Open List) တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲကို ဘယ်ပါတီတွေ တက်ရောက်ခဲ့ကြလဲ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၁ ပါတီ တက်ရောက်ခဲ့ပြီး အဲဒီပါတီတွေဟာ ကြံ့ခိုင်ရေးပါတီကလွဲရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ပါတီတွေဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မပါဝင်သလို တိုင်းရင်းသားနယ်တွေမှာ မဲသာခဲ့တဲ့ ရှမ်းပြည်နယ်က ကျားခေါင်းပါတီလို့လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နဲ့ ရခိုင်အမျိုးသားပါတီ(ANP)တို့လည်း မတက်ရောက်ခဲ့ကြပါဘူး။
PR စနစ်နဲ့ပတ်သက်ပြီး ပါတီအချို့ ဘာတွေဆွေးနွေးခဲ့လဲ
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်ခင် စတင်ဖွဲ့စည်းပြီး လက်ရှိလူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကတော့ လာမယ့်ရွေးကောက်ပွဲကို Close List နဲ့ စတင်ပြီး ရွေးကောက်ပွဲ သက်တမ်းနှစ်ခု ဖြတ်သန်းပြီးမှ Open List ကို သွားသင့်တယ်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပထမအကြိမ် လွှတ်တော်ကတည်းက (PR)စနစ် ဖြစ်ပေါ်လာရေးကို ကြိုးပမ်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကလည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
'' Close List ဆို ပါတီကိုကြည့်ပြီးမဲပေးခဲ့လို့ ဘာတွေဖြစ်ခဲ့လဲ ခင်ဗျားတို့အသိဆုံးပဲ။ ခင်ဗျားတို့ပါတီတွေ အားလုံး စဉ်းစားကြပါ။ ကြည့်ရတာ လွယ်တာ။ တကယ်တမ်းလုပ်မယ်ဆိုရင် ပါတီချင်း ပြဿနာ အများကြီးဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ဟုတ်ပြီ၊ ခရိုင်အတိုင်း မဲဆန္ဒနယ်သတ်မှတ်တာကို ကျွန်တော်တို့ လက်ခံတယ်။ ဒါပေမဲ့ အဲဒီခရိုင်အလိုက်ကို မြို့နယ်ကို အခြေခံပြီး သတ်မှတ်မယ်ဆိုရင် ခင်ဗျားတို့ မဲဆန္ဒနယ် မညီမျှမှု ရှိမလား၊ အဲဒါ စဉ်းစားဖို့။ လူဦးရေပေါ် အခြေခံရင်တော့ အချိုးကျလို့ ညီမျှမှုရှိတယ်လေ။ ကျွန်တော့်ရဲ့အမြင်ကို တင်ပြလိုက်တာပေါ့။ ကျွန်တော်တို့က ပီအာပါပဲ။ ဒါပေမဲ့ ပီပီပြင်ပြင် ပီအာပေါ့နော်။'' လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးအောင်ဇင်က သူဆွေးနွေးခဲ့တာကို ပြန်ပြောပြပါတယ်။
ဆွေးနွေးပွဲ မတက်တဲ့နိုင်ငံရေးပါတီအချို့ရဲ့အမြင်
ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကတော့ PR စနစ်ရဲ့ အားသာချက်က တစ်ပါတီကြီးစိုးတဲ့စနစ် အားနည်းသွားစေပြီး ပါတီငယ်တွေနဲ့ တိုင်းရင်းသားတွေ အခွင့်အရေးပိုရလာတာလို့ပြောပါတယ်။
ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာရထားတဲ့အခြေအနေမှာ PR စနစ်ကျင့်သုံးတာကို မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
''တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ရွေးကောက်ပွဲ မဝင်ဘဲ ယူထားတာကိုက PR စနစ်လုပ်မယ်ဆိုရင် မမျှတဘူးဆိုတာ ပေါ်လွင်နေတယ်။ ကျွန်တော်တို့ အခုပြိုင်ရရင်လည်း ၇၅ ရာခိုင်နှုန်းပဲ ပြိုင်ရမှာလေ။ ၁၀၀ ရာခိုင်နှုန်းပြိုင်ရမှာမှ မဟုတ်တာ။ ၂၅ ရာခိုင်နှုန်းမရှိဘူးဆိုရင်တော့ မဆိုးဘူးပေါ့လေ။ ပါတီ အသေးလေးတွေ ပေါင်းလိုက်ရင် ကျွန်တော်တို့ (လွှတ်တော်တွင်း)အင်အားများလာမယ်။ ဒီ ၂၅ ရာခိုင်နှုန်းရှိနေတော့ ကြံ့ခိုင်ရေးအတွက် သူက (အစိုးရဖွဲ့နိုင်ဖု့ိ) ၂၆ ရာခိုင်နှုန်းပဲလိုတယ်။'' လို့ PR စနစ်နဲ့ပတ်သက်ပြီး SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က သူ့အမြင်ကို ပြောပါတယ်။
ရခိုင်အမျိုးသားပါတီပြောခွင့်ရသူကလည်း ဘယ်စနစ်ကိုပဲ ကျင့်သုံးသုံး တိုင်းရင်းသား ပါတီတွေဟာ ပြည်ထောင်စုအဆင့်မှာ အစိုးရဖွဲ့ခွင့်မရှိတာ၊ အခွင့်အလမ်းနည်းတာ တွေကြောင့် စိတ်ဝင်စားမှု မရှိတဲ့အကြောင်း ဆွေးနွေးပွဲမတက်တာနဲ့ပတ်သက်ပြီး ပြောဆိုပါတယ်။
၂ ရက်ကြာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေ အပါအဝင်လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတွေနဲ့ စိတ်ပါဝင်စားသူတွေကို ဖိတ်ပြီး PR ဆွေးနွေးပွဲတွေ ထပ်လုပ်မယ်လို့ လည်း ကော်မရှင်က ထုတ်ပြန်ထားပါတယ်။