ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုက္ခပင်လယ် ကပ်သုံးသွယ်နဲ့ မြန်မာနိုင်ငံ
- ရေးသားသူ, ကိုသိမ်းမြတ်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
မြန်မာ့လူမှုကွန်ရက်စာမျက်နှာဟာ အခုအခါမှာ နာရေးကြော်ငြာလို ဖြစ်နေပါတယ်။ ကိုယ်နဲ့ခင်မင်တဲ့မိတ်ဆွေ တယောက်မှ မသေဆုံးဖူးသေးတဲ့သူ၊ ကိုယ်ဆွေမျိုးထဲက တယောက်မှ မသေဆုံးဖူးသေးတဲ့သူဆိုတာ တော်တော်ရှားသွားပါပြီ။
ကမ္ဘာပေါ်မှာ ကိုဗစ်ကပ်ရောဂါဆိုးဟာ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး နိုင်ငံတွေမှာ လူပေါင်း သန်းဆယ်ဂဏန်းနဲ့ချီပြီး ကူးစက်ခံခဲ့ကြရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ကတော့ ကာကွယ်ဆေးပေါ်ပေါက်ပြီးကာမှ လူအမြောက်အမြား ကူးစက်သေဆုံးခဲ့ကြရတဲ့အချက်ဖြစ်ပါတယ်။
ရပ်ကွက်တိုင်းမှာနာရေးရှိတယ်
“ရန်ကုန်မြို့ပေါ်ဆိုရင် လမ်းတိုင်းမှာနာရေးရှိပြီး အိမ်တိုင်းမှာ ကိုဗစ်လူနာရှိနေတယ်။”လို့ ရန်ကုန်သားတယောက်က ဆိုပါတယ်။
ဒါပေမဲ့ တခြားရန်ကုန်သားတယောက်ကတော့ “ရန်ကုန်မြို့ပေါ်မှာ ကိုဗစ်မကူးစက်သေးတဲ့အိမ် ရှိဦးမှာပါ။ နာရေးမရှိတဲ့လမ်းလည်း တချို့နေ့တွေတချို့နေရာတွေမှာ ရှိမှာပါ။ ဒါပေမဲ့ တော်တော်ရှားနေပြီလို့ပြောချင်ပါတယ်။
ကိုဗစ်မကူးသေးတဲ့အိမ်ရှိချင်ရှိမှာဖြစ်ပေမဲ့ ကိုဗစ်ကူးစက်ခံရသူလူနာဟာ ပျမ်းမျှ တအိမ်တယောက်နှုန်းထက်တော့ ပိုများနေပြီ” လို့ ဆိုပါတယ်။ “ဘာ့ကြောင့်လဲဆိုတော့ အိမ်အများအပြားမှာ တယောက်ထက်ပိုပြီး ကိုဗစ်ရောဂါ ကူးစက်တာခံခဲ့ကြရတဲ့အတွက်”လို့ဆိုပါတယ်။
ကလေးမြို့မှာ ဇွန်လနှောင်းပိုင်းကာလက ကိုဗစ်အတည်ပြုရောဂါသည် တနေ့ကို လူ ၂၀ လောက်သင်္ဂြိုဟ်ခဲ့ကြရပါတယ်။ ဆေးမစစ်လိုက်နိုင်ပေမဲ့ ကိုဗစ်ကြောင့် သေဆုံးတယ်လို့ ယူဆရသူတွေလည်း တော်တော်များများရှိခဲ့ပါတယ်။ တအိမ်တည်းမှာ နာရေးကြော်ငြာဆိုင်းဘုတ် ၂ ခုထောင်ထားတာမျိုးကို မြင်တွေ့ခဲ့ကြရတော့ မြန်မာနိုင်ငံ အနှံ့အပြားကပြည်သူတွေဟာ အံ့သြဝမ်းနည်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကလေးမြို့အတွက် ပြည်သူတွေရဲ့ အံ့သြဝမ်းနည်းမှုဟာ သိပ်မကြာလိုက်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အလားတူ ဝမ်းနည်းစရာ အဖြစ်အပျက်မျိုးတွေဟာ ကိုယ့်ရပ်ကွက်ထဲ ကိုယ့်လမ်းထဲကို နေ့ရက်များစွာသိပ်မကြာခင်မှာ ရောက်ရှိလာတဲ့အတွက် ဖြစ်ပါတယ်။
အောက်ဆီဂျင်ဇာတ်လမ်းများ
လူငယ်တယောက်ဟာ အောက်ဆီဂျင်ရဖို့အတွက် လမ်းပေါ်မှာ နာရီတော်တော်ကြာအောင် တန်းစီနေပါတယ်။ အချိန်တော်တော်ကြာအောင် တန်းစီရတော့ တန်းစီနေတဲ့သူအချင်းချင်းတောင် စကားစမြည်ပြောဆိုရင်း မိတ်ဆွေဖြစ်နေပါပြီ။ အဲဒီလူငယ်ဟာ သူ့အလှည့်ရောက်ဖို့ တယောက်သာလိုတော့တဲ့အချိန်မှာ ဆက်တန်းမစီတော့ဘဲ လတ်တလော မိတ်ဆွေဖြစ်ထားတဲ့သူတွေကို နှုတ်ဆက်လှည့်ပြန်သွားပါတယ်။ ဘာ့ကြောင့်လဲလို့ဝိုင်းမေးကြတော့ သူ့အိမ်က ကိုဗစ်ရောဂါသည်မိခင်ဟာ သေဆုံးသွားပြီဖြစ်တဲ့အတွက် အောက်ဆီဂျင်မလိုအပ်တော့လို့ပါတဲ့။
ဒီလူငယ်နဲ့ အလားတူဖြစ်ရပ်တော်တော်များများကို ရန်ကုန်မြို့ပေါ်မှာကြုံနေရကြားနေရပါတယ်။
မိုးသဲကြီးမဲကြီးရွာသွန်းနေချိန် ခိုက်ခိုက်တုန်ချမ်းနေတဲ့သူတွေဟာ အောက်ဆီဂျင်တန်းစီနေရာက မခွာနိုင်ဘဲ ဆက်လက်တန်းစီနေတာကို လူမှုကွန်ရက် စာမျက်နှာမှာ မြင်တွေ့ကြရပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့က ကလေးမြို့မှာ အောက်ဆီဂျင် လိုသူတွေဟာ မနက် ၃ နာရီထိုးအချိန်မှာ ထပြီးတန်းစီနေကြတာကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။
မိဘအတွက် ကလေးသူငယ်တွေက အောက်ဆီဂျင် ကိုယ်စားတန်းစီနေကြတာကိုလည်း မကြာခဏမြင်တွေ့ရပါတယ်။ ကိုယ့်မိကိုယ့်ဖ ကိုယ့်ညီအစ်ကိုကိုယ့်မောင်နှမရဲ့ အသက်ကိုကယ်ဆယ်နိုင်ရေးဆိုတဲ့ မျှော်လင့်ချက်ကြောင့် လူတွေဟာ နေပူပူ၊ မိုးရွာရွာ ဒုက္ခအမျိုးမျိုးကို ခါးစည်းခံပြီး ရင်ဆိုင်နေကြပါတယ်။
လေဝဝရှူနိုင်ဖို့အတွက် လူတွေဟာ အောက်ဆီဂျင်ကို အလုအယက်တန်းစီနေကြရပါတယ်။ မရှိဆင်းရဲသားတချို့ဟာ အောက်ဆီဂျင်ဝင်ရောက်တန်းစီပြီး တန်းစီထားတဲ့နေရာကို သောင်းဂဏန်းသိန်းဂဏန်းနဲ့ ပြန်လည်ရောင်းချတာမျိုးရှိနေတယ်လို့ ကိုယ်တိုင်နေရာဝယ်ပြီး အောက်ဆီဂျင်ဖြည့်ခဲ့ရသူတဦးက ဘီဘီစီကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ အသက်ရှူဖို့ အောက်ဆီဂျင်ကို ရုပ်ရှင်လက်မှတ်မှောင်ခိုဝယ်သလို ဝယ်ယူကြရလိမ့်မယ်လို့ တစုံတယောက်သောသူက လွန်ခဲ့တဲ့ ၁ နှစ်လောက်က ကြိုပြောခဲ့မယ်ဆိုရင် အဲဒီလူကို အရူးလို့ ဆိုကြပါလိမ့်မယ်။ အခုတော့ မဖြစ်နိုင်လောက်ဘူးလို့ထင်ထားတဲ့အရာတွေ ဖြစ်လာနေကြပါပြီ။
၄၀ လီတာ အောက်ဆီဂျင်အိုးတအိုးရဲ့ ဒီနေ့ကာလ ရန်ကုန်ပေါက်စျေးဟာ ၁၀ သိန်းဝန်းကျင်ရှိပါတယ်။ တချို့နေရာတွေမှာ ၁၂ သိန်း ၁၃ သိန်းစျေးခေါ်သူတွေရှိသလို တချို့နေရာတွေမှာ ၈ သိန်း ၉ သိန်းနဲ့ ရလိုက်သူတွေလည်း ရှိပါတယ်။ စျေးပေါပေါနဲ့ အခမဲ့ရနိုင်တဲ့အရာလို့ ထင်ခဲ့ကြတဲ့ အောက်ဆီဂျင်ဟာ အခုတော့ စျေးအကြီးဆုံးနဲ့ အဖိုးတန်ဆုံးပစ္စည်းဖြစ်နေပါပြီ။
မန္တလေးမှာနေထိုင်သူတယောက်ကတော့ သူ့ရဲ့အောက်ဆီဂျင်ဇာတ်လမ်းကိုပြောပြပါတယ်။
“ညဘက်မှာ အောက်ဆီဂျင်ပြတ်သွားတော့ လိုက်ရှာရပါတယ်။ ပရဟိတအဖွဲ့တဖွဲ့နဲ့ချိတ်မိတော့ အခုချက်ချင်းလာယူရင် ရမယ်ဆိုလို့ မိုးတွေသည်းနေတဲ့အချိန်ကြီးမှာ အောက်ဆီဂျင်သွားဖြည့်ပါတယ်။ ညဘက် ကာဖျူးထုတ်ထားတဲ့အချိန်ကြီးဆိုတော့ စစ်တပ်နဲ့မတွေ့အောင် လမ်းကြိုလမ်းကြားကရှောင်မောင်းရတယ်ဗျ။ ဒါပေမဲ့ ရှောင်မရတော့လို့ သိပ္ပံလမ်းပေါ် ကားခဏတက်လိုက်မိတဲ့အချိန်မှာ လှည့်ကင်းနဲ့တိုးပါတယ်။ တော်တော်ကြာအောင် အစစ်ဆေးခံရပါတယ်။ အဲဒီမှာ အချိန်တော်တော်ကြာသွားတယ်ဗျာ။ ကျွန်တော်ပရဟိတအဖွဲ့ကို ရောက်တော့ မလာတော့ဘူးထင်လို့သူများကိုပေးလိုက်ပြီတဲ့။ ကျွန်တော်ထိုင်ငိုချင်လိုက်တာဗျာ။”
ပုလိပ်၊ မြစ်ငယ်၊ စစ်ကိုင်းမြို့ကလူတွေကလည်း မန္တလေးမြို့ပေါ်မှာ အောက်ဆီဂျင်လာပြီး တန်းစီကြပါတယ်။ မန္တလေးကလူတွေက အရေးပေါ်လိုအပ်လို့ မေမြို့တက်ပြီး အောက်ဆီဂျင်သွားယူကြရတာလည်း ရှိပါတယ်။
တခြားနယ်မြို့တွေမှာလည်း အောက်ဆီဂျင်အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြင်းအထန် ရုန်းကန်နေကြရပါတယ်။
အောက်ဆီဂျင် concentrator စက်တလုံးရဲ့ပေါက်စျေးဟာ ၁၈ သိန်း၊ သိန်း ၂၀ ဝန်းကျင်စျေးပေါက်နေပါတယ်။ ဒါတောင်မှ ချက်ချင်းဝယ်လို့ ချက်ချင်းမရပါဘူး။ တပတ်တန်သည် နှစ်ပတ်တန်သည်ကြိုမှာရပါတယ်။ ဒါ့အပြင် အောက်ဆီဂျင် concentrator ဝယ်ထားနိုင်ပေမဲ့လည်း အဆင်ပြေပြီလို့ မဆိုနိုင်သေးပါဘူး။ မီးပျက်မှာစိုးလို့ မီးစက်ထပ်ဝယ်ရသေးတယ်လို့ရန်ကုန်မြို့ခံတဦးက ဆိုပါတယ်။ ဒါမျိုးတွေကို ဝယ်နိုင်တယ်ဆိုတာကလည်း ငွေကြေးအဆင်ပြေသူတွေသာ ဆောင်ရွက်နိုင်တာပါ။
သာမန်ဆင်းရဲသားတွေအတွက်တော့ အောက်ဆီဂျင်တက်တယ်လို့ ပြောတဲ့ ဆေးမြီးတိုတွေကို စမ်းသပ်ရင်း အသက်ပေးသွားကြရသူတွေ မနည်းမနောရှိခဲ့ကြပါပြီ။
ဆေးကုသရေးအတွက်အခက်အခဲကြီးစွာကြုံတွေ့
ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဆေးရုံတက်ခွင့်ရရေးဟာ ရခဲလှစွာသော မဟာဒုလ္လဘ ဆုလာဘ်ကြီးသဖွယ်ဖြစ်နေပါတယ်။
“ဆေးရုံတက်ခွင့်ရဖို့အတွက် ဒေသန္တရထောက်ခံချက်လိုတယ်ဆိုလို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံရောက်တော့ တက်ခွင့်မရဘူးဗျ။ တိုင်းရုံးထောက်ခံချက်ပါမှ ရမယ်လို့ပြောတာနဲ့ လှည့်ပြန်ခဲ့ရတယ်။ တိုင်းရုံးက ဘယ်နားနေမှန်းလည်း မသိပါဘူးဗျာ။ ထောက်ခံချက်ပြည့်စုံတဲ့အချိန်မှာ လူနာကလည်း သေပြီးနေလောက်ပါပြီ။ အဲဒါနဲ့ အိမ်မှာပဲ ရရာဆေးနဲ့ကုရတော့တာပါပဲ။”
ရန်ကုန်မြို့မှာနေထိုင်သူတယောက်ကပြောပြတာပါ။
ကိုဗစ်ရောဂါအတွက် လူသုံးများတဲ့ဆေးဝါးတွေဟာလည်း ရှာဖွေမရလောက်အောင် ရုတ်တရက်ရှားပါးသွားပြီး စျေးနှုန်းကလည်း အဆများစွာခုန်တက်သွားကြပါတယ်။
မန္တလေးမှာလည်း ဆေးရုံတက်ခွင့်ရရေးဟာ အလွန်ခက်ခဲလှပါတယ်။ ဆေးရုံတက်ခွင့်ရဖို့မဆိုထားနဲ့ဦး၊ ဆရာဝန်တယောက်နဲ့ ဆေးကုသခွင့်ရဖို့တောင် အလွန်ခက်နေပါတယ်။ မတန်တဆ ခြေကြွခတွေကိုလည်း ကြားနေရပါတယ်။ ဒါပေမဲ့ ငွေပေးတိုင်းလည်း ဆရာဝန်ကိုရှာလို့ မရပါဘူး။ အရင်က သူနာပြုတယောက်ကို တနေ့ သောင်းဂဏန်းနဲ့ ခေါ်ယူငှားရမ်းလို့ရပေမဲ့ အခုအခါမှာ သိန်းဂဏန်းပေးတာတောင် လိုချင်တိုင်းမရပါဘူး။ ဆရာဝန်၊ သူနာပြုတွေကလည်း သူတို့အတွက် လူနာကိုပြုစုရတဲ့အလုပ်ဟာ အသက်နဲ့ရင်းရတဲ့ အလုပ်ဖြစ်နေပြီဆိုတာ ကောင်းကောင်းသိကြပါတယ်။
“အထူးကုဆေးရုံကြီးတခုမှာ deposit စပေါ်ငွေ သိန်း ၁၂၀ ပေးရင် တက်ခွင့်ရမယ်ဆိုလို့ ပေးမယ်ဆိုပြီးသွားပါတယ်။ ဟိုရောက်တော့မှ ခုတင်ပြည့်နေလို့ တက်ခွင့်မရတော့ဘူးတဲ့ဗျာ။”
ရန်ကုန်မြို့သားတဦးကပြောပြတာပါ။
“ကျွန်မကတော့ စပေါ်ငွေ သိန်း ၈၀ ပေးရမယ်ဆိုလို့ အထူးကုဆေးရုံကြီးတခုမှာပေးလိုက်ပါပြီ။ ဒါပေမဲ့အခုတက်ခွင့်မရသေးပါဘူး။ တန်းစီစာရင်း waiting list မှာ ပါခွင့်ရတဲ့အဆင့်ပဲရှိပါသေးတယ်။” လို့လည်း ရန်ကုန်သူတဦးကဆိုပါတယ်။
နေရေးခက်သလိုသေရေးမလွယ်တဲ့ မဟာရန်ကုန်
ရန်ကုန်မြို့ပေါ်မှာ ရှင်သန်ရေးအတွက် အသည်းအသန်လှုပ်ရှားရုန်းကန်ကြရသလို သေပြီဆိုတော့လည်း လွယ်လွယ်နဲ့ ပြီးမသွားပါဘူး။ သုသာန်မှာ သင်္ဂြိုဟ်ခွင့်ရဖို့အတွက်တန်းစီကြရပါတယ်။ သုသာန်မှာ အလောင်းတွေဟာ ပိုင်ရှင်အနားမှာ မရှိဘဲ စုပုံနေတာတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မြင်တွေ့ကြရပါတယ်။ သုသာန်ရှေ့မှာ နာရေးကားတွေတန်းစီနေကြတာကိုလည်း တွေ့ရပါတယ်။
အလောင်းကိုင်တဲ့ ပရဟိတသမားတွေ အတွက် သောင်းဂဏန်းပေးဖို့ လက်တွန့်ကြပေမဲ့ ခေါင်းတလုံးအတွက် ၃၊ ၄ သိန်းပေးနေကြတာကိုတွေ့နေရပါတယ်လို့ နာရေးကူညီမှုအသင်းတခုရဲ့ ပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။
“အခုတော့ ခေါင်းတောင်မထည့်နိုင်တော့ပါဘူး။ ကျွန်မအမေဆုံးတာ ခေါင်းမပါဘဲ သင်္ဂြိုဟ်လိုက်ရတာပါ။ အခုဟာက သင်္ဂြိုဟ်ခွင့်ရရေးကို တော်တော်ကြိုးစားရတာပါ။” လို့ တောင်ဒဂုံမှာနေထိုင်သူတဦးကဆိုပါတယ်။
ရောဂန္တရကပ်ဆိုးကြီး
ဂျပန်ခေတ်က ကာလဝမ်းရောဂါကို ကပ်ရောဂါဆိုးကြီးလို့ သမိုင်းမှတ်တမ်းတင်ခဲ့ပါတယ်။ အခုမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးဟာလည်း ကပ်ရောဂါဆိုးကြီးတခုလို့ဆိုရင် အငြင်းပွားသူရှိမယ်မထင်ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ နိုင်ငံတကာကလည်း ကိုဗစ် ၁၉ ရောဂါကို ကူးစက်မြန်ကပ်ရောဂါဆိုးကြီးအဖြစ် တရာဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကပ်ကြီးသုံးပါးမှာ တပါးအပါအဝင်ဖြစ်တဲ့ ရောဂန္တရကပ်ဆိုးကြီးကို ရင်ဆိုင်ကြုံတွေ့နေရပါပြီ။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ
ကံအကြောင်းမလှတဲ့အဖြစ်အပျက်တွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ တခုပြီး တခုဆက်တိုက်ဖြစ်ပေါ်လာခဲ့တာပါ။
အာဏာသိမ်းပြီးနောက်မှာ တနိုင်ငံလုံးအနှံ့အပြား သံပုံးတီးတောထုတ်ခဲ့ကြပါတယ်။ ဆရာဝန်တွေက စတင်ပြီး CDM လို့ခေါ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးပြုလုပ်ခဲ့ကြပါတယ်။ ဆရာဝန်နဲ့သူနာပြုအများအပြားဟာ တာဝန်ကျဆေးရုံတွေမှာ အလုပ်မလုပ်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။ တနိုင်ငံလုံးက ဝန်ထမ်းအများအပြားလည်း သပိတ်မှောက်ခဲ့ကြပါတယ်။
မြို့ကြီးအများအပြားမှာ သိန်းသန်းချီတဲ့လူထုတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။
လက်နက်မဲ့အရပ်သားသေဆုံးမှုများ
ဆန္ဒပြသူလူအများအပြားဟာ ဦးခေါင်းကို သေနတ်နဲ့ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်တာခံခဲ့ကြရပါတယ်။ တချို့ဟာအိမ်ထဲဝင်ရောက်သတ်ဖြတ်တာခံခဲ့ကြရပါတယ်။ တချို့ကိုဖမ်းဆီးသွားပြီး နောက်နေ့မှာ အလောင်းလာယူဖို့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။
AAPP နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီလက်ချက်ကြောင့်သေဆုံးသူ အရေအတွက်ဟာ ဇူလိုင်လ ၂၇ ရက်အထိ ၉၃၄ ယောက်ရှိပြီလို့ ဆိုပါတယ်။ စစ်ကောင်စီအစိုးရကတော့ AAPP ရဲ့သေဆုံးစာရင်းကို မကြာခဏပယ်ချလေ့ရှိပါတယ်။
လတ်တလောပစ်ခတ်သတ်ဖြတ်မှု
ဇူလိုင်လ ၂၇ ရက်နေ့က မြတောင်သပိတ်စစ်ကြောင်း မန္တလေးမြို့ မဟာမြတ်မုနိဘုရားအရှေ့ဘက်မုခ် အနီးမှာရှိစဉ် အရပ်ဝတ်လူတချို့ထွက်ပေါ်လာပြီး ဆန္ဒပြသူလူငယ်တွေကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် မသူသူဇင်ဟာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီး နေရာမှာပဲ သေဆုံးသွားခဲ့ပြီလို့ ယူဆပြောဆိုနေကြပြီး မိသားစုက သူ့အခြေအနေကို မသိရသေးပါဘူး။ အသက် ၂၀ ကျော်လူငယ်တဦးဖြစ်တဲ့ ကိုတိုးတိုးကျော်ဟာ လည်ပင်းကို ကျည်ဆန်ထိမှန်ခံခဲ့ရပါတယ်။
အရပ်သားလက်နက်ကိုင်တော်လှန်ရေး
စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ၊ ချင်းပြည်နယ်ထဲက မြို့ရွာတွေနဲ့ ကယားပြည်နယ်ထဲက မြို့ရွာတွေမှာ သာမန်အရပ်သားတွေက လက်နက်ကိုင်တော်လှန်ကြတဲ့အဖြစ်အပျက်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဗြိတိသျှ အစိုးရလက်ထက်က ပေါ်ပေါက်ခဲ့တဲ့ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံရဲ့ နောက်ပိုင်းမှာ သာမန်အရပ်သားတွေက လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားတာဟာ ဒီတကြိမ်ပထမဆုံးဖြစ်ပါတယ်။ အဲသလို တိုက်ပွဲတွေမှာ အရပ်သားတွေရော စစ်သားတွေပါ သေကြေမှုအများအပြားရှိခဲ့ပြီးပါပြီ။
ဇူလိုင်လ ၂၆ ရက်နေ့က ယင်းမာပင်မြို့နယ်အနီးက ဆီးပင်တွင်းကျေးရွာမှာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင်ဟောင်း တဦးနဲ့ အခြားသူတချို့ သေဆုံးခဲ့ပါတယ်။ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင်လ ၂၆ ရက်တိုက်ပွဲမှာ မုံရွာပြည်သူကာကွယ်ရေးအဖွဲ့ MPDF ဘက်က ၅ ယောက် ကျဆုံးပြီး ၂ ယောက်ဒဏ်ရာရကြောင်း ၂ ယောက်ပျောက်ဆုံးနေကြောင်း ကြေညာခဲ့ပါတယ်။
ချောင်းဆုံဘက်မှာတော့ ဇူလိုင်လ ၂၅ ရက်နေ့က စစ်ကောင်စီစစ်သား ၈၀ ကျော်ဝင်ရောက်လာခဲ့ရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၄၀ ကျော်ကျဆုံးသွားခဲ့တယ်လို့ ဒေသခံပီဒီအက်ဖ်တဦးကဆိုပါတယ်။
ဒီကျဆုံးစာရင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အတည်ပြုချက်မရပါဘူး။
မင်းကင်း၊ ကနီ၊ ယင်းမာပင်မြို့နယ်တွေ အတွင်းမှာ စစ်ကောင်စီက လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ဇူလိုင်လ ၂၇ ရက်နေ့က ပြောပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ကလည်း မင်းကင်းနဲ့ ကနီမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ချင်းတွင်းမြစ်ထဲမှာ ရေယာဥ်တွေနဲ့ စုန်ဆန်သွားလာပြီး ကျပန်းပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာလည်း စစ်တပ်က ယင်းရွာ၊ ကုန်းသာရွာတွေ အနီးမှာ ပုန်းအောင်းနေတဲ့ စစ်ရှောင်အရပ်သားတွေကို လိုက်လံပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၆ ယောက်သေဆုံးခဲ့ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့က အရှေ့စည်းနဲ့ ဒိုးနွယ်ရွာတွေမှာ ဇူလိုင်လ ၁၅ ရက် ၁၆ ရက် ၁၇ ရက်တွေအတွင်း ဒေသခံပြောက်ကျား ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီစစ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီစစ်သား ၂၅ ယောက် ကျဆုံးပြီး ပီဒီအက်ဖ် ၄ ဦး သာမန်ရွာသား ၃ ဦးလည်းသေဆုံးခဲ့ပါတယ်။
ကယားပြည်နယ်မှာတော့ ဖရူဆိုနဲ့ ဘော်လခဲမြို့အကြား နန်းဖဲနဲ့ ကလိလျားကျေးရွာတွေမှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှာ နာရီဝက်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အနီးအနားရွာပေါင်း ၁၁ ရွာက စုစုပေါင်း ရွာသား ၂၆၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်နီအမျိုးသမီး ဆူးမြာက ဘီဘီစီကို ပြောပါတယ်။
မိုးကြီးရေလျှံမှုများ
ကရင်ပြည်နယ်ထဲ မိုးဆက်တိုက်ရွာသွန်းတာနဲ့ သောင်ရင်းမြစ်ရေ တက်လာတွေကြောင့် မြဝတီမြို့တွင်းမှာ ဇူလိုင်လ ၂၆ ရက်ညပိုင်းကစပြီး လူနေရပ်ကွက်တွေထဲ ရေကြီးခဲ့ပါတယ်။ တစ်မြို့လုံးနီးပါး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ပါတယ်။ အနိမ့်ပိုင်းရပ်ကွက်တော်တော်များများရေမြုပ်သွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာလည်း အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် မြို့နယ်တချို့မှာ ရေကြီးလို့ အခက်တွေ့နေကြရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ရေအများအပြားနစ်မြုပ်နေတဲ့မြို့နယ်တွေကတော့ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသက သံတွဲမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တို့ဖြစ်ကြပြီး သံတွဲမြို့ပေါ်မှာတော့ နေရာပြောင်းရွှေ့ ထားရတဲ့မိသားစုတွေလည်းရှိနေတယ်လို့ သံတွဲမြို့ခံ ဦးသောင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု အင်းနီတွင်းရွာမှာ ဇူလိုင်လ ၂၅ ရက် နေ့လယ် ၂ နာရီခန့်က မြေပြိုခဲ့ပြီး လူသုံးဦးဒဏ်ရာရကာ နေအိမ် ၆ လုံးမြေလွှမ်းခံရကြောင်း ကျေးရွာသာတွေနဲ့ ကာယကံရှင်တွေကို ကိုးကားပြီး Dawei Watch ကရေးပါတယ်။
ကပ်ကြီးသုံးပါးဆုံစည်းကြတော့မှာလား
မြန်မာနိုင်ငံမှာ အလွန်ဆိုးဝါးတဲ့ ရောဂန္တရကပ်ဘေးကြီး ကျရောက်နေချိန်မှာပဲ စစ်ကောင်စီက ဆန္ဒပြပွဲတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းမှု၊ စစ်ကောင်စီနဲ့ အရပ်သားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေ၊ မြို့ကြီးတွေပေါ်မှာ အရင်က တခါမှ မပေါ်ပေါက်ခဲ့ဖူးတဲ့ မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေကြောင့် သတ္တန္တရကပ်ဘေးကြီးလည်း ကျရောက်နေသလိုဖြစ်နေပါပြီ။
စစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပျက်ပြားကြရသလို စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ အချိန်မီမလုပ်ဆောင်နိုင်ကြဘဲ ဖြစ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့်လည်း မြို့ပေါ်က အလုပ်အကိုင်တွေ တော်တော်များများ ရပ်နားထားကြရပါတယ်။ ဒီလိုအခြေအနေဟာ ဒုဗ္ဘိက္ခန္တာရကပ်ဆိုတဲ့ အငတ်ဘေးဆီဆက်လက်ဦးတည်ဖို့ လမ်းပြခေါ်ဆောင်နေပါပြီလား။
ကမ္ဘာ့ဘဏ်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေရယ်၊ စစ်အာဏာသိမ်းမှုဖြစ်ရပ်ရယ်ကြောင့် ပြည်တွင်းက အလုပ်အကိုင် ၁ သန်းနီးပါး ဆုံးရှုံးပြီး ဆင်းရဲမွဲတေမှုနှုန်းဟာလည်း ၂၀၁၉ ခုနှစ်ကထက်စာရင် ၂ ဆ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ စစ်အာဏာသိမ်းမှုနဲ့ ကပ်ဘေးဂယက်တွေကြောင့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းကျုံ့သွားနိုင်တာကြောင့်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင်လ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာက ဆိုပါတယ်။
ကုန်သွယ်မှုကမောက်ကမဖြစ်တာကြောင့် ဇန်နဝါရီလကကနေ ဇူလိုင်လလယ်အထိဆိုရင် မြန်မာကျပ်ငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာငွေကြေးထက် တန်ဖိုး ၂၃ ရာခိုင်နှုန်းကျသွားခဲ့တဲ့အပြင် အဲဒီနောက်ဆက်တွဲအနေနဲ့ ပြည်ပကနေ တင်သွင်းရတဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှုတွေရှိနေတာကိုလည်း အစီရင်ခံစာထဲ မီးမောင်းထိုးပြပါတယ်။ ဘဏ်စနစ် ကသောင်းကနင်းဖြစ်နေကြတာကိုလည်း အများပြည်သူသိရှိထားပြီးဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ရောဂန္တရကပ်ဆိုးကြီးနဲ့ သတ္တန္တရကပ်ဆိုးကြီးက ချင်းနင်းဝင်ရောက်မွှေနှောက်နေပါပြီ။ နောက်ထပ် ကပ်ဆိုးကြီးတခုဖြစ်တဲ့ အငတ်ဘေးကပ်ဆိုး ဒုဗ္ဘိက္ခန္တရကပ်ဆိုးကြီးကလည်း သူ့အဖော်အပေါင်းတွေနဲ့အတူ လိုက်ပါလာဖို့ ခြေလှမ်းပြင်နေပါတယ်။
ကပ်ကြီးသုံးပါးနဲ့ ရန်သူမျိုးငါးပါးရန်ကကင်းဝေးကြဖို့ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များက ဘုရားရှိခိုးတိုင်း ဆုတောင်း တတ်ကြပေမဲ့ အခုအခါ အဲဒီဆုတောင်းတွေပြည့်နိုင်ပါ့မလားဆိုတာ သံသယဝင်စရာ အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့နေရပါပြီ။