တစ်နှစ် အဆက်အသွယ်ပြတ်နေတဲ့ တောင်နဲ့ မြောက်ကိုရီးယား အရေးပေါ်ဆက်သွယ်ရေးလိုင်းပြန်ဖွင့်

ရေးသားခဲ့သည်။

မြောက်နဲ့တောင် ကိုရီးယားနှစ်နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေး တယ်လီဖုန်းလမ်းကြောင်းကို မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ဖြတ်တောက်ထားတာကို ပြန်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီလကစပြီးတော့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေအကြား စာအပြန်အလှန် ရေးသားမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်ရေးထားပါတယ်။

နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပြီးနောက်ပိုင်း ဆက်ဆံရေးတွေ အေးစက်စက်ဖြစ်ခဲ့လို့ ၂၀၂၀ခုနှစ် ဇွန်လကစပြီး အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းကို မြောက်ကိုရီးယားဘက်က ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ နှစ်နိုင်ငံ ဆက်သွယ်ရေးအတွက် တည်ဆောက်ထားတဲ့ နယ်စပ်က ဆက်သွယ်ရေးရုံးကို မြောက်ကိုရီးယား ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။

"နှစ်နိုင်ငံခေါင်းဆောင်တွေအကြား သဘောတူညီချက်အရ မြောက်နဲ့တောင် နှစ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို ဇူလိုင် ၂၇ ဒေသစံတော်ချိန် ၁၀ နာရီကစပြီး ပြန်ဖွင့်လှစ်လိုက်ပြီ" လို့ မြောက်ကိုရီးယားအစိုးရရဲ့ KCNA သတင်း အေဂျင်စီက ထုတ်ပြန်ပါတယ်။

ပြီးတော့ အပြန်အလှန်ယုံကြည်မှုတွေနဲ့ ပြည်လည်သင့်မြတ်ရေးအတွက်လည်း တိုးတက်လာအောင်လုပ်ဖို့ ထိပ်သီးခေါင်းဆောင်တွေကြား သဘောတူခဲ့ကြတယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ကိုယ်စားလှယ်တွေကြား ဖုန်းနဲ့ သုံးမိနစ်ကြာ စကားပြော ဆွေးနွေးခဲ့ကြတယ်ဆိုတာကို တောင်ကိုရီးယားနိုင်ငံရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အတည် ပြုပါတယ်။

နောက်တစ်ကြိမ် ဖုန်းနဲ့ စကားပြောဖို့ကို အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ချိန်းဆိုထားပြီး နောက်ပိုင်းမှာလည်း နေ့တိုင်း ဆက်သွယ်စကားပြောသွားဖို့ရှိတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

"တစ်နှစ်ကျော်ကြာ ပြတ်တောက်ပြီးမှာ အဆက်အသွယ်တွေပြန်ရပြီး စကားပြောခွင့်ရတာ ကျွန်တော်တို့ ဝမ်းသာတယ်။ ဒါက ကိုးရီးယားပြည်သူတွေအာလုံးအတွက် သတင်းကောင်းပါ" လို့လည်း တောင်ကိုရီးယားဘက်က ကိုယ်စားလှယ် တစ်ယောက်က ပြောပါတယ်။

တောင်မြောက် ဆက်ဆံရေးဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေ အင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်အွန်းတို့ သုံးကြိမ်တွေ့ဆုံခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ တိုးတက်လာခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲအနေနဲ့ တောင်နဲ့ မြောက်နှစ်နိုင်ငံ ဆက်ဆံရေး တွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်က တောင်ဘက်ကိုထွက်ပြေးသွားတဲ့ အုပ်စုတွေက နယ်စပ်တစ်လျှောက်မှာ ဝါဒဖြန့်ချိမှုတွေ လုပ်လာတာကြောင့် နောက်ပိုင်းမှာလည်း ဆက်ဆံရေးတွေက ပိုဆိုးလာခဲ့ပါတယ်။

ဒါတွေက နောက်ဆုံးမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေအပါအဝင် နိုင်ငံရေး ဆက်ဆံမှုတွေနဲ့ စစ်ရေးဆက်ဆံမှုတွေ အားလုံးကို မြောက်ကိုရီးယားဘက်က ဖြတ်တောက်စေဖို့ ဖြစ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်း ဒုံးကျည်အစီအစဥ်တွေ စနစ်တကျ ဖျက်သိမ်းဖို့ အရေး ဆွေးနွေးညှိနှိုင်းဖို့နဲ့ အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့ကိုလည်း တောင်ကိုရီးယားသမ္မတက တောင်းဆိုခဲ့ပါတယ်။

၁၉၅၀ ကနေ ၁၉၅၃ အထိ ဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီး အဆုံးသတ်ခဲ့တာ မဟုတ်ဘဲ အပစ်ရပ်ရေး သဘောတူညီချက်သာ ရယူထားတဲ့အတွက် တကယ်တမ်းဆိုရင် တောင်နဲ့မြောက်ကိုရီးယား ၂နိုင်ငံဟာ စစ်ဖြစ်နေဆဲနိုင်ငံတွေလို့ ပြောနိုင်ပါတယ်။