မုံရွာနဲ့ အနီးတစ်ဝိုက် ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေဆက်ဖြစ်

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့နဲ့ အနီးက မုံရွေး၊ကြေးမုံ စတဲ့ရွာတွေ အပါအဝင် မုံရွာမြို့တစ်ဘက်ကမ်း ယင်းမာပင်နဲ့ မုံရွာ အနီးတစ်ဝိုက်မြို့တွေဖြစ်တဲ့ ရေဦး၊ မင်းကင်း၊ စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ ညနေပိုင်းက မုံရွာစက်မှုဇုန်အနီး သေနတ်ပစ်ဖောက်ပြီး စက်ရုံအချို့နဲ့နေအိမ်တွေကို စစ်ဆေးမှုတွေရှိနေပြီး မုံရွာ မြို့အဝင်မှာ စစ်ကောင်စီတပ်တွေ နေရာယူထားသလို မြို့တွင်းမှာ တပ်စုတစ်စုက လမ်းလျှောက်ပြီး လှည့်နေတယ်လို့လည်း သိရပါတယ်။

မုံရွာမြို့ရဲ အဓိက လမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ရဲတပ်ဖွဲ့တွေအတော်များများ နေရာယူထားပြီး စစ်ဆေးမူတွေ တင်းတင်းကြပ်ကြပ် လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့သစ်မှာ ဒီကနေ ညနေပိုင်းကလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ပေါက်ကွဲမှုဟာ ညနေ ၄ နာရီကျော်လောက်ကဖြစ်ပြီး အင်အားပြင်းကြောင်း အောင်ချမ်းသာရပ်ကွက် လျှပ်စစ်ဓာတ်အားပေးရုံအနီးမှာ ဖြစ်တယ်လို့လည်း ‌ဒေသခံတွေက ပြောပါတယ်။

မုံရွာမှာ ပြီးခဲ့တဲ့ သောကြာနေ့က ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေနတ်တစ်လက် အသိမ်းခံခဲ့ရသလို ယာဥ်ထိန်းရဲတစ်ဦးလည်း သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မုံရွာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရဲတစ်ဦးကို ပစ်ခတ်မှုအပြီးမှာ ရရှိတဲ့လက်နက်ကို လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပြီး ပြောက်ကျားစစ်ဆင်ရေးတွေ မကြာမကြာ ပြုလုပ်သွားဖို့ရှိတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ကလည်းမုံရွာမြို့ ကျောက္ကာလမ်းမကြီးပေါ်က Mytel ရုံးအနီး ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်း မုံရွေးကြေးမုံရွာကို စစ်ကောင်စီအင်အား (၅၀)နီးပါးနဲ့ ဝင်ရောက်လာခဲ့ပြီးနေ့လယ် (၁၁)နာရီဝန်းကျင်လောက်အထိ ပစ်ခတ်သံတွေကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂ရ ရက်နေ့ မုံရွာ မြို့အဝင်က မုံရွေး-ကြေးမုံရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုမှာ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း အဖမ်းခံထားရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

"မနက်၅နာရီကျော် လောက် ရွာထဲကဝင်လာပြီး နေရာအကုန်ယူပိတ်ထားပြီးမှ ရွာထဲကမုန့်တိုက်တစ်ခုကို ဝင်စီးတယ်။ လူတွေလည်း ဖမ်းထားပြီး ထွက်ပြေးတဲ့သူတွေကို ပစ်တယ်။ အခုတော့ ရွာရဲ့လေးဘက်လေးတန်ကို ပိတ်ဆို့ထားပြီး ရွာသားတွေအထဲမှာ ပိတ်မိနေကြတယ်။"လို့ ကြေးမုံရွာသားတစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

မုံရွာ အထက်ချင်းတွင်းမြစ်ကမ်းဘေးက မင်းကင်းမြို့မှာတော့ ယမန်နေ့ကပစ်ခတ်မှုကြောင့် ဒေသ PDF တွေသေဆုံးမှုရှိပြီး အင်တာနက်လိုင်း ဖုန်းလိုင်းများ အခုထိ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

ဘီဘီစီက ရရှိထားတဲ့ သတင်းအရ အနည်းဆုံး ‌ဒေသ PDF 15 ဦး သေဆုံးနေတာကို သိရှိရပေမယ့် သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တော့ ဒီသတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး ။

ဒါ့အပြင် ရေဦးမြို့နယ် သာယာအေးရွာကိုလည်း စစ်ကောင်စီတပ်တွေ တပ်စွဲပြီး ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

မနေ့ညက ချင်းတွင်းမြစ်ကူးတံတား အနီး ယင်းမာပင်မြို့နယ်၊နဘူးတောကျေးရွာအနီး စစ်ကား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဒီက‌နေ့မှာ အဲ့ဒီအနီးတစ်ဝိုက်က ကျေးရွာများအတွင်း ပစ်ခတ်မှုများရှိနေတယ်လို့လည်း သိရပါတယ်။