မုတ်ဆိတ်မွေးတွေ တိတာ ရိတ်တာတွေ မလုပ်ပေးဖို့ ဆံသဆိုင်တွေကို တာလီဘန်တွေ ညွှန်ကြား

ရေးသားခဲ့သည်။

ဆိုင်ကိုလာတဲ့ ဖောက်သည်တွေကို မုတ်ဆိတ်တွေညှပ်ပေးတာ၊ ရိတ်ပေးတာတွေမလုပ်ဖို့ တာလီဘန်တွေက ဟယ်လမန်းခရိုင်က ဆံသဆရာတွေကို တားမြစ်နေပါတယ်။

ဒီ တားမြစ်ချက်ကို ချိုးဖောက်တာဟာ အစ္စလာမ်ဥပဒေကို ချိုးဖောက်တာနဲ့တူတူပဲ လို့ ပြောပါတယ်။

အဲ့ဒီဥပဒေကို ချိုးဖောက်တဲ့ ဘယ်သူမဆို အပြစ်ပေးခံရမယ်လို့ တာလီဘန် ဘာသာရေးရဲတပ်ဖွဲ့က ‌ပြောထားပါတယ်။

အဲ့လိုအမိန့်ပေးတားမြစ်ချက်မျိုး သူတို့လည်း ရတယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်မြို့က ဆံသဆရာတွေကလည်း ပြောပါတယ်။

သူတို့ အာဏာရလာရင် ဒီလိုမျိုး ပြင်းထန်တဲ့ အမိန့်တွေ ထုတ်မှာ မဟုတ်ဘူးလို့ တာလီဘန်တွေက ကတိပေးစကားတွေပြောခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့ အာဏာရခဲ့တုန်းက အရင်ခေတ်တုန်းကလို ပုံစံမျိုးတွေ ပြန်ဖြစ်လာပါတယ်။

တာလီဘန်တွေဟာ ပြီးခဲ့တဲ့လ သူတို့ အာဏာရပြီးကတည်းကစပြီး သူတို့ကိုဆန့်ကျင်တဲ့သူတွေကို ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ တောက်လျှောက် လုပ်ခဲ့ပါတယ်။

စနေနေ့တုန်းကလည်း ဟီရတ်ခရိုင်မှာ ပြန်ပေးမှုနဲ့ အဖမ်းခံရတဲ့ လူလေးယောက်ကို ပစ်သတ်ပြီး သူတို့အလောင်းတွေကို လူတွေမြင်အောင် လမ်းပေါ်မှာ ချိတ်ဆွဲ ပြခဲ့ပါတယ်။

ဟယ်လမန်းခရိုင်တောင်ပိုင်းက ဆံသဆိုင်တွေဆီကို ပို့တဲ့သတိပေးစာထဲမှာ ဆံသသမားတွေက ဆံပင်ညှပ်တာတွေ၊ မုတ်ဆိတ်ရိတ်တာတွေနဲ့ပတ်သက်လို့ ရှရီယာဥပဒေကို မဖြစ်မနေ လိုက်နာ ရမယ်လို့ တာလီဘန်တွေက သတိပေးထားပါတယ်။

အဲ့ဒီသတိပေးစာမှာ "ဘယ်သူမှဒီအမိန့်ကို စောဒက တက်ခွင့်မရှိ" လို့ ရေးထားတာကိုလည်း ဘီဘီစီက ဖတ်ရပါတယ်။

" တာလီဘန်သေနတ်သမားတွေ ကျွန်တော်တို့ဆီ ရောက်လာပြီး မုတ်ဆိတ်မရိတ်ပေးဖို့ လာအမိန့်ထုတ်တယ်"လို့ ကာဘူးလ်က ဆံသဆရာတစ်ယောက် က ပြောပါတယ်။

"သူတို့ထဲက တစ်ယောက်ကဆို ကျွန်တော်တို့ကို စောင့်ဖမ်းဖို့ အသွင်ယူထားတဲ့ ရဲတွေကို လွှတ်ထားမယ်လို့တောင် လာပြောပါတယ်။"

အစိုးရတာဝန်ရှိတဲ့သူလို့ ပြောတဲ့ သူတစ်ယောက်ကလည်း သူ့ကို ဖုန်းခေါ်ပြီး အခုလို ပြောတယ်လို့ ကာဘူးလ်မြို့မှာ အကြီးဆုံး ဆံပင်ညှပ်ဆိုင်တွေ ဖွင့်ထားတဲ့ ဆံသ ဆရာတစ်ယောက်ကလည်း အတည်ပြုပါတယ်။

"အမေရိကန်စတိုင်တွေ အတုခိုးတာတွေ ရပ်လိုက်တော့၊ ဘယ်သူ့ကိုမှ မုတ်ဆိတ်ရိတ်တာတွေ၊ မုတ်ဆိတ် တိပေးတာတွေလုပ်လို့မရဘူး" လို့ သူ့ကို ပြောတယ်လို့ ဆိုပါတယ်။

၁၉၉၆ကနေ ၂၀၂၁ခုနှစ်အတွင်း တာလီဘန်တွေ အုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းကလည်း သဘောထားပြင်းထန်တဲ့ အစ္စလာမ္မစ်တွေက လှလှပပ ဆံပင်ပုံစံမျိုး တွေ ညှပ်တာကို ပိတ်ပင်တားမြစ်ခဲ့ပြီး အမျိုးသားတွေကိုလည်း မုတ်ဆိတ်အရှည် ထားခိုင်းခဲ့ပါတယ်။

ဒါ‌‌ပေမဲ့ အဲ့ဒီနောက်မှာတော့ မုတ်ဆိတ် အပြောင်ရိတ်တာကို လူကြိုက်များလာပြီး အာဖဂန်အမျိုးသား အများစုကလည်း ဆံသဆိုင်တွေသွားပြီး ခေတ်ဆန်တဲ့ ဆံပင်ပုံ စံတွေ ညှပ်ခဲ့ကြပါတယ်။

သူတို့ လုံခြုံရေးအတွက် နာမည် လျှို့ဝှက်ပေးထားရတဲ့ ဆံသဆရာတွေကလည်း အခုထုတ်လိုက်တဲ့ ဥပဒေသစ်တွေဟာ သူတို့ရပ်တည်ရေးကို ထိခိုက် စေတယ်လို့ ပြောကြပါတယ်။

"ကျွန်တော်တို့ ဆိုင်တွေက လူငယ်တွေ သူတို့ ထားချင်တဲ့ပုံစံတွေ၊ ခေတ်ဆန်တဲ့ ဆံပင်ပုံစံ တွေညှပ်ပေးပြီး ရပ်တည်လာတာ။ အခုတော့ အဲ့ဒီစီးပွား‌ရေး ဆက်ရှင်သန်နိုင်စရာ အကြောင်း မရှိတော့ဘူး"

"ခေတ်မီဆံသဆိုင်တွေနဲ့ ဆံပင်ညှပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ပင်ခံရသလို ဖြစ်သွားပါပြီ ။ ဒီအလုပ်ကို ကျွန်တော်လုပ်ခဲ့တာ ၁၅ နှစ်ရှိသွားပါပြီ။ အခုတော့ ဆက်လုပ်လို့ မရတော့ဘူး"

သူ့ဆီကို တရားဝင်အမိန့် စာမရောက်သေးပေမယ့် မုတ်ဆိတ်ရိတ်တာတွေတော့ ရပ်ထားလိုက်ပြီလို့ ဟီရတ်မြို့ အနောက်ပိုင်းက ဆံသဆရာတစ်ယောက် ကလည်း အခုလို ပြောပါတယ်။

"လမ်းပေါ်သွားရင် တာလီဘန်တွေရဲ့ ပစ်မှတ်ဖြစ်မှာ ကြောက်လို့ ကျွန်တော့်ဖောက်သည်တွေက မုတ်ဆိတ်မရိတ်ကြတော့ဘူး။ တာလီဘန်တွေ သတိထား မိမှာစိုးလို့ သူတို့က တာလီဘန်တွေနဲ့ တစ်သားတည်း ဖြစ်ချင်ကြတယ်။ "

ဆံပင်ညှပ်ခစျေးနှုန်းကို လျှော့ ချလိုက်ပေမဲ့လည်း သူ့ စီးပွားရေးလုပ်ငန်းက ခြောက်ကပ်သွားပါပြီ ။

" သူတို့ ဆံပင်ပုံစံ ဘယ်လိုရှိမလဲ၊ မုတ်ဆိတ်မွှေးပုံစံ ဘယ်လိုရှိမလဲဆိုတာ ဘယ်သူကမှ ဂရုမစိုက်ကြတော့ဘူး။ "လို့ပြောပါတယ်။