အိန္ဒိယမှာ ရေကြီးလို့ အနည်းဆုံး ၂၆ ဦး သေဆုံး

ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရေကြီးလို့ အနည်းဆုံး လူ ၂၆ ဦးသေဆုံးခဲ့ တယ်လို့ သိရပါတယ်။ မိုသည်းထန်စွာရွာသွန်းပြီး မြစ်‌ရေတွေတက်လာတဲ့ အတွက် မြို့တွေနဲ့ ရွာတွေကြား ချိတ်ဆက်ထားတဲ့ လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပါတယ်။

သေဆုံးတဲ့သူတွေထဲမှာ ကလေး ၅ ယောက် ပါတယ်လို့သိရပြီး ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိလာနေတဲ့ အတွက် သေနှုန်းကလည်း ထပ်တိုးလာဖို့ရှိပါတယ်။

အိမ်အများအပြား ‌ရေနဲ့ မျောပါသွားတာတွေရှိပြီး ကီရာလာ ပြည်နယ်ထဲက ကိုတာရမ်ခရိုင်မှာလည်း လူတွေ ပိတ်မိနေတာတွေ ရှိပါတယ်။

ရေမျောသွားတဲ့ ဘပ်စ်ကားတစ်စီးက ခရီးသည်တွေကို ကယ်ဆယ်ခဲ့ရတာကိုလည်း ဗီဒီယိုတစ်ခုထဲမှာ တွေ့ရပါတယ်။

ရေကြီးတဲ့ ပြည်နယ်ထဲမှာ အဆိုးရွားဆုံးနေရာနှစ်ခုကတော့ ကိုတာရမ်နဲ့ အီဒူကီတို့ ဖြစ်ပါတယ်။ မိုးအကြီးအကျယ်ရွာတဲ့ နောက်ဆက်တွဲအနေနဲ့ ကြောက်စရာကောင်းတဲ့ မြေပြိုတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ တက်လာတဲ့မြစ်ရေတွေက ရွာငယ်တွေအချင်းချင်း ချိတ်ဆက်ထားတဲ့ တံတားတွေကိုပါ တိုက်စားသွားပါတယ်။

ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ထောက်ပံ့တာတွေလုပ်ဖို့ စစ်တပ်ရဟတ်ယာဥ် တွေကိုလည်း အသုံးပြုနေတယ်လို့ တာဝန်ရှိတဲ့သူတွေက ပြောပါတယ်။

လူထောင်ပေါင်းများစွာကို နေရာရွေ့ပြောင်းပေးခဲ့ရသလို ကယ်ဆယ်ရေးစခန်း ၁၈၄ ခု ကိုလည်း တည်ဆောက်ပြင်ဆင်ထားပြီး လူရှစ်ထောင်အတွက် အိပ်ယာ၊အဝတ်အစားနဲ့ အစားအသောက်တွေ ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

အသီးအနှံတွေ အိမ်တွေဆုံးရှုံးသွားတဲ့ သူတွေအတွက်လည်း ငွေကြေးအကူအညီပေးမယ်လို့ အစိုးရက ကြေညာထားပါတယ်။

လိုအပ်ရင် ပြည်နယ်ထဲက ရေကာတွေကို ဖွင့်ချဖို့ အတွက်လည်း ကျွမ်းကျင်တဲ့ ကော်မတီတစ်ခုကို လုပ်ပိုင်ခွင့်အပ်နှင်းထားတယ်လို့ သိရပါတယ်။

၂၀၁၈တုန်းကလည်း အဲ့ဒီပြည်နယ်ထဲမှာ မိုးကြီးတာတွေဖြစ်ပွားခဲ့လို့ လူလေးရာလောက် အသက်ဆုံးရှုံးခဲ့ရတာ ရှိခဲ့ပါတယ်။

မြေနိမ့်ပိုင်းနေရာတွေမှာ နေထိုင်တဲ့ သူတွေကို တစ်စုံတစ်ရာ သတိပေးတာတွေမလုပ်ဘဲ ဆည်ဖောက်ချလိုက်မှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

ဘယ်ဆည်ကို ဖွင့်ချရမယ်ဆိုတာ ကော်မတီက ဆုံးဖြတ်မယ်လို့ ကီယာလာပြည်နယ် ဝန်ကြီးချုပ် ပင်နာရာယီဗီဂျာယန်က ပြောထားပါတယ်။

"ဆည်မဖောက်ချခင် နာရီပိုင်းအလိုမှာ ပြည်နယ်တာဝန်ရှိတဲ့သူတွေက အသိပေးမှာဖြစ်တဲ့အတွက် ဒေသခံတွေ နေရာရွေ့ပြောင်းဖို့ အချိန်ရသွားမှာပါ" လို့ သူ့ ရုံးရဲ့ ထုတ်ပြန် ကြေညာချက်ထဲ မှာလည်းတွေ့ရပါတယ်။

အလားတူ အိန္ဒိယ မိုးလေဝသဌာနကလည်း အဲ့ဒီပြည်နယ်ထဲမှာ နောက်ထပ် လေးရက်ကျော်လောက် မိုးဆက်တိုက်ရွာဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အဲ့ဒီက အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရခေါင်းဆောင် မစ္စတာဗီဂျာရန်ကို တနင်္ဂနွေနေ့က လှမ်းမေးဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါမိုဒီက တွစ်တာမှာ တင်ထားပါတယ်။

"ကီရာလာမှာ မိုးကြီးပြီး မြေပြိုတဲ့ အတွက် လူတွေအများကြီးသေရတာ ဝမ်းနည်းစရာကောင်းပါတယ်။သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ဝမ်းနည်း အားပေးစကား ပြောချင်ပါ တယ်။"လို့ သူက‌ ရေးထားပါတယ်။

အယ်လက်ပီ မြို့က တာဝန်ရှိသူတွေကလည်း သူတို့မြို့ဟာ မြစ်ကမ်းစပ်နဲ့ တူးမြောင်းတွေနဲ့ ဆက်စပ်နေတာကြောင့် ရေကြီးလာမှာကိုစိုးရိမ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အလားတူ ရေကြီးတဲ့ဒဏ်ကြုံနေရတဲ့နေရာတွေက ဝမ်းနည်းစရာ ဇာတ်လမ်းတွေလည်း ဆက်တိုက် ကြားနေရပါတယ်။

ကိုတာရမ်မြို့က အိမ်တစ်အိမ် ရေထဲမျောပါသွားလို့ ကလေး ၃ ယောက်နဲ့ အသက် ၇၅နှစ်အဖွား အပါအဝင် မိသားစု ၆ ဦးသေဆုံးခဲ့တယ်လို့ PTI သတင်းအေဂျင်စီက သတင်းထုတ် ပြန်ထားပါတယ်။