ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကိုင်း ရွှေဘို မြောင် တို့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်အပါအဝင်မြို့နယ်အချို့မှာ မနေ့ကညပိုင်းကစလို့ ဆက်တိုက် ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၈နာရီလောက်မှာပဲ ရွှေဘိုမြို့ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက်စောစော ၈နာရီလောက်ကတည်းက ဖြစ်ခဲ့ပေမယ့် နေ့ခင်းအထိ အဲဒီဝန်းကျင်မှာ ယမ်းနံ့တွေရှိနေသေးတယ်လို့ အဲဒီတစ်ဝိုက်ဖြတ်သန်းသွားလာခဲ့သူ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ရဲစခန်းက ရွှေဘိုမြို့လယ်နားမှာ ရှိနေတာကြောင့် ပစ်ခတ်တိုက်ခိုက်မှုတွေကို ရွှေဘိုဒေသခံ အများစု ကြားသိခဲ့ရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အသံက ဆက်တိုက်ကြားရတာ သိပ်အကျယ်ကြီးတော့ မဟုတ်ဘူး နောက်မှ စခန်းထဲက ပြန်ပစ်တာကြားရတယ်လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့ရဲစခန်း၊ စည်ပင်ရုံး၊ ထွေအုပ်ရုံးအပါအဝင် နေရာ ၉ ခု လောက်မှာ ည ၇နာရီနောက်ပိုင်း ကစလို့ ဆက်တိုက်ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ စစ်ကိုင်းဒေသခံတွေထံက သိရပါ တယ်။
စစ်ကိုင်းမြို့ ရဲစခန်းအနီးပေါက်ကွဲမှုမှာတော့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို အခြား ၂ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကိုင်းတိုင်းရဲ့ မြို့ပြတွေမှာ ပေါက်ကွဲမှုတွေ အများအပြားဖြစ်နေသလို အခြားမြို့နယ်တွေရဲ့ ကျေးရွာအချို့ မှာတော့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ရွာအတွင်း စီးနင်းဝင်ရောက်ပစ်ခတ်မှုတွေလည်း ရှိနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့ခုခံစစ်ဆင်စပြီလို့ ကြေညာခဲ့ပြီး တစ်လအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားမှုမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေတယ်လို့ NUG ဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊
NUG ရဲ့ ခုခံစစ် ကြေညာချက်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ နီးကပ်လာချိန်မှာ ချိန်ကိုက် လုပ်ဆောင်ပြသမှု တစ်ရပ် ဖြစ်တယ်ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဟာ ယခင်က စစ်မဲ့ဇုန်ဒေသလို့ ပြောလို့ရတဲ့ ဒေသတစ်ခုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ အထက်ပိုင်းမှာ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်သာ ရှိခဲ့တယ်လို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းဖြစ်စဉ်ပြီးနောက်မှာတော့ လူထုဆန္ဒပြမှု၊အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ၊ဒေသကာကွယ်ရေးတပ် PDF အင်အားစုဖွဲ့မှု၊စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူတွေကို သတ်ဖြတ်မှု၊ တိုက်ပွဲဖြစ်မှုတို့ အဖြစ်များတဲ့ တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်၊
စစ်ကိုင်းတိုင်းမြောင်မြို့နယ် သေနတ်ဆေးကန်မှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ရွာအတွင်း ဝင်စီးပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ကပဲ မြောင်မြို့နယ်က ကျောက်ရစ်ရွာရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး ဒီကနေ့မှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကျောက်ရစ်ရွာနဲ့ တစ်မိုင်လောက်ပဲကွာတဲ့ သေနတ်ဆေးကန်မှာ အခုလို ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။
စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ကမ်းဘေးက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မင်းကင်းမြို့နယ်မှာ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (MKPDF) ကို တပ်ရင်း (၂)ရင်း နဲ့ အောက်တိုဘာ (၇)ရက်၊ ၂၀၂၁ တွင် စတင်ဖွဲ့စည်းခဲ့တယ်လို့လည်း မင်းကင်းPDF ကပြောပါတယ်။
ဒီတပ်ရင်းကို တပ်ရင်းတိုင်းမှာ စိပ်၊ စု၊ ခွဲ၊ ရင်း စတဲ့ဖွဲ့စည်းပုံအပြည့်နဲ့ ဖွဲ့စည်းပြီးကြောင်း၊ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD သို့တင်ပြ အတည်ပြုပြီးဖြစ်တယ်လို့လည်း ပြောပါတယ်၊
စစ်ကိုင်းတိုင်းအတွင်း ဒီရက်ပိုင်း ထိတွေ့တဲ့တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာဖို့ရှိတယ်လို့လည်း ဒေသ PDF တွေက ပြောကြပါတယ်။