ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုမယ့်ရုံးချိန်းမတိုင်ခင် ရှေ့နေတွေစကားပြောခွင့် ဆက်တိုက်ပိတ်ပင်ခံနေရ

ရေးသားခဲ့သည်။

လာမယ့် အောက်တိုဘာ ၂၆ ရက်မှာ ရုံးတော်မှာ ၅၀၅ (ခ) အမှုအတွက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သက်သေထွက်ဆိုဖို့ နီးကပ်လာချိန်မှာ သူ့ရဲ့ရှေ့နေတွေကို စစ်ကောင်စီက စကားပြောခွင့်ဆက်တိုက် ပိတ်ပင်လျက်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဦးကြည်ဝင်း ကို ဒီကနေ့ အောက်တိုဘာ ၂၃ ရက်မှာ မီဒီယာတွေအပါအဝင် ပြင်ပအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြောဆိုခြင်းမလုပ်ဖို့ တားမြစ်တဲ့ ပုဒ်မ ၁၄၄ အမိန့်ထုတ် လိုက်တယ်လို့ ရန်ကုန်မြို့ကရှေ့နေတွေဆီကတစ်ဆင့် သိရပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ၅ ဦးမြောက် ၁၄၄ အထုတ်ခံရခြင်းလည်းဖြစ်ပြီး ဦးခင်မောင်ဇော်၊ဒေါ်မင်းမင်းစိုး၊ဒေါ်စန်းမာလာညွန့်နဲ့ ဦးသဲမောင်မောင်တို့လည်း ဦးကြည်ဝင်းမတိုင်ခင်အထုတ်ခံထားရတာဖြစ်ပါတယ်။

အခုလိုဆက်တိုက် အမိန့်ထုတ်နေတာဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ အောက်တိုဘာ ၁၂ ရက်က ထွက်ဆိုချက်တွေရဲ့အကျိုးဆက်လို့ ရှေ့နေတွေက သုံးသပ်ကြပါတယ်။

အပူတပြင်း အမိန့်စာ

ဒီကနေ့ဟာ ရုံးပိတ်ရက်ဖြစ်ပေမယ့် အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဒီအမိန့်စာကို ရန်ကုန်မြို့၊ ၃၅ လမ်းမှာရှိတဲ့ ဦးကြည်ဝင်းရဲ့ ရုံးခန်းကို လာပေးခဲ့ကြတာပါ။

ဒါပေမဲ့ ဦးကြည်ဝင်းက အမှုအတွက် နေပြည်တော်ကိုရောက်နေခဲ့တယ်လို့ ဘီဘီစီကစုံစမ်းသိရှိရပါတယ်။

ဦးကြည်ဝင်းရဲ့ ရုံးခန်းတံခါးပိတ်ထားတာကို တွေ့တဲ့အခါ လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ ဦးကြည်ဝင်းမိတ်ဆွေကို လိုက်ရှာပြီး အမိန့်စာအကြောင်း အာဏာပိုင်တွေက ပြောပြကြပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဦးကြည်ဝင်းရဲ့ မိတ်ဆွေရှေ့နေတစ်ဦးကို ဒီအမိန့်စာအကြောင်းပြောပြပြီး ဦးကြည်ဝင်း သိအောင် အားထုတ်နေကြတာပါ။

စစ်ကောင်စီဘက်ကအမြင်

အခုလို ရှေ့နေတွေကို ပါးစပ်လိုက်ပိတ်နေတာဟာ စစ်ကောင်စီအနေနဲ့ သူတို့လိုက်နာပါတယ်ပြောတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာကျတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီအချက်ကို ငြင်းဆိုပြီး အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွေအရ မူလအခွင့်အရေးတွေကို ကန့်သတ်ခွင့်ရှိတယ်လို့ပြောပါတယ်။

ရှေ့နေတွေကို ပုဒ်မ ၁၄၄ ထုတ်တာဟာ တရားဥပဒေနဲ့အညီဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကိုထိခိုက်စေလို့တားမြစ်တာဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေမယ့်ပြောဆိုမှုတွေဖြစ်လို့ တားဆီးတာလို့ ဦးခင်မောင်ဇော်ကို ၁၄၄ ထုတ်တုန်းက ပြောဆိုထားပါတယ်။

အာဏာသိမ်းတဲ့နေ့ကအကြောင်းတွေ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာ အမှု ၁၁ မှုအထိ တရားစွဲဆိုခံထားရတာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၂၆ ရက်မှာ ၅၀၅ (ခ) အမှုအတွက် သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုမှာဖြစ်ပါတယ်။

အဲ့ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ အဖမ်းခံထားရတဲ့အချိန်မှာထုတ်ပြန်တဲ့ NLD ရဲ့ထုတ်ပြန်ချက် ၂ စောင်နဲ့ပတ်သက်လို့ အစွဲဆိုခံထားရတာလည်းဖြစ်ပါတယ်။

ဒါကြောင့် သူတို့စွဲချက်တင်ခံရဖို့မသင့်တဲ့အကြောင်း ဦးဝင်းမြင့်က အောက်တိုဘာ ၁၂ ရက်က ထွက်ဆိုခဲ့ပါတယ်။

အဲ့ဒီလို ထွက်ဆိုတဲ့အခါ ဦးဝင်းမြင့်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီးခံရပြီး တပ်မတော်အရာရှိကြီး ၂ ဦးက ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ခိုင်းတဲ့အကြောင်းတွေ ထုတ်ပြောခဲ့တာပါ။

သမ္မတ ရဲ့ထွက်ဆိုချက်တွေကို မီဒီယာတွေကိုပြန်ပြောပြတဲ့ ရှေ့နေဦးခင်မောင်ဇော်ကို ရက်ပိုင်းအတွင်းမှာပဲ ၁၄၄ ထုတ်ခဲ့ပါတယ်။

အခုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုမယ့် အောက်တိုဘာ ၂၆ ရက်မတိုင်မီ ရှေ့နေဦးကြည်ဝင်း ၁၄၄ အထုတ်ခံရတာဖြစ်ပါတယ်။

'ဖမ်းထားပြီးတရားလည်း စွဲသေးတယ်။ တရားရုံးမှာ ထွက်ဆိုတာကြတော့လည်း ကြောက်သေးတယ်' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေ၁၄၄ အထုတ်ခံရတာနဲ့ပတ်သက်လို့ ရှေ့နေတစ်ဦးက စစ်ကောင်စီကို ဝေဖန်ပါတယ်။