ရုရှားဘက် ယိမ်းနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို တရုတ်က ဆက်ဆံရေး ချိန်ခွင်လျှာ ညှိလာ

ရေးသားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ CPCဟာ တောင်အာရှနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေက နိုင်ငံရေး ပါတီတွေနဲ့ စက်တင်ဘာ ၉ ရက်၊ ကြာသပတေးနေ့မှာ အွန်လိုင်းကနေ တဆင့် ဆွေးနွေး နှီးနှောတာတွေ ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။

CPC ရဲ့ ဖိတ်ကြားမှုကို လက်ခံရရှိထားပြီး အစည်းအဝေး တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

မြန်မာ နိုင်ငံရေးပါတီတွေထဲက NLD ပါတီ အပါအဝင် ပါတီ ၄ ခုကို CPC က ဖိတ်ကြား ထားတယ်လို့ နားလည်ရပါတယ်။

CPC နဲ့ NLD ပါတီကြား ဆက်ဆံရေး ခိုင်ခိုင်မာမာ ဆက်လက် ရှိနေကြောင်း အခု လပိုင်းတွေ အတွင်းမှာပဲ ဒုတိယ အကြိမ်မြောက် တွေ့မြင်လာရတာ ဖြစ်ပါတယ်။

CPC ရဲ့ ပါတီ ရာပြည့် အထိမ်းအမှတ် အတွက် NLD က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပို့ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ဘေဂျင်းက CPC ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာ ရေးရာဌာနကနေ ပြန်လည် ရေးသား ပေးပို့ထားတဲ့ စာတစ်စောင် မကြာသေးခင်ကပဲ လူအများ တွေ့မြင်ခဲ့ရ ပြီးတဲ့နောက် အခုလို NLD ကို အစည်းအဝေး ဖိတ်ကြားတာမျိုး ပြုလုပ်လာပြန်တာ ဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေးမှာ NLD ဆက်ရှိနေဖို့ တရုတ်လိုလားကြောင်း ပြသတာလား

အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ထိပ်ပိုင်း ခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး နှစ်ရှည် ထောင်ဒဏ်ချနိုင်တဲ့ ကြီးလေးတဲ့ ပုဒ်မတွေ အပါအဝင် အကျင့်ပျက် ခြစားမှု စွဲချက်တွေနဲ့ပါ တရားစွဲဆို ထားချိန် ဖြစ်ပါတယ်။

စစ်ကောင်စီက ဖွဲ့ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးက ဆိုရင် မဲမသမှုတွေကို ကြိုတင်ကြံစည် လုပ်ခဲ့တဲ့ NLD ပါတီကို ဖျက်သိမ်းဖို့ အထိ စဥ်းစား လုပ်ဆောင်မယ်၊ ကျူးလွန်သူတွေကို နိုင်ငံတော် သစ္စာဖောက်များ အဖြစ် အရေးယူ နိုင်ဖို့ လုပ်ဆောင်သွားမယ် ဆိုပြီး ကြုံးဝါး ပြောဆိုတဲ့ အထိ ခြိမ်းခြောက် ထားပါတယ်။

တရုတ်ပြည်မကြီး အစိုးရဟာ မြန်မာ စစ်အစိုးရ အဆက်ဆက် လက်ထက် နီးကပ်တဲ့ ဆက်ဆံရေးတွေ ထားရှိခဲ့ပြီး၊ မြန်မာ စစ်အစိုးရတွေကို ကျောထောက်နောက်ခံ ပြုပေးတဲ့ အဓိက ကမ္ဘာ့ နိုင်ငံကြီး တစ်ခု အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြလေ့ ရှိပါတယ်။

ဒါပေမယ့် တရုတ် အနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ အစိုးရချင်း ဆက်ဆံရေးသာမက ပါတီချင်း ဆက်ဆံရေးပါ ဖော်ဆောင် ထားရှိတဲ့ ပုံစံကို ကျင့်သုံးနေတာမှာ ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံ ခေါင်းဆောင်ဘဝ ၂၀၁၅ မှာကတည်းက ပါတီခေါင်းဆောင် အနေနဲ့ တရုတ်ပြည် ခရီးစဥ် ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ ခရီးစဥ်အတွင်း သမ္မတ ရှီကျင်းပင်၊ ဝန်ကြီးချုပ် လီကာချင်းတို့လို အဆင့်မြင့်ဆုံး ခေါင်းဆောင်တွေက တွေ့ဆုံခဲ့ပြီး နိုင်ငံ့ အကြီးအကဲ တစ်ယောက်ရဲ့ နိုင်ငံတော် ခရီးစဥ် တစ်ခု သဖွယ် တရုတ်အစိုးရက ဆက်ဆံ ခဲ့တာ ဖြစ်ပါတယ်။

အခု အာဏာသိမ်း စစ်တပ်က ပယ်ဖျက်ကြောင်း ကြေညာထားတဲ့ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲရဲ့ ရလဒ်တွေ ထွက်လာခဲ့တုန်းကလည်း သမ္မတရှီကိုယ်တိုင် လက်မှတ်ထိုးပြီး NLD ပါတီ ဆက်လက် အနိုင်ရရှိ ခဲ့တဲ့ အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည်ထံ ပို့ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအရ တရုတ်ရဲ့ ရပ်တည်မှု

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်း စစ်တပ်ဘက်ကိုပဲ ပုံအောလောင်းတာမျိုး လုပ်မှာမဟုတ်ဘူးလို့ တရုတ်ရေးရာ လေ့လာသူတစ်ဦး ဖြစ်တဲ့ကိုကြည်စင်က သုံးသပ်ပါတယ်။

"မြန်မာနိုင်ငံထဲ ရှိနေတဲ့ တရုတ်ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အကျိုးစီးပွားတွေ၊ လုပ်ငန်း ပရောဂျက် စီမံကိန်းတွေကို ကာကွယ်နိုင်ဖို့ ဆိုရင် မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုလိုတယ်" လို့လည်း ကိုကြည်စင်က ဆိုပါတယ်။

မြန်မာ့ လက်ရှိ အကျပ်အတည်းကို အာဆီယံက ကမကထလုပ်ပြီး ကြားဝင် ဖြေရှင်းရေး ဆိုတဲ့ လမ်းကြောင်းကို အနောက်အုပ်စု နိုင်ငံတွေကသာမက တရုတ်၊ ရုရှား အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကပါ ထောက်ခံ အားပေးထားပြီး အကောင်အထည်ဖော်ဖို့ တွန်းအား ပေးနေတာ ဖြစ်ပါတယ်။

စစ်အာဏာ တကျော့ပြန် သိမ်းမှုနောက်ပိုင်း တရုတ်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက် အားလုံးမှာလည်း ဘက်ပေါင်းစုံ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် စောလျှင်စွာ ပြန်သွားရေး ဆိုတာကို ထည့်သွင်း ပြောနေပါတယ်။

စစ်ကောင်စီဘက်က နှုတ်ဆိတ် နေခဲ့ပြီး ဘေဂျင်း နိုင်ငံခြားရေး ဌာနက ထုတ်ပြောမှ သိရတဲ့ တရုတ် အစိုးရရဲ့ အဆင့်မြင့် ကိုယ်စားလှယ် အာရှရေးရာ အထူးသံ ဆွန်းကော်ရှန်ရဲ့ ဩဂုတ်လနှောင်းပိုင်း မြန်မာပြည် ခရီးစဥ်ကလည်း တွေ့ဆုံ ဆွေးနွေးရေးနဲ့ ဒီမိုကရေစီ လမ်းပေါ် ပြန်တက်ရေး တရုတ်က အားပေးတဲ့ အခြေခံတွေကိုပဲ ထင်ဟပ်တယ်လို့ တရုတ် နိုင်ငံခြားရေး ပြောခွင့်ရ ဝမ်ဝန်ပင်းက ဆိုပါတယ်။

အနောက်အုပ်စု နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ပြီး ဖိအားပေး တောင်းဆိုတဲ့ နည်းလမ်းဟာ မလိုလားအပ်တဲ့ စွက်ဖက်မှုတွေ ဖြစ်တယ် ဆိုတဲ့ သဘောထားကိုတော့ တရုတ်အစိုးရက ပွင့်ပွင့်လင်းလင်း ထုတ်ပြောလေ့ ရှိပါတယ်။

စစ်ကောင်စီက NLD ပါတီ ဖျက်သိမ်းရေး အထိ လုပ်ဆောင်ဖို့ ဟန်ပြင်လာတဲ့ အခါမှာတော့ တရုတ်အနေဲ့ မြန်မာ့ အနာဂတ် နိုင်ငံရေးမှာ NLD ပါတီ ဆက်လက် ရှိနေစေလိုတဲ့ သဘောထားကို ပေါ်ပေါ်ထင်ထင် ပြသလာတာဖြစ်တယ် ဆိုပြီး တရုတ်နဲ့ ဆက်ဆံရေးကို လေ့လာ စောင့်ကြည့်သူလည်း ဖြစ်၊ ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်း လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ခြေလှမ်းကရော ဘယ်လို ရှိနေလဲ ....

တကျော့ပြန် အာဏာသိမ်းပြီးတဲ့နောက် မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ အသိသာဆုံး ခြေလှမ်းကတော့ ရုရှားနဲ့ကြား ဆက်ဆံရေးကို အခိုင်အမာ မြှင့်တင်လာနေတာပဲ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် ရုရှား ခရီးစဥ် ရှိခဲ့ပြီး လတ်တလောမှာလည်း သူ့ရဲ့လက်ထောက် စစ်တပ်ရဲ့ ဒုတိယအကြီးဆုံး ဗိုလ်ချုပ်လည်း ရုရှားကို သွားနေပါတယ်။

လက်ရှိမှာတော့ စစ်ဘက်ရေးရာ ဆက်ဆံရေး ပိုမိုတိုးမြှင့် ခိုင်မာစေမှာ ဖြစ်တဲ့ အကြောင်း ရုရှား ကာကွယ်ရေး ဌာနက တာဝန်ရှိသူတွေကလည်း အာမခံ ပြောကြားထားပါတယ်။

တရားဝင်မှုကို လိုလားတဲ့ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့တော့ အိမ်စောင့် အစိုးရ ဆိုပြီးတော့လည်း ကြေညာထားပြီး စစ်ခေါင်းဆောင်ဟာ ဝန်ကြီးချုပ်ရာထူး အရပ်ဝတ်နဲ့ ပုံရိပ်ကို ပိုပြီး မြှင့်တင် လာနေတာ တွေ့ရပါတယ်။

ဒ့ါကြောင့် မြန်မာ အာဏာသိမ်း စစ်တပ် အနေနဲ့ ရုရှားနဲ့ကြား ရှိထားလက်စ စစ်ဘက် ဆိုင်ရာ ဆက်ဆံရေး သာမက အစိုးရချင်း ဆက်ဆံရေး၊ အရပ်ဘက် စီးပွားရေး အရ ဆက်ဆံရေးတွေမှာပါ တိုးမြှင့်လိုပုံရပြီး ဒါဟာ တရုတ် တစ်နိုင်ငံတည်း အပေါ်မှာပဲ အလွန်အကျွံ အားကိုးရတဲ့ အနေအထားမျိုး ရှိမနေအောင် ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးတွေလည်း ရှိနေပါတယ်။

ရုရှားရဲ့ နိုင်ငံရေးအရ တရားဝင် ရပ်တည်မှုကို ကြည့်ရင်တော့ မြန်မာနဲ့ကြား အပြုသဘော ဆက်ဆံရေး ခိုင်မာထားရှိတာ မှန်ပေမယ့် အရပ်သားတွေ သတ်ဖြတ် ခံရတာမျိုးလို ဝမ်းနည်းဖွယ် ဖြစ်ရပ်တွေကို ရုရှားက လိုလား အတည်ပြုပေးနေတာ မဟုတ်ဘူး ဆိုပြီး ပြောဆို ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်က ဆန္ဒပြသမားတွေကို သေစေနိုင်လောက်တဲ့ နည်းတွေ အသုံးပြုပြီး ဖြိုခွဲလာနေခဲ့တဲ့ မတ်လ အတွင်း၊ အရပ်သား သေဆုံးရမှုတွေ တိုးတက် ဖြစ်ပေါ် နေချိန်မှာ ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့အရေး အာဆီယံ ကြားဝင်ရေးမူကို သဘောတူတာ၊ ဒီမိုကရေစီ လမ်းပေါ် ပြန်ရောက်ဖို့ တိုက်တွန်းတာမျိုးတွေဟာ လုံခြုံရေးကောင်စီရဲ့ သဘောထား အနေနဲ့ ရှိနေတာ ဖြစ်တဲ့အတွက် အမြဲတမ်း အဖွဲ့ဝင် ရုရှားရဲ့ သဘောထားလည်း ဖြစ်တယ်လို့ ပြောဆိုနိုင်ပါတယ်။