ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် ကုသရေးပစ္စည်းတွေ ၀ယ်ဖို့ သတ်မှတ်ချက်ထက် တိုးထုတ်ပေးဖို့ ဗဟိုဘဏ်ညွှန်ကြား
မြန်မာနိုင်ငံတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တတိယလှိုင်းဒဏ် အလူးအလဲ ခံနေချိန်မှာ လိုအပ်တဲ့ ဆေးဝါး၊ အောက်ဆီဂျင်၊ အောက်ဆီဂျင် ထုတ်လုပ်တဲ့စက်ရုံနဲ့ ဆက်စပ်ပစ္စည်းတွေ ၀ယ်ယူဖို့အတွက် အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြလာရင် သတ်မှတ်ထားတဲ့ ငွေသားထုတ်ယူမှုထက် ပိုပြီး ထုတ်ပေးသွားဖို့ ဗဟိုဘဏ်က ဇူလိုင်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
သာမန်ပြည်သူတဦးချင်းအတွက် သီတင်းပတ် တပတ်မှာ အများဆုံး ကျပ်သိန်း ၂၀ ထုတ်ယူနိုင်ပြီး ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေအတွက်ကတော့ အများဆုံး ကျပ်သိန်း ၂၀၀ အထိ ထုတ်ယူနိုင်တယ်လို့ ဗဟိုဘဏ်ဘက်က ဆိုပါတယ်။
ဒါပေမဲ့ ကိုဗစ်ကုသရေးအတွက် လိုအပ်လာရင်တော့ ဒီသတ်မှတ်ချက်ထက် ကျော်လွန်ပြီး သက်ဆိုင်ရာဘဏ်ရဲ့ ငွေသားလက်ကျန်အပေါ် မူတည်ကာ ငွေထုတ်ပေးသွားဖို့ နိုင်ငံတွင်း လည်ပတ်နေတဲ့ ဘဏ်တွေကို ဗဟိုဘဏ်က ညွှန်ကြားလိုက်တာပါ။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦး၀င်းသော်ကို ဘီဘီစီက ဆက်သွယ်မေးကြည့်ထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဘီဘီစီ။ သတ်မှတ် ပမာဏထက် ကျော်လွန်ပြီး ထုတ်ယူနိုင်တယ်ဆိုတဲ့နေရာမှာ ကျော်လွန်ပြီး ထုတ်ယူနိုင်တဲ့ ပမာဏကိုကော သတ်မှတ်ထားတာ ရှိပါသလား။
ဖြေ။ ငွေကို ကန့်သတ်ချက်မထားပါဘူး။ သို့သော် သဘောသဘာ၀အရ ဒီခေါင်းစဥ်ပေါ်မူတည်ပြီး တခြားမဆိုင်တာတွေ ရောထွေးမသွားအောင်လို့ သက်ဆိုင်ရာဘဏ်ကနေပြီးတော့မှ ဘဏ်ရဲ့ မူဝါဒအတိုင်း စိစစ်ပြီးတော့ ဘာတွေ ပြည့်စုံရမယ်၊ ဘာအချက်အလက်တွေ ပါရမယ်ဆိုတာ သူဘာသာ စစ်ပြီးတော့ ငွေသားကို ကန့်သတ်ချက် မထားဘူး။ ဆိုလိုတဲ့ သဘောကတော့ သိန်း ၂၀၀/၂၀ ကန့်သတ်ချက်ကို ကျော်လွန်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ သိန်း ၅၀၀ ဆိုတာလည်း ဖြစ်မှာပေါ့။ သိန်း ၂၀၀၀၊ ၃၀၀၀ ဆိုတာလည်း ဖြစ်မှာပေါ့။ ဒါကတော့ လိုအပ်ချက်အပေါ် မူတည်ပါတယ်။
ဘီဘီစီ။ ဘဏ်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အချက်အလက်တွေ ပါမပါ စစ်ရမယ်ဆိုတော့ ဘယ်လိုအချက်အလက်တွေ ယူသွားမှ အဲဒီထုတ်ယူလိုတဲ့ ပမာဏကို ထုတ်ပေးမှာပါလဲ။
ဖြေ။ လက်ရှိကတော့ ကိုဗစ်-၁၉ နဲ့ ဆိုင်တဲ့ ကိစ္စရပ်တခုတည်းပါ။ ကိုဗစ်နဲ့ ပတ်သက်တဲ့ အောက်ဆီဂျင်စက်ရုံတွေ ဆောက်တာတွေ၊ ဒါနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ ၀ယ်တာတွေကို တိုင်းနဲ့ပြည်နယ်တွေကို ဦးစီးပြီးတော့ လုပ်နေကြတယ်လေ။ အဲဒီလုပ်ငန်းတွေအတွက် သပ်သပ်ကိုပဲ လတ်တလော ပေးတာပါ။ ဘယ်နေရာမှာ ဘာဆောက်ပါမယ်ဆိုတာကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကနေပြီး ထောက်ခံပေးရင် ရတယ်။ တိုင်းအဆင့်ကလည်း သူတို့ဆီ တကယ်လှူမယ့်သူကိုပဲ ထောက်ခံပေးမှာပေ့ါ။ ဒါတွေကတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းရဲ့ လုပ်ပိုင်ခွင့် ဖြစ်သွားတာပေ့ါ။
ဘီဘီစီ။ ဒါဆိုရင် လှူမယ့်သူက ပြည်နယ်နဲ့ တိုင်းရဲ့ ထောက်ခံစာ ယူရမယ်။ ယူပြီးမှ ဘဏ်ကို သွားထုတ်ရမယ်။ အဲဒီသဘောလား။
ဖြေ။ ထောက်ခံချက်ပေးပါဆိုပြီး သွားထောက်ခံဖို့တော့ မဟုတ်ဘူး။ ဒီကိစ္စတွေ လုပ်နေတာ တော်တော်များများက ပြည်နယ်နဲ့တိုင်း အုပ်ချုပ်ရေးကောင်စီက ဦးစီးလုပ်နေကြတာ များတယ်လေ။ ဒီဒေသအတွက် ဒါလုပ်မယ်ဆိုရင် အဲဒီအုပ်ချုပ်ရေးအဖွဲ့အစည်းက ပါလာတာပဲ။ အကြီးအကျယ် မဟုတ်ပါဘူး။ ဒါကလည်း ရှင်းတယ်လေ။ အဆောက်အဦးဆောက်၊ မဆောက် ဒီမြို့နယ်မှာ ဘဏ်ကလည်း အဲဒီမြို့နယ်မှာ ရှိတာပဲ။ တကယ်လည်း ဆောက်တော့မယ်ဟာတွေ မှန်တယ်ဆိုတာပေါ့။ ဘယ်လို သတ်မှတ်ချက်လဲဆိုတာကတော့ အသေးစိတ် သတ်မှတ်ပြဌာန်းမထားဘူး။ သူ့ဘာသာ စစ်လို့ မှန်တယ်ဆိုလို့ရှိရင် ပေးဖို့ပါပဲ။
ဘီဘီစီ။ ဘဏ်တွေဘက်ကကြားရတာကတော့ နေ့စဥ် ဗဟိုဘဏ်ဘက်က ပေးတဲ့ reserved money ကိုက နည်းနေတယ်ဆိုတဲ့အတွက် အခုလိုမျိုး သတ်မှတ် ပမာဏထက် ကျော်လွန်ပြီးတော့ ထုတ်ပေးတယ်ဆိုတဲ့အခါမှာ သူတို့အတွက် အခက်အခဲတွေ ရှိနိုင်တယ်ဆိုပြီးတော့ ပြောကြတယ်။ အဲဒီတော့ ဗဟိုဘဏ်အနေနဲ့ကော တကယ်ပဲ လိုအပ်တဲ့ ငွေပမာဏကို ထုတ်ပေးနိုင်တဲ့ အခြေအနေကော ရှိပါသလား။
ဖြေ။ ဘဏ်တွေကတရားဝင်လာပြောတာတော့မရှိပါဘူး။ တော်တော်များများ တချို့ကိစ္စတွေမှာ ဘဏ်တွေက တာ၀န်ရှောင်လွှဲပြီးတော့ ဗဟိုဘဏ်ကို လွှဲချတဲ့ အသုံးအနှုန်းတွေက မကြာခဏတွေ့နေတဲ့ ဖြစ်စဥ်တွေ၊ တာ၀န်မဲ့မှုတွေပေ့ါ။ သက်ဆိုင်ရာ ဘဏ်အလိုက် တချို့ ပြောထားတယ်။ ဘယ်ဘဏ်မှာ ငွေပမာဏ ဘယ်လောက်ရှိတယ်ဆိုတာ ဗဟိုဘဏ်မှာ စာရင်းရှိတယ်။ သူတို့မထုတ်ပေးနိုင်လောက်အောင် ဘယ်အောက်ဆီဂျင်နဲ့ ပတ်သက်တဲ့ ဘယ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဟာကိုမှ အခုအချိန်မှာ ဗဟိုဘဏ်ကို တင်ပြတောင်းခံလာတဲ့ အုပ်ချုပ်ရေးကောင်စီဟာ တခုမှ မရှိသေးဘူး။ သူတို့မှာရှိတဲ့ ငွေပမာဏပေါ်မှာ ထုတ်ပေးလို့ရတဲ့ ပမာဏအထိပဲ ရှိပါတယ်။
ဘီဘီစီ။ တကယ်လို့ ဘဏ်မှာ တကယ်မရှိဘူးဆိုရင်ကော ဗဟိုဘဏ်က ဘယ်လိုလုပ်ပေးမှာလဲ။
ဖြေ။ တကယ်လို့ လိုကိုလိုတယ်၊ လုပ်ကိုလုပ်ရမယ်ဆိုရင် အဲဒီဘဏ်က ငွေပမာဏမရှိဘူးဆိုရင် အဲဒီငွေကို ဗဟိုဘဏ်က ချက်ချင်းဖြည့်ပေးလိုက်မယ်။ လှူမယ်ဆိုတဲ့ ပိုက်ဆံတွေကို အောက်ဆီဂျင်စက်ရုံဆောက်ဖို့ထဲသာ တကယ်ထည့်မယ်ဆိုရင် အကုန်ထုတ်ပေးလိုက်မယ်။ အဲဒါကြောင့် ဘဏ်တွေက ရိုးသားဖို့တော့ လိုတယ်။ သူပေးချင်တဲ့လူကျ အောက်ဆီဂျင် လှူဖို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ထည့်ရေးပြရင် ဗဟိုဘဏ်ဘက်က လိုက်စစ်ရခက်တာပေါ့။ အဲဒါကြောင့်မလို့ သတ်မှတ်ချက် တိတိကျကျ ပြောမထားဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ ဘဏ်အလိုက် ဘဏ်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပါဆိုပြီး အဲလို ပါတယ်။
ဘီဘီစီ။ အလှူရှင်တွေအနေနဲ့ လှူဖို့အတွက် ငွေထုတ်ဖို့ဆိုရင် သက်ဆိုင်ရာ တိုင်းကောင်စီတွေ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်မှ ရမယ့်သဘောပေါ့။
ဖြေ။ အဲဒီပြည်နယ်တိုင်းထဲမှာ တကယ်လုပ်မယ်မလုပ်ဘူးဆိုတာကို အဲဒီသက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က သိပြီးတော့ သေချာတယ်ဆိုရင် ရမှာပဲ။
ဘီဘီစီ။ ဒါဆိုရင် အောက်ဆီဂျင်စက်ကို လှူမယ့်သူက လက်ရှိအုပ်ချုပ်ရေးပိုင်းနဲ့ နိုင်ငံရေးအခြေအနေအရ အဆင်မပြေတဲ့ တဖက်အဖွဲ့အစည်းက ဖြစ်နေတယ်ဆိုရင်ကော ငွေထုတ်နိုင်ဖို့အတွက်ကို လက်ရှိအုပ်ချုပ်သူတွေဘက်က ဆောင်ရွက်ပေးဖို့ ရှိပါလား။
ဖြေ။ သူတို့ လှူမှာ သေချာပေါက်လှူမယ်။ အောက်ဆီဂျင်လှူမှာ ဘယ်တော့လှူမှာလဲ။ အထောက်အထားတွေတော့ လိုလာမှာပေ့ါ။ အဲဒီတော့ စစ်ဆေးရတော့မှာပေါ့နော်။ အခုလည်း လှူတော့ လှူနေကြတာပဲ။ တကယ်လှူမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်၊ လှူဒါန်းမှုသာ မှန်ကန်တယ်ဆိုတဲ့ အထောက်အထားရှိရင် အဲဒီငွေကို ထုတ်ခွင့်ပေးမယ်။ ထုတ်မပေးပဲ ပြဿနာပေါ်လာတယ်ဆိုရင် ဗဟိုဘဏ်ကို လာတင်ပြ။