ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သဘာဝဘေးစီမံအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်စွဲဆိုခံထားရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတို့အတွက် ဒီကနေ့ နိုဝင်ဘာ ၁ရက် က နေပြည်တော်အထူးတရားရုံးမှာကြားနာစစ်ဆေးခဲ့ပါတယ်။
တရားခွင်မစခင်မှာ ပုံမှန်အတိုင်းရှေ့နေအဖွဲ့နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး သဘာဝဘေးပုဒ်မနဲ့စွဲဆိုခံထားရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေ ထွက်ဆိုဖို့ဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရကြောင်း ရှေ့နေအသိုင်းအဝိုင်းမှာပြောဆိုနေကြပါတယ်။
တရားခွင်စတင်ချိန်မှာတော့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ဆက်သွယ်ရေးပုဒ်မတွေနဲ့စွဲဆိုထားတဲ့အမှုတွေကို စတင်စစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က စွဲချက်တင်ခဲ့ပြီဖြစ်လို့ ဒီကနေ့မှာတော့ အမှုရဲ့ ပြန်ခေါ်သက်သေ(၅)ဦးကိုစစ်ဆေးခဲ့ပါတယ်။
အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ မြနန်းဘုံသာလမ်းနေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တရားမဝင်စကားပြောစက် (၁၀)လုံး နဲ့ Jammer တစ်စုံတွေ့လို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေနဲ့ စွဲဆိုတာဟာ ပထမဆုံးအမှုဖြစ်ပါတယ်။
ဒီစကားပြောစက်တွေတွေ့တဲ့ အမှုနဲ့ပဲ မတ်လမှာ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ တရားထပ်စွဲခဲ့ရတာဖြစ်ပါတယ်။
အဲဒီပြန်ခေါ်သက်သေတွေထဲမှာဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦး ၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ ရဲမှူးကြီး တစ်ဦးတို့ ပါဝင်တယ်လို့သိရကြောင်း တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
အခုပြန်ခေါ်သက်သေ(၅)ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ထိန်းသိမ်းတဲ့ဖေဖော်ဝါရီ (၁) အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဝင်ရောက် ရှာဖွေခဲ့တဲ့ သူတွေဖြစ်တယ်လို့ သိရကြောင်း နီးစပ်သူတွေကပြောပါတယ်။
ပြန်ခေါ်သက်သေတွေကိုစစ်ဆေးပြီးနောက်မှာတော့ သဘာဝဘေးစီမံပုဒ်မနဲ့စွဲဆိုခံထားရတဲ့ အမှုအတွက် ကိုယ်တိုင်သက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ကျမ်းကျိန်ထွက်ဆိုခဲ့ပါတယ်။
ဒီကနေ့ ကြားနာတဲ့ အမှု ၃ မှုလုံးအတွက် ဆက်လက်စစ်ဆေးမှုကို လာမယ့် နိုဝင်ဘာ ၈ ရက် နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
ကိုယ်တိုင်သက်သေထွက်ဆိုတဲ့ အမှု ၂ ခုရှိပြီ
ဒေါ်အောင်ဆန်းစုကြည်ဟာ သူစွပ်စွဲခံရပြီး ရင်ဆိုင်နေရတဲ့အမှုတွေထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှုအတွက်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ ရုံးချိန်းမှာ ကိုယ်တိုင်သက်သေထွက်ဆို ထားပါတယ်။
အဲဒီအမှုက အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက် ၂ စောင်ကြောင့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို အမှုတစ်ခုတည်း စွပ်စွဲထားတာဖြစ်ပါတယ်။
အဲဒီအမှုအတွက်လည်း စွပ်စွဲခံရသူတွေက သက်သေသီးခြားမတင်တော့ဘဲ စွပ်စွဲခံရသူတွေ ကိုယ်တိုင်ပဲ တရားရုံးမှာ သက်သေထွက်ဆိုနေကြတာဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့်က အဲဒီအမှုအတွက် တရားရုံးမှာ သက်သေအဖြစ် ထွက်ဆိုခဲ့ချိန်တုန်းကတော့ အာဏာသိမ်းမှုမနက်ခင်းမှာ သူခြိမ်းခြောက်ခံခဲ့ရတဲ့အခြေအနေကို တရားခွင်မှာထုတ်ပြောခဲ့လို့ သမ္မတ ထွက်ဆိုချက်ဟာ လူထုကြားမှာရော၊ ကမ္ဘာ့သတင်းတွေမှာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့အမှုလိုက်ရှေ့နေအဖွဲ့ဟာ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ မီဒီယာတွေ ကို ထုတ်ပြောခွင့်ကန့်သတ်တဲ့ ပုဒ်မ ၁၄၄ အထုတ်ခံထားရလို့ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၅၀၅(ခ)အမှုအတွက် နိုဝင်ဘာလ ၂၆ ရက်ရုံးချိန်းမှာ ကိုယ်တိုင်သက်သေထွက်ဆိုတဲ့အခါ ဘာတွေ ထွက်ဆိုခဲ့တယ်ဆိုတယ်တဲ့အသေးစိတ်ကို လူထုက သိရှိခွင့်နည်းပါးခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ရုံးချိန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က သဘာဝဘေးစီမံဥပဒေပုဒ်မအတွက် ကိုယ်တိုင် သက်သေထွက်ဆိုတဲ့အခါ ဘယ်လိုအကြောင်းအရာတွေကို ထွက်ဆိုခဲ့လဲဆိုတာလည်း အများပြည်သူ သိရှိခွင့်မှာ အကန့်အသတ်တွေ ရှိနေဆဲဖြစ်ပါတယ်။