ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ခြံထဲဝင်ရှာစဥ် ဝရမ်းမပါခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်ထွက်ဆို
အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြနန်းဘုံသာလမ်းခြံကို ဝင်ရှာချိန်မှာ ရှာဖွေဝရမ်းရော ရှာဖွေပုံစံ ပါ မပါခဲ့တဲ့အကြောင်း ဝင်ရောက်ရှာဖွေတဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး လင်းထွဋ်ဦး က ဇူလိုင် ၁၂ ရက် ရုံးချိန်းမှာ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ တရားမဝင် စကားပြောစက် ၁၀ လုံး နဲ့ Jammer တစ်စုံ တွေ့တယ်ဆိုပြီး တရားစွဲဆိုထားတဲ့အမှုနှစ်မှု အတွက် အဲ့ဒီ့နေ့က ဝင်ရှာတဲ့ ဗိုလ်မှူးလင်းထွဋ်ဦး အပါအဝင် တပ်မတော်သား ၃ ဦး ဇဗ္ဗူသီရိ သီးသန့်တရားရုံးမှာ သက်သေလာထွက်တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က မြနန်းဘုံသာလမ်းက ခြံအမှတ် (A-၃၃) မှာ စကားပြောစက် (၁၀) လုံးနဲ့ Jammer (၁)စုံ တွေ့ခဲ့တဲ့အကြောင်းကိုပဲ အဓိကထွက်ဆိုခဲ့တာပါ။
'စစ်မေးတဲ့အခါ ဒီစကားပြောစက်တွေ ရရှိခဲ့တဲ့ နေရာအားလုံးမှာ တာဝန်ကျဝန်ထမ်းတစ်ယောက်မှ ရှိမနေတာ ပေါ်ပေါက်ခဲ့ပါတယ်' လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေက ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ သမ္မတ ပြီးရင်အကြီးဆုံးရာထူးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ နေအိမ်မှာ ဖေဖော်ဝါရီ ၁ ရက် လို ရက်မျိုးမှာ လုံခြုံရေးတွေ တစ်ယောက်မှမရှိဘဲ စကားပြောစက်တွေပဲ ကျန်ခဲ့တဲ့ အကြောင်း ထွက်ဆိုချက်အရ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ရဲ့ ရုံးရှေ့ မေးမြန်းချက်တွေအရ တရားမဝင်ဘူးဆိုပြီး ပုဒ်မ နှစ်ခု အတပ်ခံထားရတဲ့ စကားပြောစက်အမှုဟာ ရုပ်လုံးပေါ်လာပါတယ်။
ဖေဖော်ဝါရီ ၁ ရက် မနက် ၄ နာရီကျော်မှာ ဗိုလ်မှူး လင်းထွဋ်ဦး နဲ့အဖွဲ့ဟာ ခြံအမှတ် (A-၃၃) ကို ရောက်လာခဲ့ကြပါတယ်။ ဗိုလ်မှူး လင်းထွဋ်ဦးဟာ ဒီအိမ်ကို တစ်ခါမှ မရောက်ဖူးဘူးလို့ ထွက်ဆိုပြီး လူအင်အားကိုတော့ ထုတ်မပြောခဲ့ကြောင်းလည်း ဇူလိုင် ၁၂ ရက် တရားခွင်အပြီးမှာ ဘီဘီစီက စုံစမ်းသိရပါတယ်။
လုံခြုံရေးဂိတ်ကင်းက Icom စကားပြောစက် (၃)လုံး တွေ့ပါတယ်။ ကိုယ်ရေးအရာရှိအဆောင်က Icom စကားပြောစက်(၁)လုံးနဲ့ Jammar တစ်စုံတွေ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အိမ်နဲ့ လမ်းတစ်ဖက်ခြားတဲ့ အနီးကပ်လုံခြုံရေးအဆောင် ၃ ဆောင်ကိုတော့ ဗိုလ်ကြီးနိုင်လင်းထွန်းက ဝင်ရောက်တဲ့အခါ Icom စကားပြောစက်(၆)လုံး တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
မနက် ၆ နာရီ ကျော်မှာတော့ ရှာဖွေတွေ့ရှိတဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို တပ်က နေ ရဲလက်ကို သွားအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆက်သွယ်ရေးပစ္စည်းတွေကို ရှာဖွေတွေ့ရှိတဲ့အကြောင်း ဗိုလ်မှူး လင်းထွဋ်ဦး နဲ့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ပြသ ပြောပြခဲ့ခြင်းမရှိဘဲ ရဲလက်ကိုအပ်ခဲ့တာ ဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စတွေကို မနက် ၉ နာရီ ကျော်မှ သိရတာလို့ ရှေ့နေကပြောပါတယ်။
'ဒီဆက်သွယ်ရေးပစ္စည်းတွေကို ဘာကြောင့်လာရှာရတာလဲ လို့ မေးတဲ့အခါ ဗိုလ်မှူးက မသိဘူး လို့ ထွက်ဆိုပါတယ်။' လို့ ရှေ့နေကပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ဒုရဲမှူးကြီး သန်းအေး တစ်ယောက်သာ စစ်ဖို့ကျန်တော့ပြီး သူ့ကိုစစ်ပြီးရင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးမှာဖြစ်ပါတယ်။
ဒီဆက်သွယ်ရေးပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဖေဖော်ဝါရီလဆန်းက စွဲဆိုခဲ့တာပါ။
ဒီဆက်သွယ်ရေးပစ္စည်းတွေကိုပဲ အကြောင်းပြုပြီး မတ်လ ၁ ရက်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ အမှုထပ်တပ်ပါတယ်။
ဆက်သွယ်ရေးအမှု နဲ့ပတ်သက်ပြီး ဇွန် ၂၈ ရက် ရုံးချိန်းမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ဆက်သွယ်ရေးဥပဒေပုဒ်မ နဲ့ တရားစွဲရန်အကြောင်း မပေါ်ပေါက်ဘူးဆိုတဲ့အကြောင်း တရားခွင်မှာ တရားလိုဘက်ကို မေးမြန်းခဲ့ပါတယ်။
အဲ့ဒီမေးမြန်းချက်ကို တရားလိုဘက်က ဥပဒေအရာရှိက ကန့်ကွက်ခဲ့ပြီးတရားသူကြီးကလည်း မမေးသင့်ဘူးလို့ အမိန့်ချပါတယ်။
ဒီကြားဖြတ်အမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ဒက္ခိဏ ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်တဲ့ပေမယ့် ခရိုင်တရားရုံးကလည်း ပယ်ချပါတယ်။
ဒီဆက်သွယ်ရေးပစ္စည်းတွေဟာ သူ့နေအိမ်ထဲကနေ သိမ်းဆည်းရမိတာမဟုတ်တဲ့အကြောင်း ရုံးတော်မှာ ရှေ့နေတွေလျှောက်လဲချက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြေပုံတစ်ခု ရေးဆွဲပေးခဲ့သေးတာပါ။
အဲ့ဒီမြေပုံထဲ ဂိတ်ကင်း၊ ကိုယ်ရေးအရာရှိအဆောင်တွေ နဲ့ သူ့အိမ် အကွာအဝေးကစလို့ အိမ်နီးချင်း ဝန်ကြီးနေအိမ်တွေကအစပါပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအမှုနဲ့ ပတ်သက်လို့ ဒီကနေ့ရုံးချိန်းမှာ မေးခွန်းတွေသိပ်မမေးတော့ဖို့ ရှေ့နေတွေကို မှာကြားတယ် လို့ သိရပါတယ်။
'အများကြီးမေးစရာမလိုတော့ဘူး။ အမှုက ပေါ်လွင်နေပြီ' လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောတဲ့အကြောင်း ရှေ့နေကပြောပါတယ်။
စစ်ကောင်စီဘက်က ဒီအမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးမရှိပါဘူး။